၇၅ ကြိမ်မြောက် မြန်မာ တရုတ်

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ် နှစ်နိုင်ငံမီဒီယာ ဆွေးနွေးပွဲနှင့် နှစ်သိမ့်အားပေးပွဲ ကျင်းပမည်

 

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇွန်လ (၁) ရက်နေ့တွင် “အနာဂတ်ဆီသို့ အတူလက်တွဲလျှောက်လှမ်းမည်” နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲကို နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “ အနာဂတ်ဆီသို့ အတူလက်တွဲ လျှောက်လှမ်းနိုင်ရန်အတွက် နှစ်နိုင်ငံအကြား မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် သဘာဝဘေးအခြေအနေနှင့် သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် မီဒီယာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့(MISIS)၊ မြန်မာ့ရေးရာ၊  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် China Media Group (CMG)တို့မှ တာဝန်ရှိသူများက ဆွေးနွေးသွားကြမည်ဖြစ်သည်။ ဆက်လက်ပြီး ဇွန်လ(၇)ရက်နေ့တွင် “အားပေးတွဲယူ ဖေးမကူ” ငလျင်ဘေးသင့်ပြည်သူများအတွက် နှစ်သိမ့်အားပေးပွဲကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

29.05.2025
ကုလသမဂ္ဂ

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

 

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အား မေလ(၂၇)ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် UNFPA ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ငလျင်ဒဏ်သင့်ဒေသများမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဆေးဘက်ပစ္စည်းများ ထောက်ပံ့ပေးမည့် အခြေအနေတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

28.05.2025
ရေထွက်တင်ပို့

မြန်မာနိုင်ငံမှရေထွက်ကုန်များကို တရုတ်နိုင်ငံ၊စီချွမ်းပြည်နယ် ဈေးကွက်အတွင်းသို့ပြန်လည်ဖြန့်ချိမည်

 

ကျင်းတုံးလေကြောင်းလိုင်း၏ ချန်ဒူး-ရန်ကုန် ကုန်တင်လေယာဉ်စတင်ပြေးဆွဲခြင်း အခမ်းအနားကို တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့၌ ၂၀၂၅ ခုနှစ်၊ မေလ (၂၆) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ချုံချင့်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါလေကြောင်း စတင်ပြေးဆွဲခြင်းအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့်အတူ စီချွမ်းပြည်နယ် လေကြောင်း တာဝန်ရှိသူများ၊ ကျင်းတုံးလေကြောင်းလိုင်း တာဝန်ရှိသူများ၊ မြန်မာနှင့်တရုတ်အကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသူများ တက်ရောက်ခဲ့သည်။ 

ထို့နောက် ချန်ဒူး Shuangliu လေကြောင်း စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ချန်ဒူး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအုပ်စုကုမ္ပဏီနှင့် JD လေကြောင်းတို့သည် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ 

အဆိုပါ ကျင်းတုံးလေကြောင်းလိုင်း၏ လေယာဉ်အမှတ် 737-800BCF သည် အထည်အလိပ်နှင့်ပိုးထည် အပြည့် တင်ဆောင်ကာ Chengdu Shungliu အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၂၅ ခုနှစ်၊ မေလ (၂၆) ရက်နေ့ ဒေသစံတော်ချိန် နေ့လယ် (၁) နာရီ (၃၆) မိနစ်တွင် တိုက်ရိုက်ပျံသန်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ရေထွက်ကုန်များဖြစ်သည့် ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဥ့်တို့ကို တင်ဆောင်၍  တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။

27.05.2025
MDD

ရနောင်း-ကော့သောင်း-ရန်ကုန်လမ်းကြောင်းမှ ကုန်သွယ်မှုပိုငွေအမေရိကန်ဒေါ်လာ(၂)ဘီလီယံကျော် ရရှိခဲ့

၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်တွင် ရနောင်း-ကော့သောင်း-ရန်ကုန် လမ်းကြောင်းမှ ကုန်သွယ်မှုပိုငွေ အမေရိကန် ဒေါ်လာ (၂. ၃) ဘီလီယံကျော်ရရှိခဲ့ကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှ သိရသည်။ နယ်စပ်ကုန်သွယ်ရေးနည်းလမ်း (Border Trade Method) ဖြင့် ရန်ကုန်-ကော့သောင်း-ရနောင်းနှင့် ရနောင်း-ကော့သောင်း-ရန်ကုန်သို့ နယ်စပ်ကုန်သွယ်မှု နည်းလမ်း ကွန်တိန်နာစနစ်ဖြင့် တင်ပို့/ တင်သွင်းခြင်းကို ၂၀၂၄ ခုနှစ် ဇွန်လမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

 ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်လည်း ကုန်သွယ်မှုပိုငွေ ရရှိစေရေးအတွက် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးက တိုက်တွန်းပြောကြားထားသည်။ ကုန်သွယ်မှုလျာထားချက်များ ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ရေးအတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းများ လျင်မြန်ချောမွေ့ စေရေးကိုလည်း ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။ 

အလားတူ ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများ အချိန်မီပြန်လည်ဝင်ရောက်ရေးများ၊ စက်သုံးဆီ/ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးမှုများ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်မှုအခြေအနေများနှင့် CMP လုပ်ငန်းများ ပိုမိုတင်ပို့နိုင်ရေးများကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

29.05.2025
ပြည်နင်လွှဲပြောင်းပေးအပ်

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား (၆၇) ဦး ထပ်မံလွှဲပြောင်းပေးအပ်

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။ 

ထိုသို့ လွှဲပြောင်းပေးအပ်ရာတွင် ကရင်ပြည်နယ်၊ မြဝတီမြို့- ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဗီယက်နမ်နိုင်ငံသား ၆၆ ဦး၊ ချက်နိုင်ငံသားတစ်ဦး၊ စုစုပေါင်း (၆၇) ဦးတို့အား မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့သည်။ 

ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်ရှိ တာဝန်ရှိသူများက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု၊ စာရင်းဇယား၊ အချက်အလက်များပြည့်စုံမှန်ကန်မှုရှိရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။ 

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကရင်ပြည်နယ်ရှိ တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံရုံးမှ Counsellor Mr. Saad Ahmat Moussa နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ First Secretary Ms. Nguyen Thi Kim Chung နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့သည်။ 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၃၀)‌ ရက်နေ့မှ မေလ (၂၇) ရက်နေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း (၉,၁၀၂) ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ (၈,၆၉၂) ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၄၁၀) ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများအား ခြိမ်းခြောက်ထိခိုက်မှုများရှိလာသည့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုအပါအဝင် အွန်လိုင်းဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသားတိုက်ဖျက်နှိမ်နင်းပြီး ထိန်းသိမ်းစစ်ဆေးလွှဲပြောင်းပေးလျက်ရှိကြောင်း သိရသည်။

29.05.2025