photo

၂၀၂၅ မန္တလေးငလျင်ဆိုင်ရာ အချက်အလက်များ သိရှိနိုင်ရန်အတွက် ဝက်ဘ်ဆိုက် လွှင့်တင်ထားရှိကြောင်း အသိပေးကြေညာ

7/28/2025

နေပြည်တော် ဇူလိုင် ၂၈

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့ သည့် မြေငလျင်သတင်းများ သိရှိနိုင်စေရန်၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရသည့် ဖြစ်စဉ်များအား မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုများနှင့်စပ်လျဉ်း၍ အလှူရှင်များမှ လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် အလှူငွေများ ထိရောက်စွာ လှူဒါန်းနိုင်ရန်တို့အတွက် www.myanmarearthquake.gov.mm ဝက်ဘ်ဆိုက်အား လွှင့်တင်ထားသည်။

အဆိုပါဝက်ဘ်ဆိုက်တွင် မြေငလျင်ဆိုင်ရာသတင်းများကို တစ်နေရာတည်းမှ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် ဖြစ်စဉ်များကိုလည်း လေ့လာနိုင်သည်။ ထို့ပြင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များနှင့် ထိခိုက်ခဲ့မှုများ ကို မျှဝေပေးခြင်းဖြင့် အလှူရှင်များက လှူဒါန်းလိုသော နေရာများအား ကိုယ်တိုင် ရွေးချယ်၍ KBZ Pay ၊ CB Pay၊ AYA Pay၊ OK $ နှင့် Wave Pay စသည့် မိမိ နှစ်သက်ရာ Pay များဖြင့် လွယ်ကူစွာ တိုက်ရိုက်လှူဒါန်းနိုင်ပြီး Online မှတစ်ဆင့် MMQR ဖြင့် လှူဒါန်းနိုင်သည်။ ပြည်ပအလှူရှင်များအနေဖြင့်လည်း Visa Card၊ Master Card များ အသုံးပြု၍ လှူဒါန်းနိုင်သည်။ 

Website နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက ၀၆၇-၃၄၀၄၇၇၇ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

28.07.2025
photo

MFF C Diploma Coaching Course 2025 သင်တန်းဖွင့်လှစ်

7/28/2025

MFF C Diploma Coaching Course 2025 သင်တန်းကို ရန်ကုန်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့မှ (၃၁) ရက်နေ့ထိ ဖွင့်လှစ်နေပြီး သင်တန်းသား/ သူ (၂၀) ဦး တက်ရောက်လျက်ရှိသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် (၂၃)ရက်နေ့တွင် ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာ Mr. Michiteru Mita နှင့် သင်တန်းနည်းပြဆရာ ဦးညီညီလတ်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။

MFF C Diploma Coaching Course 2025 သင်တန်းသို့ ကျော်ကိုကို၊ ငြိမ်းချမ်းအောင်၊ သိန်းသန်းဝင်း စသည့် စီနီယာနှင့် လူငယ်လက်ရွေးစင် ကစားသမားဟောင်းများ အပါအဝင် သင်တန်းသား (၁၈) ဦး၊ သင်တန်းသူ (၂) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

28.07.2025
photo

ဆင်တုတ်ကွေးရောဂါပျံ့နှံ့မှုအပေါ် WHO စိုးရိမ်

7/28/2025

လွန်ခဲ့သည့် အနှစ်(၂၀)ခန့်တွင် ကမ္ဘာအနှံ့သို့ ကူးစက်ပျံ့နှံ့ခဲ့သည့် ဆင်တုတ်ကွေးရောဂါ ဗိုင်းရပ်စ်သည် လက်ရှိတွင် အိန္ဒိယသမုဒ္ဒရာမှတစ်ဆင့် ပစိဖိတ်သမုဒ္ဒရာ၊ ဥရောပတိုက်များသို့ ပျံ့နှံ့နေသည့်အတွက်  ယင်း ကပ်ရောဂါ ထပ်မဖြစ်ပွားရအောင် ကာကွယ်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဇူလိုင်လ (၂၂) ရက်နေ့တွင် အရေးပေါ်တိုက်တွန်းချက် ထုတ်ပြန်ခဲ့သည်။

