MDD

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး နိုင်ငံတော်အစိုးရ အနေဖြင့် ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာအတန်းအလိုက် အခမဲ့ထောက်ပံ့သွားမည်ဖြစ်

နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးအတွက် အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် ပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိရာ ယခုနှစ်တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျောင်းအပ်နှံမည့် ကျောင်းသား/ ကျောင်းသူများအတွက် အခမဲ့ပညာရေးအဖြစ် သူငယ်တန်းမှ ဒွါဒသမတန်းအထိ သက်ဆိုင်ရာ အတန်းအလိုက် ‌ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ စာရေးကိရိယာ အစရှိသည်တို့ကို ‌အခမဲ့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။ 
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးကာလအဖြစ် မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက် အထိ သတ်မှတ်ထားကြောင်းနှင့် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံးဝ ကောက်ခံသွားမည်မဟုတ်ကြောင်း သိရှိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း မိဘပြည်သူများအနေဖြင့် ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်းမပြုကြရန်၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်များအတိုင်း စစ်ဆေးနိုင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး၊ ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးတို့အတွက် မိဘများအနေဖြင့် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံထားသည်။
ကျန်းမာရေးကဏ္ဍအနေဖြင့် နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန် မြင့်မားလျှင် ကျောင်းသို့မလာဘဲ နီးစပ်ရာ ကျန်းမာရေးဆေးခန်း၊ ဆေးရုံသို့ သတင်းပို့ပေးရန်နှင့် ဆေးကုသမှုခံယူနိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်ကြိမ်ရေပြည့်မီအောင် ထိုးနှံရေးတို့ကို မိဘများအနေဖြင့် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံထားသည်။
မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် စည်းကမ်းများအနေဖြင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ E-စီးကရက် (Vape)၊ စီးကရက်၊ ကွမ်းယာ မသုံးစွဲရေး၊ ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလမ်းမှုပပျောက်စေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးတို့ကို  မိဘများအနေဖြင့် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံ အသိပေးထားသည်။

ပညာ‌ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ အသိပေးတိုင်ကြားလိုပါက ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၃၊ နေပြည်တော်သို့ ပေးပို့တိုင်ကြားနိုင်ကြောင်း သိရှိရသည်။

21.05.2025
MDD

ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် မေ ၁၉

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတို့တွင် မေ ၁၉ ရက်အထိ သေဆုံးသူ ၃၇၂၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၇၉ ဦး ရှိသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ  ဆောင်ရွက်ပေးလျက်ရှိပြီး  အဆောက်အအုံများအတွင်း  ပိတ်မိနေသူများအား  ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးအား ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၀၅ ဦး ရှာဖွေပေးနိုင်ခဲ့သည်။

ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင် အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင် အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၁၆ ရက်တွင် အိန္ဒိယနိုင်ငံသံရုံးက ထောက်ပံ့သည့် ဆေးဝါး Paracetamol ဖာ ၂၀ (အလေးချိန် ၀ ဒသမ၂၈၅ တန်) နှင့် မေ ၁၉ ရက်တွင် အိန္ဒိယနိုင်ငံသံရုံးက ထောက်ပံ့သည့် လိမ်းဆေးနှင့် အိမ်သုံးဆေးဝါး ၁၉ ဖာ (အလေးချိန် ၀ ဒသမ၂၇၉ တန်) ရောက်ရှိခဲ့ပြီး အဆိုပါ အိန္ဒိယနိုင်ငံက ထောက်ပံ့သည့် ဆေးနှင့်ဆေးဝါးများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ အသုံးပြုနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။                      

သတင်းစဉ်

20.05.2025