ရုရှားဖက်ဒရေးရှင်းနိုင်ငံ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့ The Open International Biology Olympic (OIBO) 2025 ပြိုင်ပွဲတွင် ဒဂုံ (၁) မှ တစ်ဦးချင်းတတိယဆုများရရှိ

 

ဒဂုံမြို့နယ်  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းသား/ကျောင်းသူများသည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့ ဖက်ဒရယ်နယ်မြေ  ဆိုင်ရပ်စ်၌ ကျင်းပသော The Open International Biology Olympic(OIBO) 2025 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲအတွင်း တစ်ဦးချင်း တတိယဆုများ ဆွတ်ခူးခဲ့ကြပြီး မေ ၁၉ ရက် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး  ဦးဌေးအောင်၊  ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းအုပ်ဆရာမကြီး ဒေါက်တာစန္ဒာမြငြိမ်းနှင့် ဆရာမများ၊ တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက နိုင်ငံတော်အလံများ၊ ဗီနိုင်းပိုစတာနှင့် ပန်းစည်းများကိုင်ဆောင်၍ ကြိုဆိုခဲ့ကြသည်။  

အဆိုပါ The Open International Biology Olympic (OIBO) 2025 ပြိုင်ပွဲသည်  စက်မှုလုပ်ဖော်ကိုင်ဖက်များနှင့်ပူးပေါင်းကာ  နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့်  အတွေ့အကြုံဖလှယ်ခြင်းတို့ကို  ဖွံ့ဖြိုးတိုးတက်စေမည့် ကျောင်းသားလူငယ်များအား လက်ရှိ ဇီဝဗေဒနှင့်ဇီဝနည်းပညာဆိုင်ရာ  ပြဿနာများကို လေ့လာရန်နှင့် ဖြေရှင်းရန်အတွက်ရည်ရွယ်သည့် နိုင်ငံတကာ ဇီဝဗေဒပြိုင်ပွဲတစ်ခုဖြစ်ပြီး နိုင်ငံတစ်နိုင်ငံစီကို အသင်းတစ်သင်းအဖြစ်  ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ကာ မေ ၁၀ ရက်မှ ၁၇ ရက်အထိ ပြိုင်ပွဲ ကာလတစ်လျှောက် Zoology ၊ Botany ၊ Practical ပြိုင်ပွဲများမှ  တစ်ဦးချင်းတတိယဆုများ ဆွတ်ခူးရရှိခဲ့ကြသည်။

ယင်းပြိုင်ပွဲကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီ (Sochi) မြို့တွင် ၇ ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့်  အခြေခံပညာအဆင့်တွင် ဒဂုံမြို့နယ်  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ  အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၆ ဦး  လိုက်ပါယှဉ်ပြိုင်ခဲ့ကြရာ တစ်ဦးချင်းအလိုက် တတိယဆုများကို ရရှိခဲ့ကြောင်းသိရသည်။

21.05.2025
MDD

အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်း ယှဉ်ပြိုင်မည်

၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အာဆီယံ ယူ-၁၉  အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို  ဇွန် ၉ ရက်မှ ၁၈ ရက်အထိ  ဗီယက်နမ်နိုင်ငံ  ဟိုချီမင်းမြို့၌  ကျင်းပမည်ဖြစ်ပြီး  အသင်းရှစ်သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စုမဲခွဲပွဲကို မေ ၉ ရက်က ပြုလုပ်ရာ အုပ်စုခွဲဝေထားမှုအရ အုပ်စု(က)တွင် အိမ်ရှင် ဗီယက်နမ်၊ မြန်မာ၊ လာအို၊ တီမော၊ အုပ်စု(ခ)တွင် လက်ရှိ ချန်ပီယံ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် မလေးရှားအသင်းတို့ ပါဝင်နေသည်။

ယင်းပြိုင်ပွဲကို  လေးကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပပြီးနောက် ယခု ၂၀၂၅ ခုနှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်နေပြီး မေ ၈ ရက်ကတည်းက လေ့ကျင့်ပြင်ဆင်နေကာ အာဆီယံ ယူ-၁၉ ပြိုင်ပွဲ အပြီးတွင် အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ကျင်းပပြီးစီးခဲ့သည့် သုံးကြိမ်တွင် ထိုင်းအသင်းက နှစ်ကြိမ်၊ ဩစတြေးလျအသင်းက တစ်ကြိမ် ဗိုလ်စွဲထားပြီး မြန်မာအသင်းသည် သုံးကြိမ်စလုံး ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်သော်လည်း တတိယ နှစ်ကြိမ်နှင့် စတုတ္ထတစ်ကြိမ် ရရှိထားသည်။ 

21.05.2025
နှစ်သိမ့်ဆွေးနွေး

ကျောက်တလုံးကြီးမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ နေထိုင်ကြသော ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတပိုမိုရရှိစေရန် ရည်ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပထမနိမ္မိတသပိတ်  မြတ်ဘုရားတောင်ပေရှိ အောင်ဇမ္ဗူလောင်းဓမ္မာရုံတွင် မေလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ဟောပြောပွဲတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မူမူသိန်းက ငလျင်ဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းရာများကို ဒေသခံပြည်သူများ ပိုမိုသိရှိစေရန် Power Point slide များဖြင့် ဟောပြောပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက ငလျင်ဘေး၊ မီးဘေး၊ လေဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေး ကြိုတင်ကာကွယ်ရေးအကြောင်းအရာများပါဝင်သော  သဘာဝဘေးအန္တရာယ်ဆိုင်ရာ  အသိပညာပေးလက်ကမ်းစာစောင်ကို  ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ  အသိပညာပေးဟောပြောပွဲသို့  ကျောက်တလုံးကြီးမြို့  အုပ်ချုပ်ရေးမှူး  ဦးသက်နိုင်နှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်းနှင့် အဆိုပါအသိ ပညာပေးဟောပြောပွဲများကို ကျောက်တလုံးကြီးမြို့ နောင်ခဲကျေးရွာ၊ ဟမ်းဆီးကျေးရွာနှင့် နောင်ကားကျေးရွာတို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

