
အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ
09/25/2025
နေပြည်တော် စက်တင်ဘာ ၂၄
၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (Interna-tional Day for Disaster Risk Reduction – IDDRR) အထိမ်းအမှတ်အဖြစ် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ပြိုင်ပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အဆင့်အလိုက် ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး နေ့အထိမ်းအမှတ်အခမ်းအနားတွင် ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
သတင်းစဉ်

မစ္စတာ မာဇီယဒ်မိုဟာမက်မာ ဇီယဒ်အယ်လ်ဟိုဝီရှန်အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်
09/25/2025
နေပြည်တော် စက်တင်ဘာ ၂၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာ မာဇီယဒ်မိုဟာမက်မာဇီယဒ် အယ်လ်ဟိုဝီရှန်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် ဆော်ဒီအာရေဗျအစိုးရ၏ အဆိုပြုချက်ကို သဘောတူပြီးဖြစ်သည်။
မစ္စတာ မာဇီယဒ်မိုဟာမက် မာဇီယဒ်အယ်လ်ဟိုဝီရှန်ကို ၁၉၈၀ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်တွင် မွေးဖွားခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့ရှိ ကင်းဆော့ဒ်တက္ကသိုလ်မှ ဥပဒေဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ကို ၂၀၀၂ ခုနှစ်တွင်လည်းကောင်း၊ အီဂျစ်နိုင်ငံ၊ အလက်ဇန္ဒရီးယားမြို့ရှိ အလက်ဇန္ဒရီးယားတက္ကသိုလ်မှ နိုင်ငံတကာဥပဒေဘာသာရပ်ဖြင့် မဟာဘွဲ့ကို ၂၀၂၄ ခုနှစ်တွင်လည်းကောင်းရရှိခဲ့သည်။
မစ္စတာ မာဇီယဒ်မိုဟာမက် မာဇီယဒ်အယ်လ်ဟိုဝီရှန် သည် ၂၀၀၄ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ဆော်ဒီအာရေဗျနိုင်ငံ၊ အာရှနိုင်ငံများဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးရုံးတွင် သံအရာရှိအဖြစ်လည်းကောင်း၊၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျသံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဆီးရီးယားနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျသံရုံးတွင် ပထမအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဆော်ဒီအာရေဗျနိုင်ငံ၊ သံတမန်ရေးရာကောင်စီ၏ ဒုတိယအတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် ၂၀၂၁ ခုနှစ်မှစ၍ အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
မစ္စတာ မာဇီယဒ်မိုဟာမက် မာဇီယဒ်အယ်လ်ဟိုဝီရှန်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သားသမီးသုံးဦးထွန်းကားသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၆) နှစ်မြောက် နှစ်ပတ်လည်နှင့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားတက်ရောက်
09/25/2025
နေပြည်တော် စက်တင်ဘာ ၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၆) နှစ်မြောက် နှစ်ပတ်လည်နှင့် မြန်မာ- တရုတ် သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့် အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ WYNDHAM GRAND Yangon Hotel ၌ ကျင်းပရာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် ဇနီးတို့ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားနှင့် တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ ဇနီးနှင့် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြပြီး ခင်းကျင်းပြသထားသည့် တရုတ်နိုင်ငံ၏ သမိုင်းကြောင်းမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သီချင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး တရုတ်နိုင်ငံ၏ ဒေသအတွင်းဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းဗီဒီယိုကို ပြသကာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားသည် လွန်ခဲ့သည့် (၇၆) နှစ်တာကာလအတွင်း ရရှိခဲ့သည့် တရုတ်နိုင်ငံ ခေါင်းဆောင်များနှင့် ပြည်သူများ၏ အောင်မြင်မှုကို ဂုဏ်ပြုသည့် ပွဲဖြစ်သကဲ့သို့ နှစ်နိုင်ငံအကြား နှစ်ပေါင်း (၇၅) နှစ် ကျော်ကြာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသည့် သမိုင်းဝင်အမှတ်တရများ၊ ခိုင်မာသည့် မိတ်ဖက်ဆက်ဆံရေးများ၊ အပြန်အလှန်လေးစားမှုများနှင့် နှစ်နိုင်ငံမိတ်ဖက်များအကြား