
အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန် နည်းလမ်းမျိုးစုံဖြင့် သယ်ဆောင်လာသည့် လက်နက်/ခဲယမ်းများအား ဖော်ထုတ်တားဆီးနိုင်ခဲ့
နေပြည်တော် စက်တင်ဘာ ၁၄
NUG နှင့် CRPH တို့၏ ညွှန်ကြားမှုဖြင့် PDF အမည်ခံအကြမ်းဖက်သမားများသည် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် သယ်ဆောင်၍ ၎င်းတို့ရောက်ရှိခိုအောင်းရာ နေရာများနှင့် အနီးဝန်းကျင်တွင် လက်နက်ဖြင့်ခြိမ်းခြောက် အကြမ်းဖက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ၎င်းတို့နှင့် အလိုမတူသူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့်အဖျက်အမှောင့်လုပ်ရပ်များနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်လုပ်ရပ်များ လျော့နည်းပပျောက်စေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထုတို့ ပူပင်ကြောင့်ကြမှုကင်းစွာဖြင့် လုပ်ကိုင်စားသောက်နိုင်ရေးတို့အတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို နေ့၊ ညမပြတ် တိုးမြှင့်ဆောင်ရွက်လျက်ရှိသကဲ့သို့ သတင်းဆက်စပ်ဖော်ထုတ်ခြင်းများဖြင့်လည်း ဒေသအလိုက်အကြမ်းဖက်မှု လျော့နည်းပပျောက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်နှင့် အကြမ်းဖက်လုပ်ဆောင်မှုကို ဆန့်ကျင်လိုကြသည့် ဒေသခံအချို့၏ လျှို့ဝှက်ဆက်သွယ်သတင်းပေးပို့မှုနှင့် အခြားဆက်စပ်သတင်းဖော်ထုတ်မှုများအရ PDF အမည်ခံအကြမ်းဖက်သမားဖြစ်သူ သန်းလွင်ဆိုသူသည် ရဟန်းသံဃာအယောင်ဆောင်၍ လက်နက်ခဲယမ်းများအား ဖြူးမြို့နယ်၊ ကျောက်တိုင်ကျေးရွာမှ သယ်ဆောင်ကာ ဇယားကျေးရွာအား ဖြတ်သန်း၍ ၎င်းမှတစ်ဆင့် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့အနီး (သို့မဟုတ်) ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၂၈/၂ သို့ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီး စောင့်ဆိုင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျောက်တိုင်ကျေးရွာဘက်မှ ညောင်ပင်သာကျေးရွာဘက်သို့ ရဟန်းသံဃာအယောင်ဆောင် PDF အမည်ခံအကြမ်းဖက်သမားသန်းလွင်မောင်းနှင်လာသည့် ယာဉ်အမှတ်၊ RLG / 1412၊ X-Trail အနက်ရောင်လိုင်စင်မဲ့ယာဉ်အား ယာဉ်၏ ကိုယ်ထည်အတွင်း သိုဝှက်သယ်ဆောင်လာသည့် လက်နက်မျိုးစုံ ၉ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိရဟန်းသံဃာအယောင်ဆောင် PDF အမည်ခံအကြမ်းဖက်သမားအား ဝိနည်းဓမ္မကံဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လူဝတ်လဲ၍ စစ်ဆေးမေးမြန်း သတင်းဆက်စပ်ဖော်ထုတ်ချက်များအရ အဆိုပါလက်နက်ခဲယမ်းများကို လာရောက်ယူဆောင်မည့်သူများအား ဖမ်းဆီးရမိနိုင်ရေးဆက်လက်ဆောင်ရွက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၂၇/၆ အနီး၊ လမ်း၏ အနောက်ဘက် မီတာ ၁၀၀ ခန့်အကွာတွင် ပြောက်ကျားယူနီဖောင်းဝတ်ဆင်ထားသူ PDF အမည်ခံအကြမ်းဖက်သမားများနှင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများအနေဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ထိုကဲ့သို့ အပြန်အလှန်ထိတွေ့မှုဖြစ်ပွားနေချိန်တွင် ဖမ်းဆီးရမိရဟန်းသံဃာအယောင်ဆောင် PDF အမည်ခံအကြမ်းဖက်သမား သန်းလွင်သည် အခွင့်ကောင်းယူထွက်ပြေးရန်ကြိုးစားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်ရန်ပြောကြားခဲ့သော်လည်း ရပ်တန့်ခြင်းမရှိသောကြောင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ သန်းလွင်သည် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို သက်ဆိုင်ရာဒေသခံများအနေဖြင့် လက်ခံမှုမရှိဘဲ ကြောက်ရွံ့စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကာ ၎င်းတို့၏ လှုပ်ရှားမှုသတင်းများအား ယခုကဲ့သို့အချိန်မီပေးပို့ခဲ့မှုကြောင့်သာ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်မည့် လက်နက်၊ ခဲယမ်းများကို အချိန်မီဖမ်းဆီးနိုင်ခြင်းဖြစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာသတင်းပေးပို့၍ ရပ်ရွာတည်ငြိမ်အေးချမ်းအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်များစာရင်း ထုတ်ပြန်ကြေညာ
နေပြည်တော် စက်တင်ဘာ ၁၄
၁။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၅၆) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၉) နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၅၆) နယ်တို့တွင် ရွေးကောက်ပွဲများ ကျင်းပခြင်း ပြုမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၁၀၃/၂၀၂၅) ဖြင့် ၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
၂။ အဆိုပါထုတ်ပြန်ကြေညာခဲ့သည့် ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် လွှတ်တော်အလိုက် မဲဆန္ဒနယ်တွင်ပါဝင်သည့် နယ်မြေများစာရင်းအသေးစိတ်ကို နေ့စဉ်ထုတ်သတင်းစာများတွင် ထည့်သွင်းဖော်ပြပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး Website ဖြစ်သည့် www.uec.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။

ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး ၆၂၉ နေရာရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို စာစစ်ဌာနငါးခု၌ တစ်ပြိုင်တည်းကျင်းပ
09/14/2025
နေပြည်တော် စက်တင်ဘာ ၁၃
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ်၊ (၁/၂၀၂၅နှင့် ၂ / ၂၀၂၅) ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၁၉ ခုရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ် ရာထူး ၆၂၉ နေရာ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မကွေးမြို့နှင့် မော်လမြိုင်မြို့တို့ရှိ စာစစ်ဌာနငါးခု၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်မှ ၁၄ ရက်အထိ တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦးနှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦးသည် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ မန္တလေးစာစစ်ဌာန၌ ရေးဖြေစာမေးပွဲ ဖြေဆိုနေမှုကို လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးရဲနိုင်သည် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်း ကျောင်းရှိ ရန်ကုန်စာစစ်ဌာန၌ ရေးဖြေစာမေးပွဲ ဖြေဆိုနေမှုကိုလည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်သည် နေပြည်တော် အမှတ်(၃)နှင့် အမှတ်(၁၁) အခြေခံပညာ အထက်တန်း ကျောင်းများရှိ နေပြည်တော် စာစစ်ဌာနများ၌ ရေးဖြေစာမေးပွဲ ဖြေဆိုနေမှုကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးအောင်တင်စိုးသည် မကွေးတိုင်းဒေသကြီး မကွေးမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ မကွေးစာစစ်ဌာန၌ ရေးဖြေစာမေးပွဲ ဖြေဆိုနေမှုကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးလှအောင်သည် မွန်ပြည်နယ်မော်လမြိုင်မြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းရှိ မွန်ပြည်နယ်စာစစ်ဌာန၌ ရေးဖြေစာမေးပွဲ ဖြေဆိုနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှု ကြသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးအတွက် လိုအပ်သည့် အရည်အသွေးပြည့်ဝသော ပြန်တမ်းဝင်အဆင့် စတင်ခန့်အရာထမ်းရာထူးများကို စနစ်တကျ ရွေးချယ်ပေးလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ဘွဲ့ရပညာတတ်လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေး၊ အရည်အချင်းကိုအခြေခံ၍ လူမှန်၊ နေရာမှန် ခန့်အပ်နိုင်ရေးနှင့် အရည်အချင်းရှိသော ဘွဲ့ရလူငယ်များ ရွေးချယ်ခန့်ထားနိုင်ရေးတို့အတွက် ရွေးချယ်ရေးလုပ်ငန်းစဉ် များကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကာ ယခုကျင်းပသော ရေးဖြေစာမေးပွဲသို့ နိုင်ငံတစ်ဝန်းမှ လာရောက်ဖြေဆိုကြသူ စုစုပေါင်း ၁၈၄၉ ဦးရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး အားပေးဆောင်ရွက်
09/14/2025
နေပြည်တော် စက်တင်ဘာ ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး သီးနှံအလိုက်လျာထားဧက ပြည့်မီစွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မွေးမြူရေးလုပ်ငန်းများတွင် ဇီဝလုံခြုံမှုရှိစေရေးနှင့်တိရစ္ဆာန် ကူးစက်ရောဂါကြိုတင်ကာကွယ် မှုများဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးပြည်မြို့နယ် မြောက်နဝင်း ကျေးရွာအုပ်စုတုံရေ သစ်တောကြိုးဝိုင်း အကွက်အမှတ်(၁၆)တွင် ဆောင်ရွက်လျက်ရှိသည့် ပြည်မွေးမြူရေးဇုန်၌ မွေးမြူထားသည့် ကျွဲနှင့်နွားများအား လည်ချောင်းကွဲ၊ ဒေါင့်သန်းနှင့် ပေါင်ပုပ်လက်ပုပ် ကာကွယ်ဆေးများ ထိုးနှံပေးနေမှုနှင့် မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါ မွေးမြူရေးဇုန်အတွင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ကျွဲ၊ နွား လည်ချောင်းကွဲ ရောဂါ၊ ဒေါင့်သန်းရောဂါနှင့် ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကျွဲ၊ နွား စုစုပေါင်း ၇၂၂ ကောင်အား ထိုးနှံပေးခဲ့ပြီး ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်မြို့ ဆည်မြောင်းနှင့် ရေအသုံချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၂) အစည်း အဝေးခန်းမ၌ တိုင်းဒေသကြီး ခရိုင်နှင့် မြို့နယ် လယ်ယာကဏ္ဍ ဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးစီမံဆောင်ရွက်ရန်၊ နို့နှင့် နို့ထွက်ပစ္စည်းများအပြင် မွေးမြူရေးကို အခြေခံသည့် ခေတ်မီကုန်ချော ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်၊ အဓိကသီးနှံ ၁၀ မျိုးကို လျာထားချက်ပြည့်မီရေး၊ ပန်းတိုင်းအထွက် နှုန်းရရှိရေး၊ မြေလွတ်မြေလပ်မကျန် စိုက်ပျိုးရေးနှင့် စိုက်ဧကစာရင်းဇယားများ တိကျမှန်ကန်ရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်