

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း ဦးဆောင်သော တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်
09/22/2025
နေပြည်တော် စက်တင်ဘာ ၂၁
မြန်မာ့တပ်မတော် (ရေ) နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရေတပ်)၊ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Cui Yuzhong ၏ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စက်တင်ဘာလ ၁၄ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာကာ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း ဦးဆောင်သော တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၂၀ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၆ ရက် ညနေပိုင်းတွင် ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) ဌာနချုပ်သို့ သွားရောက်ခဲ့ရာ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Cui Yuzhong နှင့်အဆင့်မြင့်အရာရှိကြီးများက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ဒုတိယရေတပ်ဦးစီးချုပ်တို့သည် ရေတပ်ဂုဏ်ပြုတပ်ဖွဲ့၏ ကြိုဆိုအလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။ ၎င်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး ဌာနချုပ်ခန်းမတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် အစည်းအဝေးခန်းမတွင် နှစ်နိုင်ငံ ရေတပ်နှစ်ရပ်အကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ ညပိုင်းတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်)၊ ဒုတိယရေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
ဆက်လက်၍ စက်တင်ဘာလ ၁၇ ရက်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့သည် ချင်းတောင်မြို့ North Sea Fleet ရှိ ဖျက်သင်္ဘော Xining သို့သွားရောက်လေ့လာခဲ့ရာစစ်ရေယာဉ်မှူးက အလေးပြုကြိုဆိုကာ လိုက်လံရှင်းလင်းပြသခဲ့သည်။ ၎င်းနောက် North Sea Fleet ဌာနချုပ်သို့ သွားရောက်ခဲ့ရာ North Sea Fleet Commander နှင့် အရာရှိကြီးများက တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့အား North Sea Fleet ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုအလေးပြုခဲ့ပြီး North Sea Fleet ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၈ ရက်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) ၏ Navy Submarine Academy သို့ သွားရောက်လေ့လာခဲ့ရာ Navy Submarine Academy ကျောင်းအုပ်ကြီးက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုအလေးပြုခဲ့သည်။ ၎င်းနောက် Academy ၏ သမိုင်းကြောင်းနှင့် လေ့ကျင့်သင်ကြားမှုများကို ရှင်းလင်းတင်ပြပြီး ကျောင်းဝန်းအတွင်းရှိ စာကြည့်တိုက်၊ Simulator ၊ Trainer များကို လှည့်လှည်ကြည့်ရှုခဲ့သည်။ ထို့နောက်ရေတပ်ပြတိုက်သို့ သွားရောက်လေ့လာခဲ့သည်။ ထို့ပြင် စက်တင်ဘာလ ၁၉ ရက်တွင်လည်း ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းမြို့ရှိ Shanghai Hudong-Zhonghua သင်္ဘောကျင်းသို့ သွားရောက်လေ့လာခဲ့ရာ သင်္ဘောကျင်းတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့သည်။
တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လင်ကွမ်းဘုရားကျောင်း၊ Great Wall အစရှိသည့် အထင်ကရနေရာများသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော် မန္တလေးခရိုင် MEVM ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့်တွေ့ဆုံ
နေပြည်တော် စက်တင်ဘာ ၂၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ မန္တလေးခရိုင် MEVM ဆိုင်ရာကြီးကြပ်မှုအဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့် ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပထမအကြိမ်မဲစာရင်း ကပ်ထားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များမဲရုံများသို့ သယ်ယူပို့ဆောင်နိုင်ရေးအတွက် စီမံဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် မန္တလေးခရိုင် MEVM ဆိုင်ရာ နည်းပညာအထောက် အကူပြုအဖွဲ့ အဖွဲ့ခေါင်းဆောင်က ခရိုင်အတွင်း MEVM ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့များနှင့် နည်းပညာ အထောက်အကူပြု အဖွဲ့များဖွဲ့စည်း ဆောင်ရွက်ထားရှိမှု၊ သင်တန်းပေးရန်စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကိုလည်းကောင်း၊ ခရိုင်နှင့် မြို့နယ် MEVM ကြီးကြပ်မှုအဖွဲ့ဝင်များနှင့် ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။