နယ်ပယ်စုံ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်ထားရှိသည့် ကတိကဝတ်များကို ထင်ဟပ်ပြသသည့် အထိမ်းအမှတ် အောင်ပွဲတစ်ခုဖြစ်ပါကြောင်း၊ သံတမန်ဆက်ဆံရေးစတင်ထူထောင်ချိန်မှစ၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မကျူးကျော်ရေး၊ ဝင်ရောက်မစွက်ဖက်ရေး၊ အပြန်အလှန်လေးစားမှု၊ တန်းတူညီတူရှိမှုနှင့် ပူးပေါင်းဆောက်ရွက်မှုတို့အပေါ် အခြေခံသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ကို ပူးတွဲထုတ်ပြန်နိုင်ခဲ့ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို အဖွင့်ကောင်းဖြင့် စတင်နိုင်ခဲ့ကြောင်း။
မန္တလေးငလျင်ကြီး လှုပ်ခတ်မှုအပြီး တရုတ်နိုင်ငံ မှ အချိန်နှင့်တစ်ပြေးညီ ပေးအပ်ခဲ့သည့် အရေးပေါ် ကယ်ဆယ်ရေးအကူအညီများ၊ ကျန်းမာရေးအကူအညီများ၊ ပြန်လည်ထူထောင်ရေးနှင့် နေရာချထားရေးဆိုင်ရာ အကူအညီများသည် ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် မြန်မာပြည်သူများအတွက် စိတ်ဓာတ်ခွန်အားကို ရရှိစေခဲ့ပါကြောင်း၊ အလားတူ မြန်မာ့ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံမှပေးအပ်သော အပြုသဘောဆောင်သည့် အထောက်အပံ့များ၊ အာဆီယံနှင့် ကုလသမဂ္ဂအစရှိသည့်ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ထောက်ခံပေးမှုနှင့် ယခုနှစ်ကုန်ပိုင်းတွင် စတင်ကျင်းပမည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးပေးသည့် အကူအညီများအတွက် ကျေးဇူးတင်ရှိပါကြောင်း။
နှစ်နိုင်ငံအကြား အပြန်အလှန်ဖေးမကူညီမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ဖြစ်ထွန်း လာသည်နှင့်အမျှ နိုင်ငံအကြား အပြန်အလှန် ယုံကြည်မှုနှင့် ထောက်ခံမှုများ တိုးတက်ဖြစ်ထွန်း လာခဲ့သည်ကို သမိုင်းက သက်သေခံလျက်ရှိပါကြောင်း၊ သာတူညီမျှမှု၊ အပြန်အလှန် လေးစားယုံကြည်မှုနှင့် ဆွေမျိုးပေါက်ဖော်အိမ်နီးချင်းကောင်းဆက်ဆံရေးကိုအခြေခံကာ အတူတကွ ဆက်လက်ကြိုးပမ်းအားထုတ်မည်ဆိုပါက ပိုမိုမြင့်မားသည့် ဆက်ဆံရေးအဆင့်သို့ တက်လှမ်းနိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်နိုင်ငံ သံအမတ်ကြီးတို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၆) နှစ်မြောက် နှစ်ပတ်လည်နှင့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့် အထိမ်းအမှတ်ကိတ်မုန့်ကို လှီးဖြတ်ပေးကြပြီး သံအမတ်ကြီးက တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် ဇနီး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော်အရာရှိများနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
09/25/2025
နေပြည်တော် စက်တင်ဘာ ၂၄
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရွေးကောက်ပွဲကို အပိုင်းလိုက် ဆောင်ရွက်သွားရန် စီမံဆောင်ရွက်ထားရှိမှု၊ နိုင်ငံပြင်ပကြိုတင်မဲပေးခြင်းနှင့် နိုင်ငံရေးပါတီဆိုင်ရာ ကိစ္စရပ်များ၊ ဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များ ဖိတ်ကြားမည့်အခြေအနေ၊ ကိုယ်စားလှယ်လောင်းလျှောက်ထားမှု၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

သန်လျင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
09/24/2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိ ပညာပေး ဟောပြောပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်များ၏ အဓိကစိန်ခေါ်မှုတစ်ခုမှာ မူးယစ်ဆေးဝါးပြဿနာဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနက ဘိန်းပင်၊ ကိုကားပင်၊ ဆေးခြောက်ပင်နှင့် မူးယစ်ဆေးဝါးဖြစ်သည်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည့် အပင်တစ်မျိုးမျိုး ယင်းအပင်တစ်မျိုးမျိုးကထွက်ရှိသော (သို့မဟုတ်) ထုတ်လုပ်သော အရာဝတ္တုများ၊ ဆေးဝါးများကို မူးယစ်ဆေးဝါးဟုသတ်မှတ်ကြောင်း၊ မူးယစ်ဆေးဝါးသည် လူသားတို့၏ ဆင်ခြင်တုံတရားများ၊ ကာယအား၊ ဉာဏအား၊ လူ့စွမ်းအားအရင်းအမြစ်အားလုံးကို အန္တရာယ် ပေးနိုင်ကြောင်း၊ လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများစွာ ပျက်စီးဆုံးရှုံးစေသည့် ပစ္စည်း တစ်မျိုးဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေး ဟောပြော ပွဲသို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
IPRD