
မယ်ဆိုင်ချောင်းရေ တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ်အထက် ထပ်မံရောက်ရှိနိုင်
မယ်ဆိုင်ချောင်းရေသည် ၂၀၂၅ ခုနှစ်၊ မေလ (၂၆)ရက်နေ့မှ နောက် (၁၂) နာရီအတွင်း တာချီလိတ်မြို့ (လွယ်တော်ခမ်းကျေးရွာ) ၏ စိုးရိမ်ရေမှတ်ကို ထပ်မံရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
မေလ (၂၆)ရက်နေ့ မြန်မာစံတော်ချိန် (၁၂:၃၀) ၏ တိုင်းထွာချက်အရ မြို့၏ စိုးရိမ်ရေမှတ်အောက် (၁) ပေခန့်တွင် ရောက်ရှိနေသည့်အတွက် တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားသည်။
သတင်း - မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန

စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း အမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း အမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၂၆ ရက်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အမှတ် (၂) စက်မှုသင်တန်းကျောင်း(မန္တလေး)၌ ကျင်းပသည်။
အခမ်းအနားသို့စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ကြပြီး မန္တလေးတိုင်း ဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည့် ကျုံးမိန် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ စက်မှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မောင်တို့မယ်တို့ ယခုတက်ရောက်မည့် အပတ်စဉ်သည် သင်တန်းကျောင်း အဆင့်မြှင့်တင်ပြီးနောက် ပထမဆုံးဖွင့်လှစ်သည့် အပတ်စဉ်ဖြစ်သည့်အတွက် စက်ပစ္စည်းကိရိယာများသည်လည်း ခေတ်မီသော စက်ပစ္စည်းအသစ်များဖြစ်ပြီး သင်ကြားပို့ချပေးမည့် ဆရာ၊ ဆရာမများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် သင်တန်းတက်ရောက်ထားပြီး အတွေ့အကြုံ ရင့်ကျက်သည့် ဆရာ၊ ဆရာမများဖြစ်ကြောင်း၊ သင်တန်း တက်ရောက်မည့် မောင်တို့မယ်တို့အနေဖြင့် နိုင်ငံတော်၏ စေတနာကိုနားလည်ပြီး သင်တန်းကို အောင်မြင်ပြီးဆုံးအောင် တက်ရောက်ကြရန်နှင့် သင်ကြားပေးမည့် စာတွေ့၊ လက်တွေ့ သင်ခန်းစာများကို စိတ်ဝင်တစားအစွမ်းကုန် ကြိုးစား လေ့လာကြရန်၊ ယနေ့ကမ္ဘာ့စက်မှုနည်းပညာများသည် အလွန်ဖွံ့ဖြိုးတိုးတက်လျက်ရှိသဖြင့် အမီ လိုက်နိုင်ရန် ကိုယ်သိရှိလိုသည့် ပညာရပ်ကိုအခြေခံပြီး တီထွင်ကြံဆနိုင်မှု၊ လေ့လာဆန်းသစ်မှု၊ စဉ်ဆက်မပြတ်သင်ယူ လေ့လာမှုများကိုပြုလုပ်ရန်၊ သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှ ချမှတ်ထားသော စည်းကမ်းများကို စနစ်တကျလေးစားလိုက်နာကြရန်၊ သင်တန်းကာလအတွင်း သင်ကြားပို့ချပေးသော ပညာရပ်များကို တတ်မြောက်ကျွမ်းကျင်ရန်နှင့် စည်းကမ်းကောင်းမွန်ပြီး အရည်အချင်းပြည့်ဝသော စက်မှုကျွမ်းကျင်လုပ်သားကောင်းများဖြစ်အောင် ကြိုးစားအားထုတ် လေ့ကျင့်သွားကြရန် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး)ကို စက်မှုဝန်ကြီးဌာနနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ Institute of Project Planning & Research Engineering Inter-national (IPPR)တို့ နှစ်နိုင်ငံစီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်းအမှတ်စဉ် (၁)မှ (၁၂)အထိ သင်တန်းသား၊ သင်တန်းသူ ၁၇၃၆ ဦးကို စက်မှုကျွမ်းကျင်သူများအဖြစ် လေ့ကျင့် ပျိုးထောင်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် သင်တန်းအမှတ်စဉ်(၁၃)ကို ၂၀၂၅ ခုနှစ် မေ ၂၆ ရက်မှ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်အထိ တစ်နှစ်ကြာဖွင့်လှစ်၍ ဘာသာရပ်ခြောက်ခုကို စာတွေ့၊ လက်တွေ့ လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရင်ပြင်နီနှင့် ဘယ်ဒန်အန်ခါရှိ အာကာသပြတိုက်တွင် လေ့လာ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မေ ၂၃ ရက် မွန်းလွဲပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တော်ရှိ ကမ္ဘာကျော်သမိုင်းဝင်နေရာများသို့ သွားရောက် လေ့လာခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် ဘာသာရေးသမိုင်း၏ အထိမ်းအမှတ် အဆောက်အအုံများတည်ရှိရာ အကြီးမားဆုံးနှင့် အကျော်ကြားဆုံး ရင်ပြင်ဖြစ်ကာ မော်စကိုမြို့တော်၏ သမိုင်းဝင်ဗဟိုချက်လည်းဖြစ်သည့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရင်ပြင်နီ (လှပ သောရင်ပြင်) သို့ရောက်ရှိခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော သူရဲကောင်းများအား ဂုဏ်ပြုထာဝရမီးဂူဖြစ်သည့် အညတရသူရဲကောင်းတစ်ဦး၏ ဂူဗိမာန်၊ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကိုအောင်နိုင်ခဲ့သော ဆိုဗီယက်ဗိုလ်ချုပ်ကြီး ဂျော့ဂျ်ဇူးကော့ဖ် ဂုဏ်ပြုရုပ်တု၊ Resur- rection Gate၊ စစ်သမိုင်းပြတိုက်၊ စစ်ရေးပြနေရာ၊ ၁၈၉၃ ခုနှစ်တွင် ဗဟိုစျေးဝယ်စတိုးအဖြစ် စတင်ဖွင့်လှစ်ခဲ့သည့်ဂွန်း (GUM) ကုန်တိုက်၊ ၁၅၆၁ ခုနှစ်က တည်ဆောက်ခဲ့သည့် ဗာစီလီး ဘလာရမ်းနီရီဘုရားကျောင်း၊ ကရင်မလင်နန်းတော် နံရံများနှင့် မျှော်စင်များ၊ ၁၈၁၂ ခုနှစ်တွင် နပိုလီယံ၏တပ်များကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သဖြင့် အများပြည်သူတို့၏ လှူဒါန်း ငွေများဖြင့် ၁၈၃၇ - ၁၈၈၃ ခုနှစ်များတွင် တည်ဆောက်ခဲ့သော ခရစ်စထ်စပါစီးကျေးလ်ဘုရား ရှိခိုးကျောင်း၊ မြို့တော်အလယ်ဗဟိုနေရာ (ဇီးရီုးကီလိုမီတာ)တို့တွင် လှည့်လည်လေ့လာ ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မော်စကိုမြို့တော်မြောက်ပိုင်းရှိ စတာလင်လက်ထက် ၁၉၃၀ ပြည့်နှစ်ကျော်နှင့် ၁၉၅၄ ခုနှစ်အတွင်း တည်ဆောက်ခဲ့သည့် ဆိုဗီယက်ပြည်ထောင်စုခေတ်၏ အမျိုးသားအကျိုးစီးပွား အောင်မြင်မှုသမိုင်းများကို ခင်းကျင်းပြသသည့် ပြတိုက်များ၊ အံ့သြဘနန်း ဗိသုကာလက်ရာများ၊ အပန်းဖြေဥယျာဉ်များတည်ရှိရာ ဘယ်ဒန်အန်ခါ (VDNKh) ပန်းခြံသို့ ရောက်ရှိခဲ့ပြီး “Friendship of Peoples” ရေပန်းနှင့် ပြတိုက်များတွင် ကြည့်ရှုလေ့လာသည်။
ဒုတိယဝန်ကြီးသည် အက်တမ် (ATOM) ပြခန်းတွင် လေ့လာပြီးသည့်နောက် စတုရန်းမီတာ ၁၀၀၀ ကျော်ကျယ်ဝန်းသည့် လေကြောင်းနှင့် အာကာသဆိုင်ရာ ပြခန်းသို့ရောက်ရှိခဲ့ပြီး ဇုန် ၁ အာကာသလမ်းမပြကွက်များ၌ အလေးချိန်တန်ပေါင်း ၃၀ ကျော်ရှိသည့် Mir orbital station အာကာသစခန်း၏ အရွယ်အစားအစစ်အတိုင်း ပြုလုပ်ထားသော ပုံစံတူမော်ဒယ်၊ အလိုအလျောက် ထိန်းချုပ်သော Diamond orbital station အပါအဝင် လက်တွေ့အရွယ်အစားရှိသော