ယင်း ရောဂါလက္ခဏာများသည် အဖျားကြီးခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ရေရှည်မသန်စွမ်းခြင်းများ ဖြစ်နိုင်ပြီး ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက အိန္ဒိယသမုဒ္ဒရာကျွန်းများတွင် ပြန်လည်ဖြစ်ပွားနေပြီး ၂၀၀၄-၂၀၀၅ ခုနှစ်များတွင်လည်း ယခုကဲ့သို့ ကူးစက်မှုဖြစ်ပွားခဲ့သည်။ 

လက်ရှိတွင် လာရေယူနီယံကျွန်းတွင် လူဦးရေ သုံးပုံတစ်ပုံခန့် ကူးစက်ခံထားရပြီး မာဒါကာစတာ၊ ဆိုမာလီယာ၊ ကင်ညာ၊ အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ပျံ့နှံ့နေသည်။ 

ဥရောပတွင်လည်း ပြည်ပမှဝင်ရောက်မှုနှင့် ပြည်တွင်း ကူးစက်မှုများ များပြားလာပြီး ပြင်သစ်တွင်လည်း ဥရောပမှ ရောက်လာသူများထဲတွင် ဆင်တုတ်‌ကွေးရောဂါဖြစ်ပွားသူ (၈၀၀)ဦးရှိကြောင်း၊ ပြင်သစ် တောင်ပိုင်းနှင့် အီတလီတွင် ခရီးသွားလာမှုမရှိဘဲ ဒေသအတွင်း ခြင်ကိုက်ခံရခြင်းကြောင့် ဆင်တုတ်ကွေးနှင့် ဇီကာဗိုင်းရပ်စ်ကူးစက် ခံရသူရှိနေကြောင်း၊ ကုသဆေးမရှိသည့် ရောဂါသည် ခြင်ကျားများမှ အဓိက ကူးစက်ခံရပြီး အလျင်အမြန် ပျံ့ပွားနိုင်သည်။

ယင်းခြင်များသည် နေ့ဖက်တွင်ကိုက်တတ်သည့်အတွက် ခြင်ပြေးဆေးများ အသုံးပြုခြင်း၊ အင်္ကျီ လက်ရှည်/ ဘောင်းဘီရှည်ဝတ်ပြီး ကြိုတင်ကာကွယ်ခြင်းများ ပြုလုပ်နိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ အသိပေးချက် ထုတ်ပြန်ထားသည်။

28.07.2025
photo

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတက္ကသိုလ်များအကြား နားလည်မှုစာချွန်လွှာရေးထိုးမှု (၁၉)ခု ရေးထိုးထားပြီး ဆက်လက်ဆောင်ရွက်သွားမည်

07/28/2025

နေပြည်တော် ဇူလိုင် ၂၇

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့၌ကျင်းပသည့် ၂၀၂၅ ခုနှစ် တရုတ် - အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ တရုတ်-အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ်အခမ်းအနား တက်ရောက်လာကြသည့် နိုင်ငံအလိုက် အဆင့်မြင့်အရာရှိကြီးများက စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက “Smart Education Empowering people to people Exchanges and Educational Cooperation ” ခေါင်းစဉ်ဖြင့် ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ပညာရေးသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်းသာယာဝပြောရေး၏ အခြေခံအုတ်မြစ်ဖြစ်သည်ဟု အခိုင်အမာယုံကြည်ပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတက္ကသိုလ်များအကြား နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးခြင်းသည် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအကြား အသိပညာဖလှယ်ခြင်း၊ သုတေသနပူးပေါင်းဆောင်ရွက်ခြင်းနှင့် နည်းပညာဖလှယ်ခြင်းတို့အတွက် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် (၅)နှစ်တာကာလအတွင်း တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတက္ကသိုလ်များအကြား နားလည်မှုစာချွန်လွှာရေးထိုးမှု(၁၉)ခု ရေးထိုးထားပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး ဒုတိယဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ခင်းကျင်းပြသထားသောပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် “Industry - Education for Development” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးတင်ပြသည်။

