
(၃၁.၁.၂၀၂၅)ရက်နေ့ ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး (Market Rate)
သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိ စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်)၏ ဈေးနှုန်း (၅,၄၅၀,၀၀၀) ကျပ်
ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ

Huawei Technologies Co., Ltd က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ငလျင်ဘေးသင့် ဝန်ထမ်းများအတွက် လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများ ပေးအပ်လှူဒါန်း
Huawei Technologies Co., Ltd မှ Chief Executive Officer ဖြစ်သူ Mr. Zhao You Jun နှင့် တာဝန်ရှိသူများသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် လူသုံးကုန်ပစ္စည်းများနှင့်ဆေးဝါးများအပါအဝင် စုစုပေါင်းပစ္စည်း ၁၁ မျိုးအား မေလ ၂၈ ရက် မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) နေပြည်တော်သို့ လာရောက်ပေးအပ်လှူဒါန်းခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မိမိတို့ဝန်ကြီးဌာနရှိ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ ၈၀ ရာခိုင်နှုန်းနီးပါးသည် ငလျင်ဒဏ်ခံကြရသူများ ဖြစ်ကြောင်းနှင့် ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် လိုအပ်လျက်ရှိသော ယာယီတဲများ၊ ခြင်ထောင်များ၊ဆေးဝါးများ၊ ရေသန့်စက်နှင့် ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက Huawei Technologies Co., Ltd က ပေးအပ်လှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများကို လက်ခံ ရယူပြီး ကုမ္ပဏီ၏ Chief Executive Officer ဖြစ်သူ Mr. Zhao You Jun အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာန ကမ်းလွန်စီမံကိန်းအသစ် “မင်းရဲသူ” စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကျင်းပ
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် မြန်မာနိုင်ငံအခြေစိုက် ထိုင်းနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်သော Gulf Petroleum Myanmar Co., Ltd. တို့အကြား မုတ္တမ ကမ်းလွန်လုပ်ကွက် (M-10)(မင်းရဲသူစီမံကိန်း)တွင် ရေနံနှင့်သဘာဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ သုံးစွဲနိုင်ရန်အတွက် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေးစာချုပ် (Production Sharing Contract-PSC) လက်မှတ်ရေးထိုးချုပ်ဆိုပွဲအခမ်းအနားကို မေလ ၂၉ ရက်၊ ညနေပိုင်းက နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စု ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ/ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ Gulf Petroleum Myarnmar Co., Ltd. မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတွင် သဘာဝဓာတ်ငွေ့သိုက်များ အတန်အသင့်ရှိရာ စနစ်တကျထုတ်ယူသုံးစွဲနိုင်ရန် လိုအပ်ပါကြောင်း၊ လက်ရှိထုတ်လုပ်လျက်ရှိသည့် ကမ်းလွန်စီမံကိန်းကြီးများသည် သဘာဝအလျောက် ထုတ်လုပ်မှုများ ကျဆင်းလာနေပြီး စီမံကိန်းပြီးဆုံးမည့်ကာလများလည်း နီးကပ်လာသဖြင့် အလားအလာကောင်းများရှိသည့်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ မုတ္တမကမ်းလွန်လုပ်ကွက် (M-10) (မင်းရဲသူစီမံကိန်း)အား အောင်မြင်စွာလက်မှတ်ရေးထိုး ချုပ်ဆိုဆောင်ရွက်နိုင်သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့သည်။
ယခုလိုဆောင်ရွက်ခြင်းဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေး လုပ်ငန်းများတွင် ငွေကြေးထည့်ဝင်မှု အားကောင်းလာခြင်း၊ နိုင်ငံခြားဝင်ငွေ ပိုမိုရှာဖွေပေးနိုင်ခြင်း၊ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာခြင်း၊ ပြည်တွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ စီမံကိန်းရည်မှန်းချက်ဖြစ်သည့် ၂၀၂၈ ခုနှစ်အတွင်း ပထမဆုံး သဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်ရေး အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းနှင့် စာချုပ်ချုပ်ဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် ဆက်စပ်ဝန်ကြီးဌာနများ၊ Gulf Petroleum Myanmar Co., Ltd. မှ ဝန်ထမ်းများ၊ စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Gulf Petroleum Myanmar Co., Ltd. မှ အမှုဆောင်အရာရှိချုပ်က ကျေးဇူးတင်စကားပြောကြားပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Gulf Petro- leum Myanmar Co., Ltd. အမှုဆောင်အရာရှိချုပ်တို့က မုတ္တမကမ်းလွန်လုပ်ကွက် (M-10) (မင်းရဲသူစီမံကိန်း)အတွက် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေးစာချုပ် (Production Sharing Contract) ကို လက်မှတ်ရေးထိုးချုပ်ဆိုကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။
နိုင်ငံတော်အနေဖြင့် လက်ရှိအချိန်အထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေကမ်းလွန်စီမံကိန်းကြီး လေးခု၊ ထပ်မံ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိသည့် ကမ်းလွန်စီမံကိန်းကြီး နှစ်ခု စုစုပေါင်း ကမ်းလွန်စီမံကိန်းကြီး ခြောက်ခုရှိပြီးဖြစ်သဖြင့် ယခုမုတ္တမကမ်းလွန် လုပ်ကွက် (M-10)(မင်းရဲသူစီမံကိန်း)သည် နိုင်ငံတော်၏ သတ္တမမြောက် ကမ်းလွန်စီမံကိန်းကြီးဖြစ်သကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ပထမဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် ကမ်းလွန်စီမံကိန်းတစ်ခုလည်းဖြစ်ပါကြောင်း သိရသည်။

