photo

LNG ဓာတ်အားပေးစက်ရုံများ လည်ပတ်နိုင်ရေး ဆောင်ရွက်နေဟု လျှစ်စစ်စွမ်းအားဝန်ကြီးဌာနပြော

ရန်ကုန်မြို့ရှိ သီလဝါ(သန်လျင်)နှင့် သာကေတ သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေး စက်ရုံများ ပြန်လည် လည်ပတ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ ပြောကြားထားသည်။

ကာလတိုအနေဖြင့် LNG သုံး ဓာတ်အားပေးစက်ရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့ရှိ စက်မှုဇုန်များကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေပြီး အလတ်စား LNG to Power ဓာတ်အားပေးစက်ရုံစီမံကိန်းများအတွက် LNG ဓာတ်ငွေ့ရည် ပံ့ပိုးပေးမည့် CNTIC VPOWER ENERGY သင်္ဘောကြီးကို သွားရောက်သယ်ဆောင်ကြောင်း Singhai Marine Services-Yangon က ၂၀၂၅ ခုနှစ်၊ မေလ (၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်မည် ဖြစ်သည်။ 

နိုင်ငံတော်၏ ဓာတ်အားစနစ်တွင် ထုတ်လုပ် ပို့လွှတ်ပေးနိုင်သည့် စက်တပ်ဆင်အင်အားအနေဖြင့် (၆,၈၇၈) မဂ္ဂါဝပ်ရှိပေမည့် လက်ရှိတွင် ဓာတ်အားလိုအပ်ချက်၏ (၅၀) ရာခိုင်နှုန်းဖြစ်သည့် တစ်ရက် ပျမ်းမျှ (၂,၃၀၀) မဂ္ဂါဝပ်ပဲ ထုတ်လုပ်နိုင်ပြီး နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်တွင် (၃,၄၀၀) မဂ္ဂါဝပ် ဝန်းကျင်ခန့်ရှိသည့်အတွက် (၁,၁၀၀)မဂ္ဂါဝပ်ဝန်းကျင်ခန့်ကို ဝန်အားလျှော့ချထိန်းညှိမှု ဆောင်ရွက် နေရခြင်း ဖြစ်သည်။

လက်ရှိတွင် ဓာတ်အားထုတ်လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ်၊ မေလအတွင်း ရန်ကုန်တိုင်းဒေသကြီးကို (၅၂) ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးကို (၁၇)ရာခိုင်နှုန်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များကို (၃၁)ရာခိုင်နှုန်းဖြင့် အချိုးကျဓာတ်အား ခွဲဝေဖြန့်ဖြူးပေးနေရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

16.05.2025
photo

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား လက်ခံတွေ့ဆုံ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr. Arnaud de Baecque အား မေလ (၁၅)ရက်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မန္တလေးမြေငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများအား ပြည်လည်ထူထောင်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်နေမှုအခြေအနေများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ လိုအပ်နေမှုနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုကြောင်း ဆွေးနွေးပြီး ICRC ဘက်မှ ငလျင်ဘေးသင့်ဒေသများအတွက် ရေရရှိရေး၊ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပေးနေမှုလုပ်ငန်းများနှင့် ICRC ၏ ပုံမှန်ဆောင်ရွက်နေသော လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ကြီးဌာနနှင့် ICRC တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ ဆွေးနွေးပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာအမှုထမ်းများနှင့် ICRC ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။ 

16.05.2025
photo

ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား သင်တန်းသူများ လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာ

