
တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေး
09/29/2025
ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေးပွဲကို စက်တင်ဘာ ၂၇ ရက်တွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Auditorium ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ မြို့မိမြို့ဖများနှင့် အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်၊၊
ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုင်းရင်းသားတိုင်းရင်းသူများက “ရွှေပြည်တော်သို့တို့အတူ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်၊၊
ထို့နောက် “တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဆီသို့” Video Clip ကို ပြသသည်၊၊
ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မိမိတို့အနေဖြင့် ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာကို ရှေ့ပြေးစီမံကိန်းအဖြစ် စတင် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကိုလည်း ပြည်သူများသိရှိစေရန် မီဒီယာမှတစ်ဆင့် ထုတ်လွှင့်ဖြန့်ချိလျက်ရှိပါကြောင်း၊ နိုင်ငံတော်မီဒီယာသည် ပြည်သူလူထုအတွက် ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ အသိပညာပေးရန်တို့သာမက ပြည်သူများကို ပြုံးပျော်ရွှင်စေရေးအတွက်ပါ ဖန်တီးဆောင်ရွက်ပေးနေပါကြောင်း၊ ခိုင်မာတောင့်တင်းအားကောင်းသည့် လူမှုအသိုက်အဝန်းကိုလည်း နိုင်ငံတော်မီဒီယာအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိပြီး ပြည်သူနှင့်အစိုးရအကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ပြည်သူလူထုထံ သတင်းမှန်များ ရောက်ရှိသိရှိနိုင်စေရေးအတွက် အချိန်နှင့်တစ်ပြေးညီ နည်းလမ်း မျိုးစုံဖြင့် ကြိုးစားဖော်ပြနေပါကြောင်း၊ မိဘပြည်သူများအနေဖြင့် လူမှုကွန်ရက်ပလက်ဖောင်းများကို သုံးစွဲရာတွင် သတင်းတု၊ သတင်းမှားများကို ခွဲခြားဝေဖန်ပိုင်းခြားပြီး စီးပွားရေး၊ လူမှုရေးအတွက် အကျိုးကျေးဇူးရှိစေမည့် ဗဟုသုတများကိုသာ ကြည့်ရှုစေလိုပါကြောင်း၊ လာမည့်ကာလများတွင် တိုးတက်ကောင်းမွန်သည့် အသိုက်အဝန်းနှင့် ယုံကြည်စိတ်ချပျော်ရွှင်စရာ ကောင်းသည့်ဘဝများ ရောက်ရှိရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တပ်ကုန်းမြို့နယ် မြို့မ ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၉ အုပ်စုတို့အတွက် MRTV DTH စလောင်း ၁၇၇ စုံနှင့် MRTV DVB-T2 Set Top Box အလုံး ၁၁၀ တို့ကို ပေးအပ်သည်၊၊
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားမြင့်မားရေး၊ အမျိုးသားပညာရေးအဆင့်အတန်းမြင့်မားရေးနှင့် နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင်ကောင်းမွန် သာယာရေးတို့အတွက် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ပြည်သူများကလည်း နိုင်ငံတော်နှင့်တကွ နိုင်ငံသားတိုင်း၏ ကောင်းကျိုးများဖြစ်ထွန်းစေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးစီမံချက်သည် ကျေးလက်ဒေသများ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအပြင် ရေရှည်တည်တံ့ခိုင်မြဲသည့် လူမှုစီးပွားဘဝများ ခိုင်မာအားကောင်းလာစေရေးအတွက် အကောင်အထည်ဖော်ပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တပ်ကုန်းမြို့နယ် ပညာရေးမှူးရုံးတစ်ရုံး၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၃၀ နှင့် အခြေခံပညာအလယ်တန်းကျောင်း ၃၄ ကျောင်းတို့အတွက် MRTV DTH စလောင်း ၇၂ စုံကို ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအား MRTV DTH စလောင်း ၁၅ စုံနှင့် MRTV DVB-T2 Set Top Box အလုံး ၃၀ တို့ကို ကံစမ်းမဲဖောက်၍ ပေးအပ်သည်၊၊
ထို့နောက် နာမည်ကျော်တေးသံရှင်များက တေးသီချင်းများဖြင့်လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ယိမ်းအဖွဲ့က “ပန်းတိုင်းပွင့်ပါစေ” သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေ တင်ဆက်ကြသည်၊၊