လိုအပ်သည်များမှာကြား
ယင်းနောက် မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ နိုင်ငံရေးပါတီများက ဥပဒေနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းနေမှုကိုကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရှမ်းပြည်နယ်အတွင်း နေကြာစိုက်သမဝါယမအသင်းသားတောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် မျိုးနှင့်သွင်းအားစုများ ပေးအပ်
နေပြည်တော် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ပင်းတယ၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံ နေကြာစိုက် သမဝါယမအသင်းသားတောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် မျိုးနှင့်သွင်းအားစုပေးအပ်ပွဲကို ယနေ့တွင် ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ကျင်းပသည်။
အဆိုပါပေးအပ်ပွဲသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့် အသင်းသားတောင်သူများ တက်ရောက်ကြသည်။
ဦးစွာ သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ရှမ်းပြည်နယ်အတွင်း ဆီထွက်သီးနှံနေကြာ စိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများသို့ မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးမည့်အခြေအနေကို ရှင်းလင်းတင်ပြသည်။
မျိုးနှင့်သွင်းအားစုများပံ့ပိုး
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း စားသုံးဆီဖူလုံရေးနှင့် ပြည်ပမှတင်သွင်းမှု လျှော့ချရန်အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန် လမ်းညွှန်ချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာနရှိ သမဝါယမဦးစီးဌာနက သီးနှံပေါ်ပေးစနစ်ဖြင့် မျိုးနှင့် သွင်းအားစုများ ပံ့ပိုးလျက်ရှိပြီး ယခုအခမ်းအနားတွင် တောင်ကြီး၊ ပင်းတယ၊ ညောင်ရွှေမြို့နယ်တို့မှ နေကြာ စိုက်သမဝါယမအသင်း ၂၅ သင်း၏ စိုက်ဧက ၅၀၀၀ အတွက် တစ်ဧကလျှင် ငွေကျပ်သုံးသိန်းနှင့်ညီမျှသော မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ထွက်ရှိသောသီးနှံများ ဈေးကွက်ရရှိရေးနှင့် သမဝါယမချေးငွေများ၊ မြစိမ်းရောင် (ဆီထွက်သီးနှံ နေကြာ) စီမံကိန်းချေးငွေ၊ သက်တံ့ရောင်စီမံကိန်း ချေးငွေများကို သက်သာသောအတိုးနှုန်းဖြင့် မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးလျက်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းသားတောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က တောင်ကြီး၊ ပင်းတယ၊ ညောင်ရွှေမြို့နယ်အတွင်းရှိ နေကြာစိုက်သမဝါယမအသင်း ၂၅ သင်း၏ စိုက်ဧက ၅၀၀၀ အတွက် ငွေကျပ် သန်းပေါင်း ၁၅၀၀ တန်ဖိုးရှိ အထွက်တိုးမျိုးနှင့် သွင်းအားစုများကိုပေးအပ်သည်။
ဆက်လက်၍ အင်းပေါခုံခေတ်မီစံပြကျေးရွာ (Smart Village)၌ မြစင်္ကြာရက်ကန်းလုပ်ငန်းတွင် ကြာချည်မျှင်ထုတ်ပုံ၊ ကြာချည်ဖြင့်ရက်လုပ်သော လက်ရက်ကန်းထည်များ၊ ပိုးချည်ဖြင့်ရက်လုပ်သော လက်ရက်ကန်းထည်များနှင့် ရက်ကန်းထည် ထုတ်လုပ်ပုံအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မန္တလေးငလျင်ဘေးဒဏ်သင့် ညောင်ရွှေမြို့နယ်မှ ကျေးရွာ ၂၉ ရွာအတွက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေကျပ်သိန်း ၄၃၅၀၊ ကျေးရွာရှစ်ရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၂၀၀၀၊ ကျေးရွာ ၁၁ ရွာအတွက် ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၉၀၀ စုစုပေါင်းကျေးရွာ ၄၈ ရွာအတွက် စုစုပေါင်းရန်ပုံငွေကျပ် သိန်း ၈၂၅၀ ကို ကျေးရွာအလိုက် ကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် ညောင်ရွှေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝဆိုးဆေးနည်းပညာသင်တန်း တက်ရောက်အောင်မြင်ခဲ့သော သင်တန်းသူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး သင်တန်းဆင်းလက်ရာများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ အင်းလေးဖောင်တော်ဦးရုပ်ရှင် တော်မြတ်ကြီးအား သွားရောက်ဖူးမြော်ပြီး ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကာ မန္တလေးငလျင်ကြီးကြောင့် စေတီတော်မြတ်ကြီး ထိခိုက်မှုများ ပြန်လည်ပြုပြင်ပြီးစီးမှုများကို ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ တောင်ကြီးမြို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းရှိ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ငလျင်ဒဏ်သင့်ကျောင်းဆောင်များ ပြန်လည်ပြုပြင် ပြီးစီးမှုအခြေအနေကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၆)နှစ်မြောက်နှင့် မြန်မာ-တရုတ်သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်မြောက်ဂုဏ်ပြုခြင်း အနုပညာဖျော်ဖြေပွဲကျင်းပ
