
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပပြုလုပ်
နေပြည်တော် စက်တင်ဘာ ၁၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား တပ်မတော်အားကစားနှင့်ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် တက်ရောက်သည်။
အဆိုပါအားကစားပြိုင်ပွဲသို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) ရုံး/ ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်အားကစားနှင့်ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် အမျိုးသား/ အမျိုးသမီး (မီတာ ၁၀၀) အပြေးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး (မီတာ ၁၅၀၀) အပြေးပြိုင်ပွဲနှင့် အမျိုးသား/ အမျိုးသမီး မီတာ ၄၀၀ လက်ဆင့်ကမ်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အမျိုးသားတံခွန်စိုက်ဒိုင်းကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) အသင်းကလည်းကောင်း၊ အမျိုးသမီးတံခွန်စိုက်ဒိုင်းကို ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်အသင်းကလည်းကောင်း၊ အမျိုးသား အမျိုးသမီးစုပေါင်း တံခွန်စိုက်ဒိုင်းကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) အသင်းကလည်းကောင်း အသီးသီးရရှိပြီး ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိကြသူများနှင့် အသင်းလိုက်ဆုရရှိကြသူများအား တာဝန်ရှိသူများကလည်းကောင်း၊ အမျိုးသား/ အမျိုးသမီးစုပေါင်းတံခွန်စိုက်ဒိုင်းရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကလည်းကောင်း၊ တံခွန်စိုက်ဒိုင်းဆု၊ ဆင့်ပွားဒိုင်းနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၄ သင်းဖြင့် စက်တင်ဘာ ၁၂ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာဟန်ကျင့်နှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော် စက်တင်ဘာ ၁၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာဟန်ကျင့်အား ယနေ့ညနေပိုင်းတွင် နန်နင်းမြို့ရှိ လိယွမ်နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ဆက်လက်တိုးမြှင့်ဖော်ဆောင်ရေး၊ နှစ်နိုင်ငံအပြန်အလှန် အထောက်အကူပြုလျက်ရှိသည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှုအပါအဝင် နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်နိုင်ငံအနေဖြင့် မန္တလေးငလျင်ကြီးအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များတွင် ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဦးတင်မောင်ဆွေနှင့် တွေ့ဆုံပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတနှင့်အတူ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ CPC ပါတီအတွင်းရေးမှူ မစ္စတာချန်ကန်း၊ အုပ်ချုပ်ရေးမှူး မစ္စတာဝေတောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ညပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ်သည် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ် ဂုဏ်ပြုညစာစားပွဲသို့ အာဆီယံနိုင်ငံများ၊ ဖိတ်ကြားထားသည့်နိုင်ငံများမှ အကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၅ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ခရေပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေး
နေပြည်တော် စက်တင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အနီး၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ Naypyitaw State Academy ၊ Naypyitaw State Polytechnic University၊ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုသည့် နိုင်ငံတော်၏မူဝါဒနှင့်အညီ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရေး၊ ဂေဟစနစ် ကောင်းမွန်မျှတစေရေး၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတ ကောင်းမွန်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများနှင့် နိုင်ငံတော်က ဦးဆောင်ပြီး ပြည်သူလူထု ပူးပေါင်းပါဝင်မှုနှင့် သစ်ပင်စိုက်ပျိုးပွဲတော်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။
ယနေ့ သစ်ပင်စိုက်ပျိုးပွဲတွင် အရောင်အသွေးစုံလင်ပြီး ရနံ့မွှေးပျံ့သော ပန်းများပွင့်သည့် အရိပ်ရသစ်မျိုး (၁၈) မျိုး၊ အပင်ပေါင်း (၃,၀၀၀) ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ယနေ့စိုက်သည့် နှစ်ရှည်ပင်များသည် အထူးအစီအစဉ်ဖြင့် စိုက်ခြင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး၊ အကြီးဆုံးဖြစ်သည့်မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားသည့် ပရိဝုဏ်တော်ထဲတွင် သီးခြားစိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ၁၂ လရာသီ ပန်းရနံ့များဖြင့် ဝေဆာစွာရှိနေစေရန် ပူဇော်နိုင်အောင် ရည်မှန်းပြီး သီးသန့်ရွေးချယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ပိတောက်၊ ခရေ၊ ကံ့ကော်၊ အင်ကြင်း၊ တမာ၊ စကားဝါ၊ ပနားမားငု၊ စွယ်တော်အပါအဝင် (၁၈) မျိုး စိုက်ပျိုးသွားကြမည်ဖြစ်ကြောင်း။
ယခုနှစ်တွင် ထူးခြားချက်မှာ အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးပွဲများကို ဇူလိုင်လ (၁၁) ရက်နေ့က နိုင်ငံတော်အဆင့်အနေဖြင့် ပထမဆုံးအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် တစ်ပြိုင်တည်း ကျင်းပစိုက်ပျိုးခဲ့ကြကြောင်း၊ မြို့နယ် (၂၉) မြို့နယ်တွင် သစ်ပင်ပေါင်း (၃၅,၀၀၀) ခန့်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း။
ဒုတိယအကြိမ်အဖြစ် ဩဂုတ်လ (၁၉) ရက်နေ့ မင်းဘူးမြို့နယ်၊ မင်းဘူး - ပဒါန်း - အမ်းကားလမ်းဘေးတစ်လျှောက်တွင် သစ်မျိုး (၇) မျိုး၊ သစ်ပင်ပေါင်း (၁,၀၀၀) စိုက်ပျိုးခဲ့ကြကြောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကလည်း ယခုနှစ်မိုးရာသီတွင် နိုင်ငံနှင့်အဝန်း နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင် စုစုပေါင်း ၂၁ ဒသမ ၈၇၉ သန်းကို စိုက်ပျိုးတည်ထောင်နိုင်ခဲ့သည်ကို သိရသည့်အတွက် ကျေနပ်အားရဝမ်းသာမိသည်ကို ပြောကြားလိုကြောင်း။
သစ်ပင်သစ်တောများသည် လူသားများအပါအဝင် ကမ္ဘာပေါ်တွင်ရှိသည့် သက်ရှိသတ္တဝါများအားလုံး၏ အသက်ရှင်ရပ်တည်ရေးအတွက် အောက်ဆီဂျင်ကို ထုတ်လုပ်ပေးနိုင်သည့် တစ်ခုတည်းသော ဂေဟစနစ်ဖြစ်သည့်အတွက် အသက်ပံ့ပိုးမှုစနစ် (Life Supporting System) အဖြစ် သတ်မှတ်ထားကြောင်း၊ ထို့ပြင် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုများကိုလည်း တားဆီးကာကွယ်ပေးကြောင်း၊ ရေနှင့် မြေဆီလွှာထိန်းသိမ်းရေး၊ စားရေရိက္ခာဖူလုံရေးစသည့် ဂေဟစနစ်ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးသည့်အတွက် စနစ်တကျစိုက်ပျိုးခြင်း၊ စီမံအုပ်ချုပ်ခြင်းဖြင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ပြီး နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို သေချာပေါက် အထောက်အကူပြု အကျိုးရှိစေမည်ဖြစ်ကြောင်း။