ယင်းနောက် ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ စိန်ရတုပြတိုက်နှင့် သတင်းစတူဒီယိုခန်းများကို ကြည့်ရှုလေ့လာကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး မြစိမ်းရောင်စက်မှုဇုန်ရှိ စက်ရုံများ အလုပ်ရှင်၊ အခြေခံအလုပ်သမားအဖွဲ့အစည်းဝင်များနှင့် တွေ့ဆုံ
09/29/2025
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် တာဝန်ရှိသူများနှင့် အတူ စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် မြစိမ်းရောင်စက်မှုဇုန်ရှိ Myanmar Rui Xin Shoes Co.,Ltd. ဖိနပ်ချုပ် စက်ရုံနှင့် Sincerece Season(Myanmar) Garment Co., Ltd. အထည်ချုပ်စက်ရုံတို့မှ အလုပ်ရှင်၊ အခြေခံအလုပ်သမားအဖွဲ့အစည်းဝင်များနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စက်ရုံ၊ အလုပ်ရုံများ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အလုပ်သမားအဖွဲ့ အစည်းဝင်များနှင့်အလုပ်ရှင်များ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်နှင့် အလုပ်သမားတို့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆို လုပ်ကိုင် ရန်နှင့် အလုပ်သမားရေးရာဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းနိုင်ရေးဦးစီး ဌာနမှ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အလုပ်သမားအဖွဲ့အစည်း များကို ဖွဲ့စည်းရာတွင် အလုပ်သမားများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်သမား အချင်းချင်းအကြား၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်စေရန်အတွက် စနစ်တကျ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ကြောင်း၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ(WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများအနေဖြင့် အလုပ်သမားရေးရာဥပဒေများနှင့်အညီ သက်ဆိုင်ရာဌာနများ၏ စည်းကြပ်ဆောင်ရွက်ပေးမှုများကို အလေးထားလိုက်နာရန်၊ အလုပ်ရှင်၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် လုပ်သားများအားလုံး လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လူမှုဖူလုံရေးအဖွဲ့မှ စက်ရုံများအတွင်း ရွေ့လျားဆေးကုသယာဉ်ဖြင့် အာမခံအလုပ်သမားများအား ဆေးဝါးကုသခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် နှလုံးအတွက် ECG စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


အသည်းရောင်အသားဝါ စီရောဂါ စစ်ဆေးကုသရေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်း (Training on Management of Viral Hepatitis C Infection in Yangon) ဖွင့်ပွဲ အခမ်းအနားကျင်းပ
09/29/2025
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ အသည်းရောင်အသားဝါ စီရောဂါ စစ်ဆေးကုသရေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်း (Training on Management of Viral Hepatitis C Infection in Yangon) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Inya Lake Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး/ ကူးစက်) တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ)နှင့် တာဝန်ရှိသူများ၊ မြန်မာပြည်အောက်ပိုင်းရှိ တိုင်းဒေသကြီး/ ပြည်နယ်များမှ အသည်းရောင်အသားဝါ စီရောဂါကုသမှုဆောင်ရွက်လျက်ရှိသော ပြည်သူ့ဆေးရုံကြီး (၂၀)ရုံမှ ပါမောက္ခ/ ဌာနမှူးများနှင့် အထူးကုဆရာဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲနှင့် ခုခံကျ/ ကာလသားရောဂါတိုက်ဖျက်ရေးဌာနစိတ်တို့မှ တာဝန်ရှိသူများ၊ WHO၊ UNICEF နှင့် CHAI အဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသူများက လူကိုယ်တိုင်တက်ရောက်ခဲ့ကြပြီး NAP ကုသရေး site (၁၄)နေရာ မှ လုပ်ငန်းဆောင်ရွက်လျက်ရှိသော တာဝန်ခံများနှင့် အခြားပုဂ္ဂိုလ်များမှ Zoom ဖြင့် တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းတွင် အသည်းရောင်အသားဝါ စီရောဂါ စစ်ဆေးကုသရာ၌ ကျန်းမာရေး ဝန်ကြီးဌာနမှ လမ်းညွှန်ထားရှိသော Simplified Guidelines and Simplified Algorithm စံလမ်းညွှန်ချက်များအတိုင်း တစ်ပြေးညီ စစ်ဆေးကုသမှုပေးနိုင်ရန်နှင့် အသည်းရောင်အသားဝါ စီရောဂါ ကုသရေးဆိုင်ရာ သတင်းအချက်အလက်စီမံခန့်ခွဲမှု၊ ဆေးဝါးနှင့် ဆေးပစ္စည်း စီမံခန့်ခွဲမှုတို့နှင့်ပတ်သက်၍ ပါမောက္ခ/ ဌာနမှူး အသည်းအထူးကုဆရာဝန်ကြီးများ၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှ ပါမောက္ခ/ ဌာနမှူး၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(NHL)မှ အထူးကုဆရာဝန်ကြီးများနှင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူများက သင်တန်းဆရာအဖြစ် သင်တန်းပို့ချပေးခဲ့သည်။