ရန်ကုန် စက်တင်ဘာ ၂၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၆)နှစ်မြောက်နှင့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်မြောက်ဂုဏ်ပြုခြင်း အနုပညာဖျော်ဖြေပွဲကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စမာကျား၊ မိတ်ဖက် အဖွဲ့အစည်းများ၊ တရုတ်နိုင်ငံဝူအော်ပရာအဖွဲ့သားများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ရာမာ ယဏ” ဇာတ်တော်ထဲမှ “ ရာမသမင်လိုက်ခန်း” ဖြင့် ကပြဖျော်ဖြေသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စမာကျားက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့ခေတ်တွင် နိုင်ငံအလိုက် အမျိုးသားရေးလက္ခဏာပုံရိပ်များကို အပြည့်အဝဖော်ထုတ် မိတ်ဆက်ပြသနိုင်ရန် “ယဉ်ကျေးမှုရေးရာ သံခင်း၊ တမန်ခင်း” ကို နူးညံ့သောစွမ်းအား (Soft Power) အဖြစ် အသားပေးစီစဉ်ဆောင်ရွက်လာကြသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း ရိုးရာယဉ်ကျေးမှုနှင့် စရိုက်လက္ခဏာများကို ဖော်ထုတ်ပြသခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းမှာ ကမ္ဘာ့နိုင်ငံတိုင်းအားလုံးလိုလိုက ယဉ်ကျေးမှုရေးရာသံခင်း၊ တမန်ခင်းများကို မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် ဖော်ထုတ်မိတ်ဆက်နေကြပြီး နိုင်ငံအချင်းချင်းချစ်ကြည်ရေးတည်တံ့ခိုင်မြဲ စေရန်နှင့် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက်လက္ခဏာများကို အခြားနိုင်ငံများနှင့် မတူညီသည့် လူမှုအဖွဲ့အစည်းများက လေးစားတန်ဖိုးထားလာကြစေရန် ကြိုးပမ်းဆောင်ရွက်ကြခြင်းပင်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်ကာလတွင် နူးညံ့သည့်စွမ်းအားက ခိုင်မာတောင့်တင်းသော ရုပ်ပိုင်းဆိုင်ရာစွမ်းအား (Hard Power) ထက် ပိုမိုအားကောင်းလာသည်မှာငြင်း၍ မရသည့်အချက်ဖြစ်သည်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း။
ယနေ့ ဖျော်ဖြေတင်ဆက်မည့် တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၏ အဓိက ဒေသန္တရ အော်ပရာဇာတ်အမျိုးအစားဖြစ်သော “ကျင်းဟွာ” အော်ပရာဟု အသိများသည့် “ ဝူအော်ပရာ” သည် နှစ်ပေါင်း ၅၀၀ ကျော် သမိုင်းကြောင်းရှိနေပြီဟု သိရပါကြောင်း၊ ဝူအော်ပရာဇာတ်အဖွဲ့သည် ယခုနှစ်အတွင်း ဂျာမနီ၊ စပိန်၊ အန်ဒိုရာနိုင်ငံတို့၌ ဖျော်ဖြေတင်ဆက်ခဲ့သည်ဟု သိရပါကြောင်း၊ ယခုလို နာမည်ကြီးသည့် ဝူအော်ပရာအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကို မြန်မာပရိသတ်များ ကြည့်ရှုခွင့်ရခြင်းကြောင့်များစွာ ဂုဏ်ယူဝမ်းမြောက်ရပါသည်ဟုလည်း ပြောကြား လိုပါကြောင်း။
အလားတူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များကလည်း အစဉ်အလာကြီးမား ခန့်ညားသော “ ရာမာယဏ" ဇာတ်တော်ထဲမှ အဓိကဇာတ်ဝင်ခန်းများဖြစ်သည့် “ ရာမသမင်လိုက်ခန်း” နှင့် “ဒဿပန်းစိုက်ခန်း” များဖြင့် ပါဝင်ကပြဖျော်ဖြေကြမည်ဖြစ်၍ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ခွင့်ရရှိမည်ဖြစ်သကဲ့သို့ မြန်မာ့ အနုပညာအဆင့်အတန်းကို ဖော်ထုတ်ပြသနိုင်မည်ဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ယခုကဲ့သို့ တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ယဉ်ကျေးမှုဖလှယ်မှုများ၊ အပြန်အလှန်လေ့လာသင်ယူမှုများသည် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်စေပြီး နိုင်ငံအဆင့်တွင်လည်း ဆက်ဆံရေးခိုင်မာမှုကို တိုးမြှင့်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံယဉ်ကျေးမှုသံယောဇဉ်ကို ကဏ္ဍစုံမှ ဆက်လက်ပြီး ထိန်းသိမ်းမြှင့်တင်ရန်လည်း တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြား သည်။