ယင်းနောက် တက်ရောက်လာသော အာဆီယံနိုင်ငံများ၏ ပညာရေးအဆင့်မြင့်အရာရှိကြီးများက တက္ကသိုလ်များမှ ထူးချွန်သူများအား ဆုများချီးမြှင့်ခဲ့ကြသည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့မှ မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဘဟန် က “Teacher Exchange and Cooperation” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

သတင်းစဉ်

28.07.2025
MDD

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ်စဉ်(၈ /၂၀၂၅)

07/28/2025

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၃၆၆ ပုဒ်မခွဲ (က)၊ ၁၉၉၁ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပါဝင်ချုပ်ဆိုထားခဲ့သော ကုလသမဂ္ဂ၏ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်အပိုဒ် ၂၈၊ ၂၉၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉ ခုနှစ်) ပုဒ်မ ၄၆၊ ၄၇ နှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၂၆ တို့တွင် ပညာသင်ယူခွင့်နှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းထားရှိပါသည်။

၂။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် လူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း၊ လူငယ်သင်တန်းကျောင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား၊ အကျဉ်းသူများ၊ လူငယ်သင်တန်းကျောင်းများမှ ကလေးသူငယ်များ၏ ပညာသင်ယူခွင့်အခွင့်အရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရှိရပါသည်။ ကြည့်ရှုစစ်ဆေးစဉ် တက္ကသိုလ်ဝင်တန်းပညာရေး ဆက်လက်သင်ယူလိုသည့် အကျဉ်းသား၊ အကျဉ်းသူများရှိပါက သက်ဆိုင်ရာဌာနမှ စီစဉ်ဆောင်ရွက်ပေးနိုင်ရန် ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ အကြံပြု တိုက်တွန်းလျက်ရှိပါသည်။

၃။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနက် အကျဉ်းဦးစီးဌာနအောက်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၁၀ ဦးနှင့် မန္တလေးဗဟိုအကျဉ်းထောင်မှအကျဉ်းသား ၆ ဦး၊ စုစုပေါင်း အကျဉ်းသား ၁၆ ဦး အောင်မြင်ခဲ့ပါသည်။ အောင်မြင်သူများတွင် ၃ ဘာသာ ဂုဏ်ထူးရှင် ၆ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၄ ဦးနှင့် ၁ ဘာသာ ဂုဏ်ထူးရှင် ၄ ဦး ပါဝင်ပါသည်။ လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ၁ ဦး၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ ၁ ဦး၊ အမျိုးသမီးကလေးများသင်တန်းကျောင်းမန္တလေးမှ ၁ ဦး၊ လားရှိုးလူငယ်သင်တန်းကျောင်းမှ ၁ ဦး၊ လပွတ္တာလူငယ့်အားမာန်သင်တန်းကျောင်းမှ ၁ ဦး၊ စုစုပေါင်းသင်တန်းသား ၅ ဦးလည်း ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။

၄။ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူ အကျဉ်းထောင်များရှိ အကျဉ်းသား၊ အကျဉ်းသူများ၊ လူငယ်သင်တန်းကျောင်းများရှိ ကလေးသူငယ်များ၏ တက္ကသိုလ်ဝင်တန်း အောင်မြင်မှုအပေါ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ဝမ်းမြောက်ပါကြောင်းနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ အကျဉ်းသား၊ အကျဉ်းသူများနှင့် သင်တန်းသားများ၏ ပညာသင်ယူခွင့် အခွင့်အရေးဆက်လက်ရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဟု ယုံကြည်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်

28.07.2025