သင်တန်းကို (၂၅-၉-၂၀၂၅)ရက်နေ့မှ (၂၆-၉-၂၀၂၅)ရက်နေ့အထိ (၂)ရက်ကြာ Semi-Virtual စနစ်ဖြင့်ကျင်းပခဲ့ပြီး လူကိုယ်တိုင်တက်ရောက်သူ (၄၈)ဦးနှင့် အွန်လိုင်းမှတက်ရောက်သူ (၅၂) ဦး၊ စုစုပေါင်းသင်တန်းသား (၁၀၀)ဦး၊ သင်တန်းဆရာ (၉)ဦးနှင့် အခြားဖိတ်ကြားထားသူများ (၇)ဦး၊ စုစုပေါင်း (၁၁၆)ဦး တက်ရောက်ခဲ့ပါသည်။ (၂၆-၉-၂၀၂၅)ရက်နေ့၊ ညနေပိုင်းတွင် သင်တန်းဆင်းပွဲ အခမ်းအနား ဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်(သဘာဝဘေး/ ကူးစက်)နှင့် အသည်းအထူးကုဆရာဝန်ကြီးများမှ သင်တန်းသားများအား သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

တိုင်ဖွန်းမုန်တိုင်း ဘူအလွိုင် လေဖိအားနည်းဆဲလ်အဖြစ် မြန်မာနိုင်ငံကို ဆက်လက်ဖြတ်ကျော်နိုင်
09/29/2025
နေပြည်တော် စက်တင်ဘာ ၂၈
တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” အခြေအနေ
ယနေ့ညနေ ၃ နာရီခွဲတိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားလျက်ရှိပြီး ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၏ မြောက်-အရှေ့မြောက်ဘက်ရေမိုင် ၅၀ ခန့်နှင့် ဗင့်မြို့၏ အရှေ့တောင်ဘက် ရေမိုင် ၁၇၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” ၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်”သည် ညနေ ၃ နာရီခွဲတွင် မြောက်လတ္တီကျု ၁၇.၀ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၀၈.၁ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၇၅ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၇၅ မိုင်နှုန်းခန့် ဖြစ်သည်။
နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ယနေ့ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေဒေသများကို ဗင့်မြို့နှင့် ဒါနန်းမြို့တို့ကြား ဒုံဟွိုင်မြို့အနီးမှ အားကောင်းသောအပူပိုင်းမုန်တိုင်း “ဘူအလွိုင်” အဖြစ်ဖြင့် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။ ထိုမှတစ်ဆင့် စက်တင်ဘာ ၂၉ ရက်တွင် ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ်တို့ကို အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” အဖြစ်ဖြင့်လည်းကောင်း၊ စက်တင်ဘာ ၃၀ ရက်တွင် လာအိုနိုင်ငံကို အပူပိုင်း မုန်တိုင်းငယ်အဖြစ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံကို လေဖိအားနည်းဆဲလ်အဖြစ်ဖြင့်လည်းကောင်း ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။
သတိပေးနှိုးဆော်ချက်
အဆိုပါ တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် ယနေ့ညနေမှ အောက်တိုဘာ ၁ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်။ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်သည်။
အကြံပြုချက်
သို့ဖြစ်၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်း ပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးနှိုးဆော်ထားသည်။
မြန်မာ့အလင်း

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၆၁၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
09/29/2025
စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူ စားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး စားအုန်းဆီကို ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။
ပြည်ပမှ စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၅ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၆၁၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရသည်။