မောင်မောင်လွင်၏ တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်ASEAN All Starsအသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ယူခဲ့
နာမည်ကြီး အင်္ဂလန်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ASEAN All Stars အသင်းတို့၏ ခြေစမ်းပွဲကို ၂၀၂၅ ခုနှစ် မေလ ၂၈ ရက် ညပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီကွင်း၌ကျင်းပရာ ASEAN All Stars အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။
ASEAN All Stars အသင်းသည် မြန်မာတိုက်စစ်ကစားသမား မောင်မောင်လွင် သွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မောင်မောင်လွင်သည် မန်ချက်စတာယူနိုက်တက်အသင်းဘက်သို့ ဂိုးသွင်းယူနိုင်သည့် ပထမဆုံး မြန်မာကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ မောင်မောင်လွင်သည် ယင်းပွဲတွင် ပွဲထွက်ကစားခွင့်မရသော်လည်း ဒုတိယပိုင်းအစတွင် ကစားခွင့်ရခဲ့ပြီး သမိုင်းဝင်စေမည့် အနိုင်ဂိုးကို မိနစ် ၇၀ တွင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
အင်္ဂလန်ပြည်တွင်းလိဂ်တွင် ဇယားအောက်ပိုင်း ရောက်ခဲ့သည့်အပြင် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ရှုံးနိမ့်ပြီး ချန်ပီယံဆုနှင့် လွဲချော်ခဲ့သဖြင့် ဖိအားများနေသည့် မန်ချက်စတာ ယူနိုက်တက်အသင်းသည် ပထမဆုံးပွဲတွင် ရှုံးပွဲနှင့်ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ မန်ချက်စတာ ယူနိုက်တက်အသင်းသည် ပွဲထွက် လူစာရင်းတွင် မက်ဂွိုင်းယား၊ ကက်စမဲရိုး၊ ဟွိုင်လန်း၊ ကိုဘီမိုင်နူး၊ အိုနာနာ စသည့်ကစားသမားများကို အသုံးပြုခဲ့ပြီး ဒုတိယပိုင်းတွင် ဘရူနိုဖာနန်ဒက်စ်၊ ဂါနာချို၊ အာမက်အပါအဝင် တစ်သင်းလုံး အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း သိရသည်။

သီတဂူ စက္ခုဒါန ဆေးရုံတော် (ရန်ကုန်) သို့ ဗီယက်နမ် ဗုဒ္ဓဘာသာသာ သနာပြုအဖွဲ့က ငွေကျပ် သိန်းတစ်ထောင် လာရောက်လှူဒါန်း
သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ အရှင်ဉာဏိဿရ သီတဂူဆရာတော်ကြီးထံသို့ ဩစတေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့၌ သာသနာပြုနေသည့် ဆရာတော် VEN. THICH POUOC TAN ဦးဆောင်သော ဗီယက်နမ် ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က စက္ခုဒါနအလှူအဖြစ် ငွေကျပ်သိန်းတစ်ထောင်ကို မေလ၂၈ ရက်နေ့ က လာရောက်လှူဒါန်းခဲ့သည်။
သီတဂူဆရာတော်ကြီးက ဗီယက်နမ်ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့အား စက္ခုဒါန အလှူတော် အကြောင်းအရာများ၊ သာသနာပြုလုပ်ငန်းဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံတွင် ငလျင်ဒဏ်သင့် ဒေသများ၌ သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းမိန့်ကြားသည်။ထို့နောက် ဗီယက်နမ်ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က လာရောက်လှူဒါန်းခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဆက်လက်၍လည်း မြန်မာနိုင်ငံ၏ဗုဒ္ဓသာသနာတော်အတွက် လိုအပ်သည့်နေရာများတွင် လှူဒါန်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လျှောက်ထားသည်။
ဆက်လက်၍ သီတဂူဆရာတော်ကြီးက နဝကမ္မလှူဒါန်းမှုအတွက် သာဓုအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်သည်။ ထို့နောက် ဗီယက်နမ်ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က သီတဂူ စက္ခုဒါနဆေးရုံတွင် မျက်စိခွဲစိတ်ကုသမှုခံယူနေသော မျက်စိဝေဒနာရှင်များအား လှူဒါန်းငွေများနှင့် စားသောက်ဖွယ်ရာများကိုပေးအပ်ပြီး အားပေးစကားပြောကြားခဲ့သည်။
အဆိုပါ ဗီယက်နမ်ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များနှင့် သာသနိကအဆောက်အအုံများပြုပြင်ရန်အတွက် သီတဂူဆရာတော်ကြီး ဦးဆောင်မှုနှင့်အတူ သွားရောက်လှူဒါန်းမည်ဖြစ်ပြီး ငလျင်ဒဏ်သင့် ဒေသခံပြည်သူများအတွက်လည်း ကူညီလှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။