

တရုတ်သို့ ဆန်/ ဆန်ကွဲ တင်ပို့လိုသူများကို EOI ဖိတ်ခေါ်
တရုတ်နိုင်ငံသို့ ဆန်/ ဆန်ကွဲတင်ပို့ခွင့် မှတ်ပုံတင်လျှောက်ထားလိုသည့် ကုမ္ပဏီများကို စိတ်ဝင်စားမှု အဆိုပြုလွှာ EOI တင်ပြရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် (MRF) မှ ထုတ်ပြန်ထားသည်။
တင်ပို့လိုသည့် ကုမ္ပဏီများကို မြန်မာနှင့် တရုတ် နှစ်နိုင်ငံချုပ်ဆိုထားသည့် အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်သဘောတူစာချုပ် Sanitary and Phytosanitary (SPS) Protocol အရ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ နှစ်စဉ်ပုံမှန် စိစစ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားမည်။
ဆန်/ ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင်လျှောက်ထားလိုသည့် ကုမ္ပဏီအသစ်များအနေဖြင့် EOI တင်ပြလျှောက်ထားနိုင်ပြီး ယခင်ခွင့်ပြုထားသည့် ကုမ္ပဏီများ မပါဝင်ကြောင်း သိရသည်။
ထို့ကြောင့် တင်ပို့ခွင့်မှတ်ပုံတင်လျှောက်လိုသည့် ကုမ္ပဏီအသစ်များအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်ရေးနည်းပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့ (မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်) တို့တွင် အဆိုပြုလွှာများကို ရယူနိုင်သည်။
ဆန်/ ဆန်ကွဲတင်ပို့ရန်အတွက် EOI အဆိုပြုလွှာများကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး အဆိုပြုတင်ပြလျှောက်ထားရမည်ဖြစ်သည်။
လက်ရှိတွင် နိုင်ငံတကာဈေးကွက်ကို ဧည့်မထ/ ငစိန် အုပ်စုဝင်များဖြစ်သည့် ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-11 ၊ စောရှုပ်၊ ၇၄၇၊ သီးပု၊ ကောက်နှံ စသည့် ဆန်ကြမ်းများကို အဓိကတင်ပို့နေသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်နဲ့ဆန်ကွဲ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးထက် ပင်လယ်ရေကြောင်းမှ အများဆုံးတင်ပို့နေပြီး ပြီးခဲ့သည့် ဧပြီလတွင် ပင်လယ်ရေကြောင်းမှ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် (၃၃,၂၂၃) တန်နှင့် ဆန်ကွဲတန်ချိန် (၂၈,၃၅၃) တန် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

(၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ မိတ်ဆက်ပွဲအခမ်းအနားကျင်းပ
၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မေလ (၃၀) ရက် ၊ နံနက် (၉:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ Wyndham Grand Hotel ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအတွင်းရေးမှူးရုံးတို့ ပူးပေါင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကုန်စည်ပြပွဲ မိတ်ဆက်ပွဲအခမ်းအနားတွင် အစီအစဉ်အရ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံမှူးကြီး မစ္စတာ ကျမ်းကျစ်ဟုန်တို့က အဖွင့်နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပြီး တရုတ်-အာဆီယံကုန်စည်ပြပွဲ ဗီဒီယိုအားဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ ထို့နောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးရုံး၊ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ လျှန်ရိကွမ်း က (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ကျင်းပမည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ဒုတိယ ဥက္ကဋ္ဌ ဦးမြဟန်မှ UMFCCI နှင့်ညီနောင်အသင်းအဖွဲ့များအနေဖြင့် (၂၂)ကြိမ် မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပူးပေါင်းပါဝင်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့နောက် TGT Tea Co.,Ltd မှ Managing Director ဦးမောင်လွင်မှ တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပါဝင်ပြသခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။ အဆိုပါ ကုန်စည်ပြပွဲ မိတ်ဆက်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ တရုတ်-အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးရုံး၊ UMFCCI နှင့်ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသည့် ကုန်သည်လုပ်ငန်းရှင်များ စုစုပေါင်း (၁၀၀) ဦး ခန့် တက်ရောက်ခဲ့သည်။
(၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက် နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ကုန်စည်ပြပွဲ၏ ဂုဏ်ထူးဆောင်နိုင်ငံ Country of Honor အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့ပြခန်းဆောင် City of Charm နှင့် ကုန်စည်ပြခန်းဆောင်တို့ကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်းသိရှိရသည်။


၂ဝ၂၅-၂ဝ၂၆ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် ဇွန် ၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားနေပြီဖြစ်သည်။
နိုင်ငံအဝန်း၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၈၂၂၉၅၄ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။ စာသင်ကျောင်းများတွင် သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံချိန်တွင် သင်ရိုး ညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ထုတ်ပေးပြီး KG နှင့် မူလတန်း ကျောင်းသား/ကျောင်းသူများကို ကျောင်းဝတ်စုံများလည်း အခမဲ့ပေးအပ်လျက်ရှိသည်။
ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် စာသင်ခုံများနေရာချထားခြင်း၊ ကျောင်းကြို/ပို့ယာဉ်များ စီစဉ်ပေးခြင်း၊ ကျောင်းများသန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ် ကောင်းမွန် စေရေးတို့အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးထားသည်။
နိုင်ငံအဝန်းရှိ အခြေခံပညာကျောင်းများ ယနေ့တွင် စတင်ဖွင့်လှစ်၍ ဆရာ/ဆရာများနှင့် ကျောင်းသား/ ကျောင်းသူများမှ ကျောင်းသင်ခန်းစာများ သင်ကြား/သင်ယူနေမှုတို့အား နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။
ထို့ပြင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်လည်း လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသား/ကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရှိရသည်။