ဆက်လက်၍ တရုတ်နိုင်ငံကျဲ့ကျန်းပြည်နယ် ဝူအော်ပရာ အနုပညာယဉ်ကျေးမှုသုတေသနဌာန ကျဲ့ကျန်းဝူးကဇာတ်အဖွဲ့က “ကျင်းဟွာ”အော်ပရာဟု အသိများသည့် ဝူအော်ပရာဖြင့် ကပြဖျော်ဖြေကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ကပြဖျော်ဖြေသည့် တရုတ်နိုင်ငံကျဲ့ကျန်းပြည်နယ်ဝူအော်ပရာ အနုပညာယဉ်ကျေးမှုသုတေသနဌာန ကျဲ့ကျန်းဝူးကဇာတ်အဖွဲ့အား အမှတ်တရပန်းခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စမာကျားက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များအား အမှတ်တရပန်းခြင်းပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် သံအမတ်ကြီးတို့သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် တရုတ်နိုင်ငံကျဲ့ကျန်းပြည်နယ် ဝူအော်ပရာအနုပညာ ယဉ်ကျေးမှုသုတေသနဌာန ကျဲ့ကျန်းဝူးကဇာတ်အဖွဲ့နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
စက်တင်ဘာ ၂၁ ရက်တွင် ကျဲ့ကျန်းပြည်နယ် ဝူအော်ပရာ သုတေသနဌာန ကျဲ့ကျန်းဝူးကဇာတ်အဖွဲ့သည် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ညနေ ၃ နာရီတွင် ပရိသတ်များအား ဆက်လက်ကပြဖျော်ဖြေသွားမည်ဖြစ်သည်။ အဆိုပါ အော်ပရာအဖွဲ့က နိုင်ငံပေါင်း ၂၆ နိုင်ငံတွင် အကြိမ်ပေါင်း ၂၀၀ ကျော် ဖျော်ဖြေတင်ဆက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ယခုပထမ ဆုံးအကြိမ်အဖြစ် လာရောက်ဖျော်ဖြေတင်ဆက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ရှမ်းပြည်နယ်မှ လေ့လာရေးခရီး လာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ကိုယ်စားလှယ်များကို တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်
ပြည်တော် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်မှ လေ့လာရေးခရီးလာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၆ နာရီက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ်မှ လေ့လာရေးခရီးလာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယခုလေ့လာရေးခရီးစဉ်သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ရှစ်ကြိမ်မြောက် လေ့လာရေးခရီးစဉ်ဖြစ်ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များအကြား တစ်ဦးနှင့်တစ်ဦး အတွေ့အကြုံများကို အမြင်ချင်းဖလှယ်နိုင်ပြီး ရင်းနှီးမှုများ ပိုမိုရရှိစေမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များကို ပေါင်းစုထားသည့် ပြည်ထောင်စုတစ်ခုဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေးသည် အလွန်အင်မတန် အရေးကြီးပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး နားလည်မှုနှင့် အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်ပါက စစ်မှန်သည့်ညီညွတ်ရေးကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် တည်ဆောက်ရန်အတွက် အရေးကြီးဆုံးအချက်သည် ငြိမ်းချမ်းရေးပင်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုလေ့လာရေးခရီးစဉ်တွင် ငြိမ်းချမ်းသည့်ဒေသများ၌ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများကို လက်တွေ့မြင်တွေ့နိုင်မည်ဖြစ်ပါကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုသည် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်မှုပင်ဖြစ်သဖြင့် နိုင်ငံတော်က ငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့်နည်းတူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးကလည်း အတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် လက်တွဲပူးပေါင်း ပါဝင်ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် မိမိတို့၏ ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဒို့တာဝန်အရေး (၃)ပါးကို မထိခိုက်စေဘဲ ဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းစေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်မှ လေ့လာရေးခရီးလာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များက ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ကို ဂါရဝပြုလက်ဆောင်များပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ကြကာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ကိုယ်စား ပအိုဝ်းတိုင်းရင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် လေ့လာရေးလာရောက်ကြသည့် အဖွဲ့များနှင့်အတူ ချစ်ကြည်ရင်းနှီးစွာဖြင့် ညစာသုံးဆောင်ကြကာ ညစာသုံးဆောင်စဉ် တိုင်းရင်းသားရိုးရာတေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်