9 , 10

မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ သံမှူးကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၁၈

          မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်က မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ သံမှူးကြီး Mr.Harlianto Tarmizi အားယနေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့သို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ သံမှူးကြီး Mr.Harlianto Tarmizi က မြန်မာနိုင်ငံနှင့် ပညာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မီဒီယာကဏ္ဍဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လိုကြောင်း နှင့်  မီဒီယာနှင့်စပ်လျဉ်း၍ လက်ရှိပူးပေါင်း ဆောင်ရွက်နေသည့်အခြေအနေများကို ဆွေးနွေးမေးမြန်း ခဲ့သည်။

အဆိုပါ ဆွေးနွေးမေးမြန်းခဲ့မှုအပေါ် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ခြင်း၊ နိုင်ငံပိုင်မီဒီယာအပါအဝင် ပုဂ္ဂလိက မီဒီယာအဖွဲ့အစည်းများအကြား အပြန် အလှန်လေ့လာရေးခရီးများစေလွှတ်ခြင်း၊ မီဒီယာကျင့်ဝတ်နှင့်အညီ သတင်းသမားကောင်းများ ဖြစ်ပေါ်လာစေရေး ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မီဒီယာဆိုင်ရာနည်းပညာမြှင့် သင်တန်းများ ပူးပေါင်း ဆောင်ရွက်ခြင်းတို့တွင် နားလည်မှုစာချွန်လွှာ(Memorandum of Understanding-MoU) ဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် Language Training နှင့် Scholarship Programme တို့ကို မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ MDD Websibe နှင့် MDD Facebook Page တို့တွင် ပြည်သူများသိရှိစေရန် လွှင့်တင်သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

18.09.2025
8

ထိုင်းဘုရင့်လေတပ်မှ Air Chief Marshal Punpakdee Pattanakul ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ နှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်အတွက် Bilateral Engagement Activities ဆိုင်ရာ လှုပ်ရှားမှုများဆောင်ရွက်ရန်အတွက် လာရောက်

နေပြည်တော် စက်တင်ဘာ ၁၇

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ဖိတ်ကြားချက်အရ မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်အတွက် Bilateral Engagement Activities ဆိုင်ရာလှုပ်ရှားမှုများ ဆောင်ရွက်ရန် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ထိုင်းဘုရင့်လေတပ်မှ ATR-72 လေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိလာကြရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ် စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က Jasmine Hotel ၌ လက်ခံတွေ့ဆုံကာ နှစ်နိုင်ငံလေတပ်များအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။ တွေ့ဆုံပွဲအပြီးတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ထိုင်းဘုရင့်လေတပ်ကဦးစီး၍ ဆောက်လုပ်တည်ထားလျက်ရှိသော Phra Mahathat Naphamethinidon Naphabhumisiri စေတီတွင် ဌာပနာထည့်သွင်းကိုးကွယ်ရန်အတွက် ဘုရား၊ ရဟန္တာ ဓာတ်တော်များနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံတူဆင်းတုတော်တို့အား ကာကွယ်ရေးဦးစီးချုပ်(လေ)က ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်ထံ ပေးအပ်လှူဒါန်းခဲ့သည်။ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်က ဗုဒ္ဓဆင်းတုတော်မြတ်တစ်ဆူအား ဓမ္မဒါနလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီးက ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့သို့ ထွက်ခွာခဲ့ပြီး ဗိုလ်တထောင်ဘုရားအား သွားရောက်ဖူးမြော်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

18.09.2025
5

မြန်မာ - တရုတ် ချစ်ကြည်‌ရေးအသင်းက နေပြည်တော်ရှိ ဝန်ကြီးဌာနနှင့် ရုံးအဖွဲ့အစည်းများမှ ဝန်ထမ်းများအတွက် အိမ်သုံးဆိုလာမီးအိမ်များ ပေးအပ်လှူဒါန်း

နေပြည်‌တော် စက်တင်ဘာ ၁၇

မြန်မာ - တရုတ် ချစ်ကြည်‌ရေးအသင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ရှိ သဘာဝဘေးဒဏ်ခံစားခဲ့ရသည့် ဝန်ထမ်းများ အသုံးပြုရန်အတွက် အိမ်သုံးဆိုလာမီးအိမ်များကို ယနေ့တွင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ရုံးများသို့ လာရောက်လှူဒါန်းသည်။

ထိုသို့လှူဒါန်းရာတွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးနှင့်အဖွဲ့ဝင်များက ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအတွက် ငွေကျပ်သိန်း ၁၀၀ ခန့်တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ ၁၀၀ ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းထံလည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအတွက် ငွေကျပ်သိန်း ၁၀၀ ခန့် တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ ၁၀၀ ကို ပြည်ထောင်စုဝန်ကြီး ဦးလှမိုးထံလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအတွက် ငွေကျပ်သိန်း ၁၅၀ ခန့်တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ ၁၅၀ ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းထံလည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်းမိသားစုများအတွက် ငွေကျပ်သိန်း ၁၀၀ တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ ၁၀၀ ကို ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးထံလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

