MDD

ဝဇီရာရုပ်ရှင်ရုံနှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ လှူဒါန်းပေးပို့ပေးပါရန် မေတ္တာရပ်ခံခြင်း

07/28/2025

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ် ၃၂၇ တွင် တည်ရှိသည့် ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂၃ ခုနှစ်ခန့်ကတည်ဆောက်ခဲ့သည့် ရှေးဟောင်းရုပ်ရှင်ရုံဖြစ်ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ဗိသုကာအသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံများ၊ ရုပ်လုံးကြွများဖြင့် တန်ဆာဆင်တည်ဆောက်ထားသဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းအတွက် ဂုဏ်ယူထိန်းသိမ်းထားရမည့် အဆောက်အအုံကြီးတစ်ခုဖြစ်ပါသည်။ ဝဇီရာရုပ်ရှင်ရုံကြီးသည် ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များက ရုပ်ရှင်ဇာတ်ကားများ၊ ပြဇာတ်များအား ပြည်သူများအပန်းဖြေပျော်ရွှင်စေရန် တင်ဆက်ပြသခဲ့သည့် ရုပ်ရှင်ရုံကြီးဖြစ်သည့်အတွက် အနုပညာစိတ်ဝိညာဉ်များဆုံစည်းရာနေရာတစ်ခုလည်း ဖြစ်ပါသည်။

ယခုအခါ ဝဇီရာရုပ်ရှင်ရုံကြီးအား နိုင်ငံတော်အစိုးရက ဂုဏ်ပြုခံကဇာတ်ရုံကြီး(Red Carpet Theatre)အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး အဆင့်မြှင့်တင်ဆောင်ရွက်ပြီးပါက ရုပ်ရှင်ရုံအဖြစ်သာမက ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အက၊ ဂီတပွဲ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးများ၊ သင်တန်းများ၊ စတူဒီယိုနှင့် အနုပညာဖန်တီးနိုင်သည့်နေရာများအဖြစ်ပါ အသုံးပြုနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဝဇီရာရုပ်ရှင်ရုံနှင့်ပတ်သက်သည့် အဆောက်အအုံဆိုင်ရာ အချက်အလက်များ၊ ပုံစံကားချပ်များ၊ ဖျော်ဖြေတင်ဆက်မှုနှင့် ကြည့်ရှုအားပေးမှုဆိုင်ရာ မှတ်တမ်းဓာတ်ပုံများအား မူရင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ဆက်သွယ်လှူဒါန်းပေးပါရန် မေတ္တာရပ်ခံအသိပေးအပ်ပါသည်။

ဆက်သွယ်ရမည့်ပုဂ္ဂိုလ်များ

- ဦးရဲလင်းမြင့်၊ ညွှန်ကြားရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀၉ ၇၉၈၃၇၄၇၀၉၊ ၀၁၇ ၅၃၆၀၃၀

- ဦးချမ်းသာကြည်စိုး၊ တွဲဖက်အတွင်းရေးမှူး(၂) မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ၀၉ ၇၆၅၂၆၂၆၇၉

28.07.2025
photo

ဒုတိယဝန်ကြီး ဦးမြင့်စိုး တပ်ကုန်းမြို့နယ် မန်ကျည်းပင်နှင့် ညောင်ပင်သာကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

