
ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေး အနှောင့်အယှက် အဟန့်အတားမှန်သမျှဖယ်ရှား
09/24/2025
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် “နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး” နှင့် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အရေးကြီးသည့် ဆောင်ရွက်ချက်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲများမှ ပေါ်ထွက်လာသော လွှတ်တော်အခင်းအကျင်းများဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍများကို တည့်မတ်မှန်ကန်စွာ ဆောင်ရွက်၍ အနာဂတ်နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်မည့် ကနဦးအမျိုးသားရေးလုပ်ငန်းစဉ်ကြီးဖြစ်သည်။ ပြည်သူလူထု၏ သဘောထားဆန္ဒများကို ထင်ဟပ်ပေါ်လွင်စေမည့် အခင်းအကျင်းဖြစ်၍ အရေးပါပေသည်။
နိုင်ငံတော်နှင့် ပြည်သူအတွက် အရေးကြီးသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် နိုင်ငံတော်က အလေးထားဆောင်ရွက်နေချိန်တွင် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိသွားမည်ကို လည်းကောင်း၊ မိမိတို့အာဏာလက်လွတ်သွားမည်ကိုလည်းကောင်း မလိုလားကြသော၊ စိုးရိမ်ပူပန်ကြသော အဖျက်အမှောင့်အုပ်စုများက ရွေးကောက်ပွဲပျက်စီးရာပျက်စီးကြောင်း သွေးထိုးလှုံ့ဆော်မှုများ၊ မမှန်မကန်ဝါဒ ဖြန့်မှုများ၊ သားပုပ်လေလွင့်ပြောဆိုမှုများစသည်တို့ ပြုလုပ်နေကြသည်ကို တွေ့မြင်ကြားသိနေကြပြီဖြစ်ရာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်လျှောက်လုံး၌ လုံခြုံစိတ်ချစွာဆောင်ရွက်နိုင်ရေးနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်ပြည်သူများ လုံခြုံရေးအတွက် အဟန့်အတား၊ အနှောင့်အယှက်မှန်သမျှကို လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့််တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို နိုင်ငံတော်အစိုးရ က ဥပဒေအမှတ် ၄၈/၂၀၂၅ ဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းထား ပြီးဖြစ်သည်။ ဤဥပဒေကို ပြဋ္ဌာန်းရခြင်းသည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များဆောင်ရွက်ခြင်းကို တားဆီးနှောင့်ယှက်ခြင်းမှ ကာကွယ်ရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လုံခြုံစိတ်ချစွာဖြင့် လွတ်လပ်စွာဆန္ဒမဲပေးရေးကို နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း၊ တားဆီးခြင်းမှ ကာကွယ်ရန်၊ မဲရုံနှင့် မဲရုံအတွင်းတာဝန်ကျသူများလုံခြုံမှုအပြည့်အဝဖြင့် တာဝန်ထမ်းဆောင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
ဤဥပဒေအရရွေးကောက်ပွဲကို အလုံးစုံဖြစ်စေ၊ တစ်စိတ်တစ်ဒေသမျှပင်ဖြစ်စေ ပျက်ပြားစေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုမူပြောဆိုလုပ်ကိုင်မှုများ မပြုလုပ်ကြရန် တားမြစ်ထားသည်။ ဥပဒေပါတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ကျူးလွန်သည့်ပြစ်မှုများအလိုက် ကျခံရမည့်ပြစ်ဒဏ်များမှာ ထောင်ဒဏ်အနည်းဆုံးသုံးနှစ်မှသည် နှစ်ရှည် ထောင်ဒဏ်၊ ထောင်ဒဏ်တစ်သက်နှင့် အကြီးလေးဆုံးပြစ်ဒဏ်ဖြစ်သည့် သေဒဏ်အထိ သတ်မှတ်ထားသည်ကို သတိမူရမည်ဖြစ်သည်။ မြန်မာနိုင်ငံရွေးကောက်ပွဲ သမိုင်းတွင် ရွေးကောက်ပွဲကို နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း၊ ဖျက်ဆီးခြင်းနှင့် အကြမ်းဖက်သတ်ဖြတ်ခြင်းတို့ ကြုံတွေ့ခဲ့ဖူးပြီးပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၌ ဥပဒေမဲ့ပြုကျင့်မှုများကို သင်ခန်းစာယူဖွယ်တွေ့ရှိခဲ့ပြီးဖြစ်သည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာ နေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း၊ ခြိမ်းခြောက်ခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ အချို့နေရာဒေသများတွင် ပြုလုပ်မှုရှိလာရာ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်ခြင်း၊ ဖမ်းဆီးအရေးယူစစ်ဆေးခြင်း၊ ပြစ်မှုထင်ရှားပါက ထိရောက်စွာအရေးယူအပြစ်ပေးခြင်းတို့ကို ဆောင်ရွက်နေပြီဖြစ်သည်။