18.09.2025
1 , 2

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှရီနာရန်ဒရာမိုဒီ၏ (၇၅)နှစ်မြောက် မွေးနေ့ကျင်းပ၊ နိုင်ငံတကာမှ ခေါင်းဆောင်များ၊ အဖွဲ့အစည်းများက မွေးနေ့ဆုတောင်းစကားများ အသီးသီးပေးပို့

နေပြည်တော် စက်တင်ဘာ ၁၇

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှရီနာရန်ဒရာမိုဒီသည် (၁၉၅၀)ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့ကမွေးဖွားခဲ့ပြီး ယနေ့တွင်(၇၅)နှစ်ပြည့်မြောက်ခဲ့ကြောင်း၊ အဆိုပါအိန္ဒိယဝန်ကြီးချုပ်၏ မွေးနေ့ပွဲကို ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ် Dhar မြို့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ယနေ့တွင်ကျရောက်သည့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၏ မွေးနေ့ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အမေရိကန်ပြည်ထောင်စု၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗြိတိန်နိုင်ငံစသည့် နိုင်ငံများနှင့် နိုင်ငံတကာမှ ခေါင်းဆောင်များ၊ အဖွဲ့အစည်းများကလည်း မွေးနေ့ဆုတောင်းစကားများ အသီးသီးပေးပို့ခဲ့ကြကြောင်း အိန္ဒိယနိုင်ငံ DD News သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။

18.09.2025
၇

မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး တွေ့ဆုံဆွေးနွေးပွဲ -The Soul Treasure of Myanmar ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၆

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာ - တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး တွေ့ဆုံဆွေးနွေးပွဲ - The Soul Treasure of Myan-mar ကို ယနေ့နံနက် ၁၀ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ရှိ နန်နင်းကုန်သွယ်ရေးကိုယ်စားလှယ်ရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက မြန်မာ့ကျောက်စိမ်းသည် တရုတ်နိုင်ငံတွင် လူသိများထင်ရှား၍ ဈေးကွက်ရရှိပြီးဖြစ်သည့် ထုတ်ကုန်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာ့အရည်အသွေးမြင့် ကျောက်မျက်ရတနာများဖြစ်သည့် ပတ္တမြားနှင့် နီလာတို့ကိုလည်း တရုတ်နိုင်ငံ ဈေးကွက်ထိုးဖောက်ဝင်ရောက်နိုင်ရန်ရည်ရွယ်၍ ယနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာတွင် ထင်ရှား ကျော်ကြားသည့် မြန်မာ့ပတ္တမြားသည် မြန်မာနိုင်ငံ မိုးကုတ်ဒေသမှ အဓိကထွက်ရှိပြီး မိုးကုတ်ပတ္တမြားကို ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက တော်ဝင်နန်းသုံးရတနာအဖြစ် တန်ဖိုးထားအသုံးပြုခဲ့ကြပါကြောင်း၊ သီရိလင်္ကာ၊ ဩစတြေးလျ၊ ကက်ရှ်မီးယား၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် အမေရိကန်နိုင်ငံတို့တွင် နီလာကို ထွက်ရှိပြီး မြန်မာ့နီလာသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အရည်အသွေးအကောင်းဆုံးဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားကို တရုတ်နိုင်ငံ ကွမ်ရှီး၊ ကွမ်တုံ၊ ဟူနန်၊ ယူနန်၊ ဟိုင်နန်၊ ဟောင်ကောင်၊ မကာအိုနှင့် အခြားဈေးကွက်အလားအလာရှိသော ဒေသများမှ ကုန်သည်လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည့်အတွက် မြန်မာ့ပတ္တမြားနှင့် နီလာကုန်သည်လုပ်ငန်းရှင်များနှင့် ဈေးကွက်ချိတ်ဆက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်ဇင်က မြန်မာ့ပတ္တမြားနှင့် နီလ တရုတ်နိုင်ငံဈေးကွက်ရရှိရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြဆွေးနွေးပြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်)နှင့် မြန်မာကုန်သွယ်ရေးစင်တာ (ဟိုင်နန်) တို့အကြား တရုတ်နိုင်ငံတွင် မြန်မာ့ကျောက်မျက်ရတနာဈေးကွက်မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်စာလွှာကို လဲလှယ်ကြသည်။

ယင်းနောက် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်) မှ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား ခင်းကျင်းပြသထားသည့် ကျောက်မျက်ရတနာများ ကို လိုက်လံရှင်းလင်းပြသပြီး တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များသည် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံလက်ဖက်အသင်းမှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး မြန်မာ့လက်ဖက်နှင့်လက်ဖက်ခြောက်များကို ခင်းကျင်းပြသသည့်အစီအစဉ်ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

17.09.2025