အာကာသ စခန်းများ၊ ကမ္ဘာ့ပထမဆုံး အာကာသယာဉ်နှင့် အာကာသယာဉ်များ၏ ပုံစံများနှင့် ဒုံးပျံအင်ဂျင်နှင့် အရှိန်မြှင့်စက်များနှင့် ၂၀ ရာစု ရုရှားအာကာသပညာ၏ အောင်မြင်မှုများကို ဖော်ပြထားမှုများကို လည်းကောင်း၊ ဇုန် ၂ တည်ဆောက်ရေးပြကွက်များ၌ အာကာသဆိုင်ရာဆေးပညာ၊ ဇီဝဗေဒနှင့် နက္ခတ္တဗေဒသုတေသနများ၊ အာကာသစိုက်ပျိုးရေးပြကွက်များနှင့် "People in Space" အပိုင်းတွင် ကမ္ဘာ့ပထမဆုံး အမျိုးသားအာကာသယာဉ်မှူးဖြစ်သည့် ယူရီဂါဂါရင်နှင့် ကမ္ဘာ့ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူးဖြစ်သည့် ထရယ်ရုကော့ဗာတို့ အပါအဝင်ဆိုဗီယက်ခေတ်နှင့် ရုရှားအာကာသ ယာဉ်မှူးများ၏ စွမ်းဆောင်ရည်များအကြောင်း ရှင်းလင်းဖော်ပြထားမှုများ၊ ဇုန် ၃ တွင် အနာဂတ် အာကာသစခန်းအဖြစ် စကြဝဠာ၏ တည်ဆောက်ပုံနှင့် အာကာသသိပ္ပံဖွံ့ဖြိုးတိုးတက်မှု၏ အလား အလာများ၊ ထူးခြားသောအပြန်အလှန်တုံ့ပြန်မှုရှိသည့် စမ်းသပ်ရေးယာဉ်များ၏ အကူအညီဖြင့် လာရောက်လေ့လာသူများသည် အာကာသထဲသို့ ခရီးထွက်နိုင်မှုများ၊ 5D Sphere ရုပ်ရှင်ရုံနှင့်မဟာ ပေါက်ကွဲမှုသီအိုရီမှ မားစ်ဂြိုဟ်တွင် လူသားတို့ အခြေချနေထိုင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မှု အပါအဝင် စကြဝဠာကိုအောင်နိုင်မှု သမိုင်းပြကွက်များကိုလည်း လေ့လာကြည့်ရှုခဲ့သည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ROSCOSMOS အပါအဝင် နိုင်ငံတကာ အာကာသအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၌ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသော လေကြောင်းနှင့် အာကာသဆိုင်ရာ အင်ဂျင်နီယာလူငယ်ကောင်းများကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး အလေးထား ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

တောင်သူဦးကြီးများအတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်းရှင်များ၏ ပြည်တွင်းထုတ်လယ်ယာသုံးစက်ကရိယာပစ္စည်းများအားဈေးနှုန်းချိုသာစွာဖြင့် လိုအပ်သလို ဆက်သွယ်မှာယူနိုင်
တောင်သူဦးကြီးများအတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်းရှင်များ၏ ပြည်တွင်းထုတ် လယ်ယာသုံးစက်ကရိယာပစ္စည်းများအား ဈေးနှုန်းချိုသာစွာဖြင့် လိုအပ်သလို ဆက်သွယ်မှာယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။


အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်အဖွဲ့ (၁၃)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ထွက်ခွာ
နေပြည်တော် မေ ၂၅
အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာဆာဂေးရွှိုင်းဂူ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံမော်စကိုမြို့၌ မေ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် (၁၃) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ တက်ရောက်ရန် ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီးသည် ဆက်စပ်အစည်းအဝေးဖြစ်သည့် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ အစည်းအဝေးတွင်လည်း ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။
သတင်းစဉ်