သို့ဖြစ်ရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးသည် နိုင်ငံတော်နှင့် ပြည်သူအတွက် အရေးကြီးသောလုပ်ငန်းစဉ်ဖြစ်၍ ရွေးကောက်ပွဲကို နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးကြသူများသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းခံရမည်ကို သတိချပ်ရမည်ဖြစ်ပါကြောင်း။ ။

ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရေး
09/24/2025
မိမိတို့နိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအဖို့ နိုင်ငံကိုခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် နိုင်ငံရေးနယ်ပယ်မှာ အဓိကကျသော နယ်ပယ်ဖြစ်သည်။ နိုင်ငံတည်ဆောက်ရေး ကြိုးပမ်းရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေး၊ ဆင်းရဲနွမ်းပါးမှု၊ ခေတ်နောက်ကျမှုသံသရာမှ ရုန်းထွက်နိုင်ရန် အစပျိုးတွန်းအားပေးနိုင်ရေး၊ ပြည်သူများကာယ၊ ဉာဏစွမ်းအားများဖြင့် ပါဝင်လာစေရန် နှိုးဆော်တိုက်တွန်းနိုင်ရေး၊ ထိရောက်သည့် အဆောက်အအုံပိုင်းဖွဲ့စည်းမှု၊ မှန်ကန်သည့် မူဝါဒများချမှတ်မှုတို့ ဆောင်ရွက်နိုင်ရေး စသည်တို့ကို ဆောင်ရွက်နိုင်သည့် နယ်ပယ်မှာ နိုင်ငံရေးနယ်ပယ်သာဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့် နိုင်ငံရေးသည် ခေတ်မီရန်လိုအပ်ပြီး ပြည်သူတို့၏ မှန်ကန်သော ဆန္ဒသဘောထားဖော်ပြချက်များကို လက်တွေ့လုပ်ငန်းများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်သော နိုင်ငံရေးယန္တရား (Political Mechanism) ဖြစ်ရန်လိုသည်။ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့်နိုင်ငံတစ်နိုင်ငံအနေဖြင့် ရွေးကောက်ပွဲ ကျင်းပ၍ ရွေးကောက်ခံအစိုးရဖြင့် နိုင်ငံ့အရေးဆောင်ရွက်ခြင်းက အကောင်းဆုံးပင်ဖြစ်သည်။ ဒီမိုကရေစီစနစ်အရ နိုင်ငံရေးဖြစ်စဉ်တွင် ပြည်သူတို့ပါဝင်မှု အဆင့်အတန်းတိုးတက် မြင့်မားစေရန် အစိုးရများက အမြဲကြိုးပမ်းနေရမည်ဖြစ်ပြီး အစိုးရနှင့် ပြည်သူကြား အပြန်အလှန် နားလည်မှုနှင့် တာဝန်ရှိမှုဟူသော အမြင်များ တိုးတက်မြင့်မားနေစေရန်လည်း လိုအပ်သည်။ အထူးသဖြင့် နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရနှင့် ပြည်သူတို့၏ နိုင်ငံရေးရင့်ကျက်မှုမှာလည်း မရှိမဖြစ်သော အခြေအနေပင်ဖြစ်သည်။
‘‘လူတိုင်းသည် နိုင်ငံရေးအရတည်ငြိမ်ပြီးစီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုများကို လိုလားကြကာ စိတ်အေးချမ်းသာစွာဖြင့် စီးပွားရေးလုပ်ဆောင်လိုကြကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် နိုင်ငံရေးအရ မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူက လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန်ဖြင့် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရန် သဘောတူထားပြီး ဖြစ်ကြောင်း’’ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယခုအခါ လာမည့်ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။ အဓိကအားဖြင့် ယင်းသို့ပြင်ဆင် ဆောင်ရွက်နေရခြင်း၏ ရည်ရွယ်ချက်မှာ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲ ဖြစ်လာစေရန်အတွက်ပင်ဖြစ်သည်။ တစ်ဖက်တွင်လည်း မြေပေါ် မြေအောက်အဖျက်အမှောင့်သမားများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်ဖျက်ဆီးရန် ကြိုးပမ်းနေမှုများကို တွေ့မြင်နေရသကဲ့သို့ ဖမ်းဆီးအရေးယူမှုများကိုလည်း တွေ့ရှိနေရာ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသော ပြည်သူများ ကလည်း အဖျက်အမှောင့်များကို ဝိုင်းဝန်းကူညီ တားဆီးကြရန် လိုသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်အောင် မြင်မြင် ကျင်းပပြီး ပြည်သူလူထုက မှန်မှန်ကန်ကန် စိစစ်ရွေးကောက်တင်မြှောက်ပေးလိုက်သော ကိုယ်စားလှယ်များနှင့်အတူ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ဆောက်ကြရပါမည့်အကြောင်း။ ။

မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်း (ICSP)၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာ ၂၆ ရွာအား ရန်ပုံငွေပေးအပ်
09/24/2025
နေပြည်တော် စက်တင်ဘာ ၂၃
မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းမှရရှိသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာ ၂၆ ရွာကို ရွေးချယ်ပြီး ရန်ပုံငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့တွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိစိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာခေါင်းဆောင်များ တက်ရောက်ကြသည်။
ပြောကြား
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း စံပြကျေးရွာဆောင်ရွက်ကြသည့် ကျေးရွာခေါင်းဆောင်များက မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်စေရန် စီမံကိန်းတွင် ရွာသူရွာသားများ တက်တက်ကြွကြွ ပါဝင်အောင်စည်းရုံးနိုင်သော ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစားအားထုတ်ကြရန်လိုကြောင်း “ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံဖြစ်သည်” ဆိုသော ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်း၏ လက်စွဲဆောင်ပုဒ်နှင့်အညီ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းရှိ ကျေးရွာများအားလုံး ဖွံ့ဖြိုးတိုးတက်အောင် အတူလက်တွဲ၍ ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ကျေးရွာသစ်လှုပ်ရှားမှုစံပြကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းဒေသများဖြစ်သည့် ပဲခူး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ ကျေးရွာ ၂၆ ရွာအတွက် ရန်ပုံငွေများပေးအပ်ပြီး ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က သင်တန်းထောက်ပံ့ပစ္စည်းများပေးအပ်ရာ ကျေးရွာခေါင်းဆောင်တစ်ဦးစီက လက်ခံရယူကြသည်။
ယနေ့အခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခုရှိ ကျေးရွာ ၂၆ ရွာမှ ကျေးရွာသစ် လှုပ်ရှားမှု စံပြကျေးရွာစီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် ပေအပ်ခြင်းဖြစ်ပြီး စီမံကိန်းကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများလျာထားအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားနည်းချက်များမရှိစေရန် ငွေစာရင်းလုပ်ထုံးလုပ်နည်း လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသင်တန်းကိုလည်း တစ်ပါတည်းပို့ချပေးပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုက်စညိနိုဂိုရပ်ဖ်မြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူငယ်ပွဲတော်ညီလာခံသို့ တက်ရောက်
09/24/2025
ရန်ကုန် စက်တင်ဘာ ၂၃
မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ဦးဆောင်သည့် မြန်မာလူငယ်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုက်စညိနိုဂိုရပ်ဖ်မြို့၌ ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူငယ်ပွဲတော်ညီလာခံသို့ တက်ရောက်ခဲ့သည်။
ကြည့်ရှုလေ့လာ