21.05.2025
လူငယ်ရေးရာ

မြန်မာနိုင်ငံ လူငယ်‌ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

 

မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို မေလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ပညာရေးဒီဂရီကောလိပ် အားကစားရုံအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ 
ဦးစွာ မြန်မာ့လက်ရွေးစင် မချစ်နိုဒီဆောင်းနှင့်အဖွဲ့က ဗိုဗီနမ်အားကစားနည်းဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ လူမှုရေးဦးတည်ချက်၏ တတိယအချက်ဖြစ်သည့် နိုင်ငံတော်၏ “ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုပြီး ချမှတ်ထားရှိပါကြောင်း၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များမွေးထုတ်ပေးရန်နှင့် အကျင့် စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်အောင် လူငယ်များကို လေ့ကျင့်ပျိုးထောင်ပေးနေခြင်း ဖြစ်ပါကြောင်း၊ လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀ - ၂၀၂၄) ကိုလည်း ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး လူငယ်ရေးရာမူဝါဒတွင် လူငယ်ဆိုင်ရာအဓိကကဏ္ဍ (၁၆) ရပ်ပါရှိပါကြောင်း၊ လူမှုရေး ဦးတည်ချက်၏ ဒုတိယအချက်ဖြစ်သည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍကို မြှင့်တင်ဆောင်ရွက်ကာ အလေးထားအကောင်အထည်ဖော်ဆောင်ရွက်သွားရန် ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက သင်တန်းသား/သင်တန်းသူများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ လာရောက်ဟောပြောပို့ချပေးကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ရှမ်းပြည်နယ်လူငယ်ရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးက ဗိုဗီနမ် အားကစားသရုပ်ပြအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

21.05.2025
အလုံး ၁၅၀ တည်ဆောက်

မန္တလေးမြို့၌ ငလျင်ဘေးသင့်၍ နေထိုင်ရန်ခက်ခဲသော ဝန်ထမ်းများအတွက် ယာယီနေထိုင်ရန် Container House အလုံး ၁၅၀ တပ်ဆင်တည်ဆောက်

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုဖြင့် ငလျင်ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ငလျင်ဘေးကြောင့် နေထိုင်ရန်အခက်အခဲရှိသော မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများအတွက် ယာယီနေထိုင်ရန် Container House အလုံး ၁၅၀ တပ်ဆင် တည်ဆောက်နေကြောင်း သိရသည်။ 
အဆိုပါ Container House များကို ၆၆ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းတွင် နေရာချထားပေးပြီး မြေညှိခြင်းနှင့် တပ်ဆင်တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မေ ၂၀ ရက်အထိ Container House အလုံး ၂၀ ပြီးစီးပြီဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“Container House တွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းတာဖြစ်ပါတယ်။ တပ်ဆင်ရာမှာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အဆောက်အအုံနဲ့ ကုန်ဌာနအပြင် ဆက်စပ်တဲ့ဌာနတွေ ပူးပေါင်းပြီး စက်ယန္တရားများအကူအညီနဲ့ ဆောင်ရွက်နေပါတယ်။ လျှပ်စစ်မီးရရှိရေး၊ သောက်ရေရရှိရေးနဲ့ မိလ္လာစွန့်ပစ်ဖို့ကစလို့ ဆောင်ရွက်ပေးမှာပါ”ဟု ၎င်းက ပြောသည်။ 
Container House များကို ၃၅ လမ်းနှင့် ၃၆ လမ်းကြား၊ ၆၆ လမ်းအရှေ့ဘက်တွင် အရာထမ်းများအတွက် ၆၄ လုံး၊ လမ်းအနောက်ဘက်တွင် အမှုထမ်းများအတွက် ၈၆ လုံး စုစုပေါင်းအလုံး ၁၅၀ တပ်ဆင် တည်ဆောက်ပေးနေပြီး အဆောက်အအုံများကြားသွားလာနိုင်ရန် လမ်းများဖောက်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်၍ Container တစ်လုံးလျှင် အလျား ပေ ၂၀၊ အနံ ၁၀ ပေ၊ အမြင့် ၈ ပေခွဲခန့်ရှိကြောင်း သိရသည်။ 
“Container House တစ်ခုစီရဲ့ အမိုးအကာ၊ အခင်း၊ တံခါး စတဲ့လိုအပ်တာတွေက Packing နဲ့ ရောက်လာတာကို ဒီမှာ ပြန်လည်တပ်ဆင်တည်ဆောက်ရတယ်။ ပထမတစ်လုံး နှစ်လုံး တပ်ဆင်တုန်းက မကျွမ်းကျင်သေးလို့ တည်ဆောက်ချိန်ကြာပေမယ့် နောက်တော့ ကျွမ်းကျင်ပြီး မြန်လာတယ်” ဟု ဆက်လက်ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသည် တိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်မှုဖြင့် ငလျင်ဒဏ်သင့် အဆောက်အအုံများ ၊ ရှင်းလင်းဖယ်ရှားရေး၊ ငလျင်ဘေးကြောင့် အခက်အခဲရှိသူများအား ယာယီအဆောက်အအုံများ တည်ဆောက်နေရာချထားရေး၊ သောက်သုံးရေရရှိရေး၊ သန့်ရှင်းရေး စသည်တို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

21.05.2025