
ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့်ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲကျင်းပမည်
နေပြည်တော် မေ ၂၂
ပြန်ကြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ကြီးမှူး၍ မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က စီစဉ်ကျင်းပသော “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” (Forum on Rebuilding Myanmar: Post-Earthquake Economic Recovery) သုံးသပ်ဆွေးနွေးပွဲကို မေ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။
သုံးသပ်ဆွေးနွေးပွဲတွင် “မန္တလေးငလျင်ကြီး၏ စီးပွားရေးအပေါ်ရိုက်ခတ်မှုများ” ၊ “စီးပွားရေးပြန်လည်ထူထောင်ရာတွင် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ”၊ “စီးပွားရေးပြန်လည်ကုစားခြင်းအတွက် စုပေါင်းအဖြေရှာခြင်း” စသည့်ခေါင်းစဉ်သုံးခုကို ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၊ UMFCCI ညီနောင် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ပြည်တွင်းရှိ MSME လုပ်ငန်းရှင်များနှင့် စီးပွားရေးနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ စီးပွားရေးကျွမ်းကျင်ပညာရှင်များနှင့် လေ့လာသုံးသပ်သူများ (Observer) လည်း ပါဝင်တက်ရောက်သွားမည်ဖြစ်သည်။
သုံးသပ်ဆွေးနွေးပွဲကို မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသော စီးပွားရေးလုပ်ငန်းများပြန်လည်ထူထောင်အားကောင်းလာစေရန်၊ ငလျင်ဘေးအလွန်ကာလတွင် ဖြစ်ပေါ်လာမည့် ပြည်တွင်း/ ပြည်ပဈေးကွက်စီးပွားရေးအသစ်များ၊ နိုင်ငံ့စီးပွားရေးပိုမိုကောင်းမွန်စေမည့် အခွင့်အလမ်းများနှင့်ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများအား သိရှိနိုင်စေရန်နှင့်မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အခင်းအကျင်းနှင့် ပထဝီစီးပွားရေးအခွင့်အလမ်းများကို သိရှိအသုံးချပြီး ပြည်တွင်းမှ ထုတ်ကုန်ပစ္စည်းများအား ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း ပေါင်းစည်းမြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
“ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” သုံးသပ်ဆွေးနွေးပွဲကျင်းပနေမှုကို MOI Website အပါအဝင် Myanmar Narrative Facebook Page ၊ MRTV Facebook Page တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။
သုံးသပ်ဆွေးနွေးပွဲတက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် https://myanmarnarrative.org/ ၏ Registration Form မှတစ်ဆင့် အမည်စာရင်းပေးသွင်းနိုင်ပြီး အစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သုတေသနနှင့်သတင်းအချက်အလက်ဌာနခွဲ၊ ဖုန်း ၀၆၇ - ၃၄၁၂၂၄၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်

ငပုတောမြို့နယ်၌ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်(၅၀) ဦးအား ထောက်ပံ့ငွေများပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် (၅၀)ဦးအား ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို မေလ ၁၉ ရက်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအနေဖြင့် မိမိဒေသလုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် တည်ငြိမ်မှုရှိစေရေးတို့အတွက် အထူးအလေးထားဆောင်ရွက်နိုင်ရေး၊ ထူးခြားဖြစ်စဉ်များ၊ နယ်မြေသတင်းများ ရရှိပါက အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့နိုင်ရေးနှင့် အခြားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှုးရဲလင်းထွန်း၊ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့် တာဝန်ရှိသူများကမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်(၅၀) ဦးအား တစ်ဦးလျင် (၂၀၄,၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကျောင်းသား လူငယ်များနှင့် ပြည်သူများ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပိုမိုသိရှိနိုင်စေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို မေလ ၁၉ ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြသခဲ့သည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်ကို နွေရာသီကျောင်းပိတ်ရက်အတွင်း ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုကြပြီး နံရံကပ်စာစောင်တွင် ကလေးအလုပ်သမားဆိုင်ရာ ပြဋ္ဌာန်းချက်၊ ကလေးအလုပ်သမားဟု သတ်မှတ်နိုင်သည့် အသက်အရွယ်၊ ကလေးသူငယ်အခွင့်အရေးများ စသည်တို့ကို ထည့်သွင်းပြသထားကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထိမ်းအမှတ်နေ့များ၊ အသိပညာပေး အကြောင်းအရာများကို ကျောင်းသား/သူများ၊ ပြည်သူများ ပိုမိုသိရှိစေရေး အသိပညာပေး လုပ်ငန်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံ့အကျိုးပြု စွမ်းရည်မြင့် လူငယ် IT ပညာရှင်များ စဉ်ဆက်မပြတ် ပေါ်ထွန်းလာရေး အလေးထားဆောင်ရွက်
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မေလ(၁၉)ရက်နေ့ နံနက်ပိုင်းက လှိုင်မြို့နယ်ရှိ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာ ဦးစီးဌာန သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး နိုင်ငံတော်အကြီးအကဲ၏ မတ် ၁၄ ရက် ခရီးစဉ်လမ်းညွှန်ချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ပင်မဆောင်အဆောက်အအုံတွင် မွမ်းမံရေးလုပ်ငန်းများ၊ ဘက်စုံသုံး ခန်းမနှင့် Theater တို့တွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ တက္ကသိုလ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လာမည့် ဇွန် ၂ ရက် ကျောင်းဖွင့်ချိန်အမီ စာသင်ခန်းများနှင့် ကွန်ပျူတာစက်ခန်းများ၊ စာကြည့်တိုက်၊ K-Lab တို့တွင် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ် လမ်းညွှန်ချက်များအတိုင်း တိတိကျကျလိုက်နာ၍ စနစ်တကျ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသနဌာနသို့ ရောက်ရှိပြီး တာဝန်ရှိသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အလုပ်သင်အစီအစဉ် (Internship)ဖြင့် လာရောက်လေ့လာလျက်ရှိကြသော ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံကာ တိုးတက်ပြောင်းလဲမှု မြန်ဆန်လျက်ရှိသော နောက်ဆုံးပေါ် Digital Transformation ဆိုင်ရာ IT နည်းပညာ အရွေ့နှုန်းတို့နှင့်အတူ အမီလိုက်ပါနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ နိုင်ငံတော်က အမှန်တကယ် အားထားရသော ကမ္ဘာ့ဒစ်ဂျစ်တယ်ဖွံ့ဖြိုးမှု မျက်နှာစာအထိ ထိုးဖောက်နိုင်သော စွမ်းရည်မြင့် လူငယ် IT ပညာရှင်များဖြစ်စေရေး ရည်မှန်းလျက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီး ကျောင်းသားများအတွက် စာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။