ကော့သောင်းမြို့၌ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ဖွင့်ပွဲကျင်းပ
ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက် ကမ်းနားလမ်းရှိ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂ ရက် နံနက်က ကျင်းပခဲ့ကြောင်းသိရသည်။
အဆောက်အအုံသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ဂိတ် အဆောက်အအုံသစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံခြားသင်္ဘောများနှင့် စက်လှေများ မြို့မဆိပ်ခံတံတားကို ပိုမို ဝင်/ထွက် ဆိုက်ကပ်လာ၍ တိုးတက်လာသည့်ခေတ်နှင့်အညီ နှစ်ပေါင်း(၆၀)ခန့်အဆောက်အအုံကို မြန်မာ့ယဉ်ကျေးမှု အနုသုခုမ လက်ရာများဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် လူမှုစီးပွားဆက်သွယ်ရေးကို မြှင့်တင်ရန်၊ နယ်စပ်ဖြတ်သန်းမှု စနစ်တကျဖြစ်စေရန် နိုင်ငံတကာအဆင့်မီသည့် နယ်စပ်ဝင်/ထွက်ဂိတ် အဆောက်အအုံအဖြစ် ယခုလိုလာမည့် ပြင်ဆင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးသွားရာသီများတွင် နေ့ချင်းပြန်ညအိပ် ကျွန်းအလည်အပတ်ခရီးစဉ်များဖြင့် လာရောက်လည်ပတ်ပြီး ကော့သောင်းမြို့၏ သဘာဝအလှတရားများဖြစ်သည့် ရေ၊ မြေ၊ တော၊ တောင်တို့၏ အလှတရားများကို ကြည့်ရှုခံစားမည့် နိုင်ငံခြားခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်ကြောင်း၊ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ မိမိတို့ဒေသကို လာရောက်လည်ပတ်သည့်အခါတွင် မြို့၏ နယ်စပ်ဝင်ပေါက်/ ထွက်ပေါက် အထိမ်းအမှတ်တစ်ခုသည် ယခုကဲ့သို့ ခမ်းနားကြီးကျယ်ပြီး မြန်မာ့ယဉ်ကျေးမှု အနုသုခုမလက်ရာများဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံကို စတင်မြင်တွေ့လိုက်သည်နှင့် ဂုဏ်ယူဖွယ်ရာရရှိပြီး ကော့သောင်းမြို့၏ တိုးတက်လာသည့် လူနေမှုအဆင့်အတန်းများကိုလည်း သိရှိနားလည်ပြီးသားဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နယ်စပ်ဂိတ်အဆောက်အအုံသစ်အတွင်း တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က နယ်စပ်ဂိတ်မှ ဆိုက်ရောက်ထွက်ခွာကြမည့် မြန်မာနိုင်ငံ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ အလည်အပတ်သွားကြမည့် ဒေသခံများအား နိုင်ငံကူးလက်မှတ်၊ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်၊ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များနှင့် နယ်စပ်ဖြတ်ကျော်သွားလာကြမည့် နိုင်ငံခြားသားများအား စိစစ်ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါ အဆောက်အအုံကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေကျပ် ၁၆၉၇ ဒသမ ၁၄ သန်းဖြင့် ၂၀၂၃ ခုနှစ်မှ စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ အောက်ခံအုတ်မြစ်ဘိုးပိုင်ဖောင်ဒေးရှင်းဖြင့် တည်ဆောက်ထားသည့် သံကူကွန်ကရစ် အဆောက်အအုံအမျိုးအစားဖြစ်ပြီး အလျား ပေ ၁၂၀၊ အနံ ပေ ၆၀၊ အမြင့် ၁၄ ပေရှိ၍ မြန်မာ့ရိုးရာယဉ်ကျေးမှုလွှမ်းခြုံသော ခေတ်မီဗိသုကာဒီဇိုင်းဖြင့် ဆောင်ရွက်ထားခြင်းဖြစ်သည်။ ယခုဖွင့်လှစ်ခဲ့သည့် အဆောက်အအုံသစ်ဖြင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနှင့် ကော့သောင်းမြို့၏ သဘာဝအလှတရားများဖြစ်သည့် ရေ၊ မြေ၊ တော၊ တောင်တို့၏ အလှတရားများကို ကြည့်ရှုခံစားမည့် နိုင်ငံခြားခရီးသွားဧည့်သည်များ ဆိုက်ရောက်ထွက်ခွာရာ၌ ကော့သောင်းမြို့၏ ဂုဏ်ယူဖွယ်ရာရှိပြီး အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက် ထွက်ပေါက်အဖြစ် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။