07/28/2025

နေပြည်တော် ဇူလိုင် ၂၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ် မန်ကျည်းပင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာများသို့ သွားရောက်၍ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ အစီအစဉ်အရ ပြန်လည်ထူထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံချက်ပါလုပ်ငန်းများ စတင်အကောင်အထည်ဖော်နေမှုကို ကွင်းဆင်းကြည့်ရှုသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာနက မန်ကျည်းပင်ကျေးရွာအုပ်စု ဒေသခံတောင်သူများအား ဖွင့်လှစ်သင်ကြားပေးနေသည့် ရေကြီးနစ်မြုပ်မှုကြောင့် သဲ၊ နုန်း ဖုံးလွှမ်း သွားသည့်နေရာများမှ မြေနမူနာများ ဓာတ်ခွဲစစ်ဆေးတွေ့ရှိချက်အရ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်စေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ ပညာပေးသင်တန်းကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် မန်ကျည်းပင်ကျေးရွာ စာကြည့်တိုက် တည်ဆောက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တပ်ကုန်းမြို့နယ် မီးသတ်ဦးစီးဌာနက မန်ကျည်းပင်ကျေးရွာအုပ်စုမှ သင်တန်းသားများဖြင့် ဖွင့်လှစ်သင်ကြားနေသော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးသင်တန်းကို ကြည့်ရှုအားပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်တို့သည် ညောင်ပင်သာကျေးရွာသို့သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ တူးဖော်ပေးနေသည့် လေးလက်မစက်ရေတွင်း တူးဖော်ပေးနေမှုကိုလည်းကောင်း၊ ကုန်ထုတ်လမ်းတစ်မိုင်စတင်ဖောက်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသော မန်ကျည်းပင်ကျေးရွာအုပ်စု ကျေးရွာများမှ ကျောင်းသား ကျောင်းသူများ၊ ၎င်းတို့၏မိဘများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်သော လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များသို့လည်းကောင်း၊ အမျိုးသားရေး စိတ်ဓာတ်နှင့်လူမှုရေးစိတ်ဓာတ် အခြေခံပြည့်ဝသော သမဝါယမစီးပွားရေးပညာတတ်များ ပေါ်ထွန်းလာစေရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့လည်းကောင်း တက်ရောက်ပညာသင်ယူနိုင်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

28.07.2025
photo

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ယာဉ်များ၊ လိုင်စင်မဲ့ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင်ယာဉ်များ သိမ်းဆည်းရမိ

07/28/2025

နေပြည်တော် ဇူလိုင် ၂၇

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဇူလိုင် ၂၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာလေးလုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၀၄၄၁၈၀၅ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၇၉ ပီပါ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ကျပ် ၃၉၂၇၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းနောက် ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ ဝေါမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၈၄၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)၊ ဘုရားကြီးလမ်းဆုံအနီး၌ ဝေါမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၁၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Light Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)နှင့် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းငါးမျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၆၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) တို့ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ်(၁ ဒသမ ၂၀၃)တန်၊ အခြားသစ် (၁ ဒသမ ၈၄၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၅၉၀၀)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၉၃၁၅၉၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ဇူလိုင် ၂၇ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့ယာဉ် ငါးစီးနှင့်လိုင်စင်မဲ့ဆိုင်ကယ် အစီး ၃၀ သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင် ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇူလိုင် ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၇ မှု(ခန့်မှန်းတန်ဖိုးငွေ ၉၅၉၀၂၇၇၀၅ ကျပ်)ကို ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုး သက်ရောက်ခြင်းများကြောင့် ၎င်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

28.07.2025
MDD

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၁၃၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

07/28/2025

နေပြည်တော် ဇူလိုင် ၂၇

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

ပြည်ပမှ စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၈ ရက် မှ ဩဂုတ် ၃ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၁၃၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရသည်။

ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့်စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်း သိရှိရသည်။

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရသည်။

သတင်းစဉ်

28.07.2025
photo

မန္တလေးမြို့၌ကျင်းပသည့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေး

07/28/2025

မန္တလေး ဇူလိုင် ၂၇

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေးပွဲတစ်ရပ်ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ Y - Mandalay Hotel ၌ ကျင်းပရာ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေး ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်များမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များမှ လူငယ်များ၊ မန္တလေးမြို့ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ပါ​မောက္ခချုပ်/ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား ကျောင်းသူများစုစုပေါင်း အင်အား ၄၀၀ ခန့် တက်ရောက်ကြသည်။

သီဆိုကပြဖျော်ဖြေ

ဦးစွာ မန္တလေးမြို့ အမှတ်(၁၄) အ​ခြေခံပညာအထက်တန်း​ကျောင်းမှ ကျောင်းသူလေးများက “မင်္ဂလာပါ” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လုပ်သည့် “ပြင်းထန်တဲ့ မြေငလျင်ဒဏ်ကို ကျော်ဖြတ်ကာ ပြန်လည်တည်ဆောက်ကြမယ့် ပိုမိုကောင်းမွန်တဲ့အနာဂတ်”နှင့် “ အနာဂတ်ကို ပိုင်စိုးသူလူငယ်များ” Video Clip နှစ်ခုကို ဖွင့်လှစ်ပြသသည်။