နေပြည်တော် မေ ၁၄

ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) စခန်းပေါင်းစုံမှ သင်တန်းသား သင်တန်းသူများသည် သင်တန်းနည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် လေ့လာရေးခရီး လာရောက်ကြသော ရေကြောင်းလူငယ်သင်တန်းသား သင်တန်းသူများအား ပြခန်း ခန်းမဆောင်၌ ပြသထားသော နျူကလီးယားနည်းပညာအသုံးပြု၍ ရောဂါရှာဖွေမှု (တိုမိုဂရမ်) နမူနာပုံစံ၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုအမျိုးအစားတစ်ခုဖြစ်သော RITM-200 ၏ အတွင်းပိုင်းပါဝင်ပစ္စည်းများနှင့် အလုပ်လုပ်ပုံပြနမူနာပုံစံ၊ ခန္ဓာကိုယ်၏ ဓာတ်ရောင်ခြည်ပမာဏကိုတိုင်းတာပြီး သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္ထုပစ္စည်းများတွင် ပါရှိသော ဓာတ်ရောင်ခြည်ပမာဏနှင့် နှိုင်းယှဉ်ဖော်ပြပေးသည့် Radiometer စက်၊ နျူကလီးယားနည်းပညာဆိုင်ရာ အခြေခံအကြောင်းအရာများကို မေးခွန်းများမေး၍ ဖြေကြားနိုင်သည့် ပဟေဠိဂိမ်းစနစ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေစသည့် သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္ထုများတွင် ထွက်ရှိလျက်ရှိသော ရေဒီယိုသတ္တိကြွမှုကို တိုင်းတာဖော်ပြပေးသည့်စက်၊ နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု၏ အတွင်းပိုင်းပါဝင်ပစ္စည်းများနှင့် အဆင့်ဆင့်တည်ဆောက်ပုံကို 3D Virtual နည်းပညာဖြင့် ပုံဖော်ပြသထားသည့် ပုံစံငယ်နှင့်လေအားအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် Wind Turbine နမူနာပုံစံငယ်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရေကြောင်း လူငယ်သင်တန်းသား သင်တန်းသူများသည် ဗီဒီယိုပြခန်းမဆောင်၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဂုဏ်ပြုသရုပ်ဖော်ပြသထားသည့်သီချင်း MTV ၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ်ဓာတ်ပေါင်းဖိုများ၏ အရေးပါမှုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM ၏ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖို တည်ဆောက်မှုအတွေ့အကြုံများ ရှင်းလင်းတင်ပြမှု ဗီဒီယိုပြကွက်၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ အခြေခံအကြောင်းအရာများကို မြန်မာဘာသာဖြင့် ရှင်းလင်းပြောကြားထားသည့် ပြကွက်များ၊ ပိုစတာပြခန်းတွင် နျူကလီးယားနည်းပညာဖြင့် ကျန်းမာရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ ပညာရေး၊ စက်မှုလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍအသီးသီးတို့တွင် လက်တွေ့ကျကျအသုံးပြုနေခြင်းဆိုင်ရာ ပိုစတာများကို လေ့လာကြည့်ရှုကြသည်။

အလားတူ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/ ၂၀၂၅) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/ ၂၀၂၅) သင်တန်းစခန်းများဖြစ်သည့် မြန်မာပြည်မြောက်ပိုင်း သင်တန်းစခန်း၊ မြန်မာပြည်တောင်ပိုင်းသင်တန်းစခန်း၊ ရန်ကုန်သင်တန်းစခန်း၊ မော်လမြိုင် သင်တန်းစခန်း၊ နမ့်စန်သင်တန်းစခန်း၊ တောင်ကြီးသင်တန်းစခန်း၊ တောင်ငူသင်တန်းစခန်း၊ ပြည် သင်တန်းစခန်း၊ မြိတ်သင်တန်းစခန်း၊ မကွေးသင်တန်းစခန်း၊ ပုသိမ်သင်တန်းစခန်း၊ မိတ္ထီလာ သင်တန်းစခန်း၊ နေပြည်တော်သင်တန်းစခန်း၊ ကျိုင်းတုံသင်တန်းစခန်းနှင့် ကိုကိုးကျွန်းသင်တန်း စခန်းစသည့် သင်တန်းစခန်း ၁၅ ခုမှ သင်တန်းသားများသည် နေပြည်တော်ကောင်စီနယ်မြေရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ပြုလုပ်သည့် စခန်းပေါင်းစုံ RC လေယာဉ်မောင်းနှင်ခြင်းနှင့် RC ရဟတ်ယာဉ် မောင်းနှင်ခြင်းပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲများ ကျင်းပနေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ သင်တန်းစခန်းအသီးသီးမှ အုပ်ချုပ်သူနည်းပြများ၊ ဆရာမများနှင့် သင်တန်းသားများက တက်ရောက်အားပေးကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

15.05.2025
နိုင်ငံခြားသားလွှဲပြောင်း

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၃၃၆ ဦးကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပါကစ္စတန်နိုင်ငံသား ၃၅ ဦး၊ တောင်အာဖရိက နိုင်ငံသားတစ်ဦး၊ ဗီယက်နမ်နိုင်ငံသား ၂၁၁ ဦးနှင့် အီသီယိုးပီးယား နိုင်ငံသား ၈၉ ဦး၊ စုစုပေါင်း ၃၃၆ ဦးအား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့သည်။ 

ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများသည် မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့်တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်များဆောင်ရွက်နေမှု၊ စာရင်းဇယား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကရင်ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံရုံးမှ Counsellor Mr. Muhammad Asif နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ တောင်အာဖရိက နိုင်ငံသံရုံးမှ First Secretary Mr.Hendrik Albertus Fourie နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ First Secretary Mr. Hoang Minh Hai နှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ အီသီယိုးပီးယား ဖယ်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသံရုံးမှ Second Secretary Mr. Wendwosen Melkamu နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှတာဝန်ရှိသူတို့က  သက်ဆိုင်ရာနိုင်ငံများမှ တာဝန် ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မေလ ၁၃ ရက်အထိ  မြန်မာနိုင်ငံအတွင်းသို့  တရားမဝင်ဝင်ရောက်လာသည့်    ပြည်ပနိုင်ငံသားစုစုပေါင်း   ၉၀၅၉ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၁၃၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၉၂၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို  သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး       တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

 

14.05.2025