နိုင်ငံနှင့်အဝန်း သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း၊ အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေးစီမံကိန်း၊ ကမ်းရိုးတန်းဒီရေတောများ ဘက်စုံစီမံအုပ်ချုပ်ခြင်းစီမံကိန်းစသည့် စီမံကိန်းများကို ရည်မှန်းချက်များနှင့်အညီ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အလားတူ ကျေးလက်ဒေသပြည်သူများအတွက် တစ်ရွာ (၂) ဧက စိုက်ခင်းများ၊ ကျေးရွာထင်းစိုက်ခင်းများနှင့် ဘက်စုံသုံးစိုက်ခင်းများ တည်ထောင်ခြင်း၊ အာဆီယံလမ်းဘေးဝဲယာ၊ ပြည်ထောင်စုလမ်းမကြီး ဘေးဝဲယာ၊ ရန်ကုန်-မန္တလေး အမြန်လမ်းဘေးဝဲယာအပါအဝင် ကားလမ်းများ၏ ဘေးဝဲယာများတွင် အရိပ်ရအပင်များ၊ တစ်အုပ်တစ်မသစ်တောငယ်များ စိုက်ပျိုးတည်ထောင်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင်ရထားလမ်းဘေးဝဲယာတစ်လျှောက်နှင့် သစ်ပင်သစ်တောကျဲပါးသည့် တောင်ကုန်းတောင်ထိပ်များ၊ မြစ်ချောင်းများ၏ ရေဝေရေလဲဧရိယာများနှင့် သဘာဝရေထွက်ဧရိယာများတွင် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်သွားကြရမည်ဖြစ်ကြောင်း။
အမှန်တကယ်မှာ သစ်ပင်စိုက်ပျိုးခြင်းသည် ယခုကဲ့သို့ပွဲတော်များ၊ အခမ်းအနားများနှင့် စိုက်ပျိုးခြင်းထက် လုပ်ရိုးလုပ်စဉ် မိရိုးဖလာသဘာဝတွင်လည်း ရှိပြီးသားကိစ္စဖြစ်ကြောင်း၊ မိမိအိမ်ဝင်းခြံထဲ၊ အိမ်ပတ်ဝန်းကျင်၊ မိမိရပ်ရွာဝန်းကျင်၊ မိမိလယ်ယာပတ်ဝန်းကျင်၊ မိမိစက်ရုံအလုပ်ရုံဝန်းကျင်၊ လက်လှမ်းတမှီနေရာများတွင် တစ်ဦးချင်းကဖြစ်စေ၊ မိသားစုအလိုက်ဖြစ်စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ၊ တစ်ပင်၊ နှစ်ပင်၊ သုံးပင်စသည်ဖြင့် တတ်နိုင်သလောက် ရှင်သန်အောင် နှစ်စဉ်နှစ်တိုင်း စိုက်ပျိုးထူထောင်သွားကြမည်ဆိုပါက မိမိတို့ရည်မှန်းသည့် နိုင်ငံတော်တွင် သစ်တောလွှမ်းခြုံမှု (၅၀) ရာခိုင်နှုန်း ရှိစေရေး၊ သစ်တောသစ်ပင် တိုးတက်ရေးနှင့် စိမ်းလန်းစိုပြည်ရေးသည် မလွဲမသွေတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခုကိစ္စသည် လုပ်ရိုးလုပ်စဉ် အလုပ်လဲဖြစ်၊ ပင်ပင်ပန်းပန်းလည်းမဟုတ်၊ ဆင်းရဲဒုက္ခမများသဖြင့် လုပ်ကြမည်၊ လုပ်နိုင်ကြမည်ဆိုပါက အလွန်အကျိုးရှိသော ကုသိုလ်ရမည့်လုပ်ဆောင်မှု ဖြစ်လိမ့်မည်ကိုပြောကြားလိုကြောင်း၊ ယနေ့ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲသည် မြတ်စွာဘုရားကိုထာဝရပူဇော်နိုင်ရန်ရည်ရွယ်ပြီး အရောင်၊ အဆင်း၊ အနံ့နှင့်ပြည့်စုံသည့် နှစ်ရှည်ပင်များကို စိုက်ပျိုးခြင်းဖြစ်သည့်အတွက်ကြောင့် ရှင်သန်ဖြစ်ထွန်းအောင် အထူးစေတနာထားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။
“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဆိုသည့် နိုင်ငံတော်၏ မူဝါဒနှင့်အညီ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် နိုင်ငံအဝန်း မြို့ပြများနှင့် ရပ်ရွာ၊ ကျေးလက်ဒေသအသီးသီးတွင် သစ်ပင်သစ်တောများ၊ စိမ်းလန်းစိုပြည်သည့် သစ်တောမြေယာရှုခင်း (Landscape)များ၊ အစိမ်းရောင်ဧရိယာ (Green Space) များကို စဉ်ဆက်မပြတ် တိုးမြှင့်စိုက်ပျိုးတည်ထောင်ရေး အလေးထားဆောင်ရွက်ပေးကြရန်၊ လူတိုင်းလူတိုင်း၊ အိမ်ထောင်စုတိုင်း၊ ကျေးရွာ၊ ရပ်ကွက်တိုင်း သစ်ပင်စိုက်ပျိုးကြရေး စည်းရုံးဆောင်ရွက်ကြရန်၊ ယခုကဲ့သို့ အချိန်၊ လူအင်အားနှင့် ငွေကုန်ကြေးကျခံပြီး စိုက်ပျိုးထားသည့်အပင်များကို တစ်ပင်စိုက်တစ်ပင်ရှင်ဖြင့် အားလုံး ရှင်သန်အောင် ဝိုင်းဝန်းထိန်းသိမ်းပြုစုသွားကြရန်၊ နိုင်ငံအဝန်း သစ်ပင်သစ်တောများ စနစ်တကျ စိုက်ပျိုးထိန်းသိမ်းစီမံအုပ်ချုပ်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခရေပျိုးပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများသည် ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ သည် ၂၀၂၅ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် အရောင်အသွေးစုံလင်ပြီး ရနံ့မွှေးပျံ့သော ပန်းများပွင့်သည့် အရိပ်ရသစ်မျိုးများဖြစ်သော ပိတောက်၊ ခရေ၊ ကံ့ကော်၊ အင်ကြင်း၊ တမာ၊ စကားဝါ၊ ပနားမားငု၊ စွယ်တော်အပါအဝင် သစ်မျိုး ၁၈ မျိုး၊ ပျိုးပင်ပေါင်း ၃၀၀၀ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော် စက်တင်ဘာ ၁၅
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ သက်ကြီးပုဂ္ဂိုလ် ၁၇၉၀၃ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေကျပ် ၁၀၆၅ သန်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ၄၂ ခု၊ မသန်စွမ်းပရဟိတဂေဟာတစ်ခု၊ အမျိုးသမီးဂေဟာတစ်ခုနှင့် ဘိုးဘွားရိပ်သာကိုးခု၊ စုစုပေါင်းဂေဟာ/ရိပ်သာ ၅၃ ခုနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၆၉ ကျောင်းတို့အတွက် ထောက်ပံ့ကြေးငွေကျပ် ၅၈၈ ဒသမ ၉၇၂ သန်းနှင့် တိုက်ပွဲရှောင်ပြည်သူ ၄၈၅၅၅ ဦးအတွက် နိုင်ငံတော်ကထောက်ပံ့ငွေကျပ် ၂၉၁၃ ဒသမ ၃၀၀ သန်းကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံပေးအပ်ပြီး စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ယနေ့အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ ၁၇၉၀၃ ဦး၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက စောင့်ရှောက်ထားသူ ၄၅၄၈ ဦးနှင့် ယာယီနေရပ်စွန့်ခွာပြည်သူ ၄၈၅၅၅ ဦး စုစုပေါင်း ၇၁၀၀၆ ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်းငွေကျပ် ၄၅၆၇ ဒသမ ၂၇၂ သန်း ထောက်ပံ့ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရန်ကုန်မြို့ ဗိုလ်အောင်ကျော် TMT ဆိပ်ကမ်းသို့ရောက်ရှိကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကလှူဒါန်းထားပြီး လိုအပ်သောနေရာများ၌ ထပ်မံဖြည့်စွက်ဆောက်လုပ်ရန် နေရာရှင်းလင်းရေး ဆောင်ရွက်နေစဉ်ကာလအတွင်း ခေတ္တထားရှိသော Container Office များကို ကြည့်ရှုစစ်ဆေးကာ လိုအပ်နေရာများသို့ ရွှေ့ပြောင်းသယ်ယူမည့်အခြေအနေနှင့် အစီအမံတို့အပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးသည်။
ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)သို့ ဆက်လက်သွားရောက်ကာ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထပ်မံထောက်ပံ့လှူဒါန်းမည့် ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားခဲ့သော ရေဘေးသင့်ဒေသများ အတွက် ရေသန့်စင်စက်တင်ယာဉ်၊ အသက်ကယ်ရော်ဘာလှေ၊ အသက်ကယ်ရော်ဘာဘောကွင်း အစရှိသည့် ရေဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ ပစ္စည်းများရောက်ရှိလာပါက ခေတ္တထားရှိနိုင်ရေး သိုလှောင်ရုံများ ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဗဟိုသိုလှောင်ရုံဘေးရှိ အောင်သိဒ္ဓိချောင်း မြေထိန်းနံရံ ကာရံထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း စပါးနှင့် မြေပဲစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် အထွက်တိုး မြေပဲမျိုးနှင့် သွင်းအားစုများ ပေးအပ်
နေပြည်တော် စက်တင်ဘာ ၁၅