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် Nizhny Novgorod Fair ခန်းမ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူငယ်ပွဲတော်ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကမ္ဘာတစ်ဝန်း လုံးရှိ လူငယ်များနှင့် တွေ့ဆုံနှုတ်ဆက်ကာ စက်တင်ဘာ ၁၈ ရက်တွင် နိုင်ငံတကာရှိ လူငယ်များ၏ မီဒီယာကဏ္ဍ၊ စက်မှုတီထွင်နိုင်စွမ်းကဏ္ဍ၊ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုကဏ္ဍ၊ ပညာရေးနှင့်သိပ္ပံကဏ္ဍ၊ စွန့်ဦးတီထွင်မှုကဏ္ဍ၊ အားကစားကဏ္ဍနှင့် သတင်းအချက်အလက်နည်းပညာကဏ္ဍများတွင် ကဏ္ဍအလိုက်လှုပ်ရှားဆောင်ရွက်မှုများကို လိုက်လံ ကြည့်ရှုလေ့လာခဲ့ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရုရှားနိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ Nizhny Novgorod Fair တွင်ကျင်းပသည့် လူငယ်များ၏စကားဝိုင်း အခမ်းအနားအစီအစဉ်သို့ တက်ရောက်ခဲ့ပြီး စကားဝိုင်းအခမ်းအနားတွင် မြန်မာနိုင်ငံ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးရာ နိုင်ငံတကာမှ လူငယ်အဖွဲ့အစည်းများ၊ အစိုးရဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက မြန်မာလူငယ်များအနေဖြင့် အာဆီယံနှင့် နိုင်ငံတကာလူငယ်အစီအစဉ်များ၊ ပြိုင်ပွဲများနှင့်ဆွေးနွေးပွဲများတွင် တက်ရောက်နိုင်ရေးအတွက် အခွင့်အလမ်းများကို ပူးပေါင်းဖန်တီးဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ လူငယ်များ၏ စွမ်းဆောင်ရည် မြင့်မားစေရန်နှင့် ကိုယ်ပိုင်အတွေးအခေါ်များ တိုးတက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းအစီအစဉ်များ၊ လူမှုအကျိုးပြု စေတနာ့ဝန်ထမ်းလုပ်ငန်းအစီအစဉ်များကိုပါ ထည့်သွင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းလူငယ်များအပါအဝင် လူငယ်များအား နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်နိုင်စေရန်အတွက် တိုက်တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး အရည်အသွေးပြည့်ဝသည့် ပညာရေးစနစ်၊ အလုပ်အကိုင်အခွင့်အလမ်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အားကစားနှင့်အပန်းဖြေမှု၊ ပြည်သူ့အကျိုးပြု လုပ်ငန်းနှင့်နိုင်ငံ့သားကောင်းဖြစ်မှု၊ ကျား/မတန်းတူညီမျှမှုနှင့် လူ့အခွင့်အရေးအစရှိသည့် ကဏ္ဍစုံများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့သည်။
အဆိုပါ ကမ္ဘာ့လူငယ်ပွဲတော်ညီလာခံ အခမ်းအနားသို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ မှ လူငယ်ကိုယ်စားလှယ် ၂၀၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။
ဒုတိယဝန်ကြီးသည် စက်တင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Egor LITVINENKO, Deputy Head of the Federal Agency for youth Affairs နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံအနေဖြင့် လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဘက်ဘက်မှ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားရာ ရုရှားနိုင်ငံမှ Egor LITVINENKO, Deputy Head of the Federal Agency for youth Affairs ကလည်း လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့နိုင်ငံအနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅ (World Atomic Week Forum - 2025) ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ထွက်ခွာ
09/24/2025
နေပြည်တော် စက်တင်ဘာ ၂၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅ (World Atomic Week Forum 2025) သို့တက်ရောက်ရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizovi ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဦးကိုကိုလွင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြကြောင်း သတင်းရရှိသည်။