ဝိုင်းဝန်းဆောင်ရွက်

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေးရာတွင် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးအတွက် အခြေခံဖြစ်သော နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတွင် မန္တလေးမြို့အနေဖြင့် မူလအနေအထားအတိုင်း ပြန်လည်ရရှိနေပြီဖြစ်၍ နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ သဒ္ဓါတရားထက်သန်သည့် မြန်မာလူမျိုးများဖြစ်သည့်အတိုင်း အားနည်းသူကို ဝိုင်းကူသည့်ပုံစံဖြင့် စာနာဖေးမမှုများဖြင့် ရိုင်းပင်းကူညီဆောင်ရွက်ကြရန်၊ အနာဂတ်မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များ၊ အထူးသဖြင့် ရွေးကောက်ပွဲကျင်းပ​ရေး စီမံဆောင်ရွက်နေမှုများတွင် ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန်၊ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး တစ်နည်းအားဖြင့် စစ်မှန်သည့် ဒီမိုကရေစီစနစ် ထွန်းကားပေါ်ပေါက်လာစေရေးအတွက် ပြည်သူတစ်ရပ်လုံးက အသိပညာရှိမှု၊ စည်းကမ်းနားလည်လိုက်နာမှု၊ စာနာမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုတို့နှင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

လွှဲပြောင်းပေးအပ်

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် MRTV DTH အစုံ ၅၀ နှင့် MRTV DVB T-2 Set Top Box အလုံး ၁၅၀ တို့ကို လွှဲပြောင်းပေးအပ်ရာ မန္တလေးတိုင်း ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက လက်ခံရယူသည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လူငယ်များ၊ ကျောင်းသား ကျောင်းသူများအတွက် MRTV DTH အစုံ ၂၀ နှင့် MRTV DVB T-2 Set Top Box အလုံး ၄၀ တို့အား ကံစမ်းမဲဖောက်၍ ပေးအပ်သည်။

ယင်းနောက် မန္တလေးမြို့ အမှတ်(၁၄) အ​ခြေခံပညာအထက်တန်း​ကျောင်းမှ ကျောင်းသား ကျောင်းသူများက “အောင်မြင်ပါစေ မြန်မာပြည်” တေးသီချင်းဖြင့် သီဆိုကပြပြီးနောက် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ အနုပညာဗဟိုဌာန (Myanmar Arts Center)တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်တွင် Myanmar Land & Development Limited ဆောက်လုပ်ရေးကုမ္ပဏီမှ Project Director ဒေါ်ယုယုနိုင်က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

အဆိုပါ အနုပညာဗဟိုဌာန(မန္တလေး)တည်ဆောက်ရေးလုပ်ငန်းကို Myanmar Land & Development Limited က ၂၀၂၅ခုနှစ် မတ်လမှစတင်၍ ဆောင်ရွက်ခဲ့ရာ အဆောက်အအုံနှင့် ဆောက်လုပ်ရေးဧရိယာအတွင်း ချုံနွယ်များရှင်းလင်းရေးအပါအဝင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဆောက်အအုံသံတိုင်များ သန့်ရှင်းရေးပြုလုပ်ပြီး ဆီဆေးသုတ်ခြင်း၊ အဆောက်အအုံသုံးထပ်တွင် ကြမ်းခင်းများပြုပြင်ခြင်း၊ RC Wall များတွင် အက်ကြောင်းများပြုပြင်၍ အချောကိုင်ခြင်း၊ ခြံစည်းရိုးအုတ်တံတိုင်း အရှည်ပေ ၂၀၇၀ ဆောက်လုပ်ခြင်း၊ ဂါလန် ၃၀၀၀၀ ဆံ့ မြေအောက်ရေကန်နှစ်လုံးတည်ဆောက်ခြင်း၊ ရှစ်လက်မမြေအောက် ရေတွင်းနှစ်ခုတူး​ဖော်ခြင်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ယခုအခါ ၁၂၅၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးနှင့် ၃၃ ကေဗွီလိုင်း သွယ်တန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

လိုက်လံကြည့်ရှုစစ်ဆေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။

သတင်းစဉ်

28.07.2025