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဆီထွက်သီးနှံစိုက်ပျိုးရေးစီမံကိန်း မြေပဲစိုက်တောင်သူများသို့ အထွက်တိုးမြေပဲမျိုးနှင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာရှိ နည်းပညာပြန့်ပွားရေးစင်တာ၌ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများ၊ မြန်အောင်၊ အင်္ဂပူနှင့် ညောင်တုန်းမြို့နယ်တို့မှ သမဝါယမအသင်းသား တောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ယခုအခမ်းအနားတွင် မြန်အောင်၊ အင်္ဂပူ၊ ညောင်တုန်းမြို့ နယ်တို့မှ မြေပဲစိုက်သမဝါယမ အသင်း ၂၁ သင်း၏ စိုက်ဧက ၄၅၀ အတွက် တစ်ဧကလျှင် ငွေကျပ် သုံးသိန်းနှင့် ညီမျှသောအထွက်တိုး မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေး မည်ဖြစ်ကြောင်း၊ ထွက်ရှိလာသော သီးနှံများ ဈေးကွက်ရရှိရေးနှင့် သမဝါယမချေးငွေများ၊ မြစိမ်းရောင် (ဆီထွက်သီးနှံနေကြာ) စီမံကိန်း ချေးငွေ၊ သက်တံ့ရောင်စီမံကိန်း ချေးငွေများကို သက်သာသော အတိုးနှုန်း၊ သီးနှံပေါ်ပေးစနစ်တို့ ဖြင့် အထွက်တိုးမျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးလျက်ရှိကြောင်း၊ ထို့ပြင် မျိုး၊ သွင်းအားစုဓာတ်မြေ ဩဇာများကို အရည်အသွေးမှန်ကန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများလက်ဝယ် အချိန်မီရောက်ရှိရေး စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်အောင်၊ အင်္ဂပူနှင့် ညောင်တုန်း မြို့နယ်အတွင်းရှိ သမဝါယမအသင်း ၂၁ သင်း၏ စိုက်ဧက ၄၅၀ အတွက် အထွက်တိုးမြေပဲမျိုးနှင့် သွင်းအားစုများပေးအပ်ကာ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မည့် စက္ကော့တောင်-အင်းမကျေးရွာချင်းဆက်လမ်းကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အုန်းပင်စုစံပြကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဆင်းလက်ရာများကို ကြည့်ရှုအားပေး၍ စီမံကိန်းအမှတ်တရ ကံ့ကော်ပင်များ စိုက်ပျိုးပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ အိမ်သွယ်ရေတိုင်စနစ်ဖြင့် ကျေးရွာရေရရှိရေး လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ မူလတန်းကျောင်း သောက်ရေသန့်ရရှိရေးဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း၊ ကျေးလက်ဒေသ အခြေခံအိမ်ထောင်စုများ အသက်မွေးဝမ်း ကျောင်း မြှင့်တင်ရေးစီမံကိန်း (SEP)ရန်ပုံငွေဖြင့် ကြက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မဲခေါင်-လန်ချန်း စီမံကိန်းဖြင့် Green House, Net House စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ထားမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး အခြေခံစက်ချုပ်နည်းပညာ သင်တန်းတက်ရောက်အောင်မြင်ပြီး မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသူများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ညောင်တုန်းမြို့တော်ခန်းမ၌ ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူများအား သွင်းအားစု ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း သွင်းအားစုမြေဩဇာဖြန့်ဖြူးပြီးစီးမှု၊ နည်းပညာပေးမှု၊ ပြန်လည် ကောက်ယူမည့် အစီအမံများကို ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၀ မှ တောင်သူများ၏ စိုက်ဧက ၃၄၇၄၆ ဧက အတွက် ၁၅ ပတ်လည် ကွန်ပေါင်း ၁၁၉၀၁ အိတ်နှင့် ယူရီးယားဓာတ်မြေဩဇာ ၉၉၁၂ အိတ်ကိုပေးအပ်ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်