
အာဆီယံယူ-၁၉ အမျိုးသမီးပြိုင်ပွဲတွင်မြန်မာအသင်း အိမ်ရှင်ဗီယက်နမ်နှင့် စတင်ကစားရမည်
ဇွန် ၉ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် ၂၀၂၅ အာဆီယံယူ ၁၉ အမျိုးသမီးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်ပြီး မြန်မာအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် စတင် ကစားရမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အသင်းစုစုပေါင်း ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု(က)တွင် အိမ်ရှင်ဗီယက်နမ်၊ မြန်မာ၊ လာအို၊ တီမော၊ အုပ်စု(ခ)တွင် ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် မလေးရှားအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဇွန် ၉ ရက်တွင် အိမ်ရှင် ဗီယက်နမ်အသင်း၊ ဇွန် ၁၁ ရက်တွင် လာအိုအသင်း၊ ဇွန် ၁၃ ရက်တွင် တီမောအသင်းနှင့် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
အုပ်စုပွဲများကို ဇွန် ၉ ရက်၊ ၁၁ ရက်နှင့် ၁၃ ရက်တွင် တစ်နေ့လျှင် လေးပွဲနှုန်း ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဇွန် ၁၆ ရက်၊ ဗိုလ်လုပွဲနှင့် တတိယလုပွဲကို ဇွန် ၁၈ ရက်တွင် ကျင်းပမည် ဖြစ်သည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲ နှစ်ခု ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ပထမဆုံးပြိုင်ပွဲအဖြစ် အာဆီယံပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီး အသင်းကို ဒေါ်သက်သက်ဝင်းက နည်းပြချုပ်အဖြစ်ကိုင်တွယ်နေပြီး ပဏာမ ကစားသမား ၃၀ ကျော်ဖြင့် ဖွဲ့စည်းထားသည်။

အိန္ဒိယနိုင်ငံက လှူဒါန်းသည့် ဘိလပ်မြေတန်ချိန် ၂၂၅ တန်(၅၀ ကီလိုရှိ အိတ် ၄၅၀၀)အား လွှဲပြောင်းလက်ခံ
ရန်ကုန် မေ ၂၆
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေး ကိစ္စများအတွက် အိန္ဒိယနိုင်ငံက လှူဒါန်းသည့် ဘိလပ်မြေတန်ချိန် ၂၂၅ တန်(၅၀ ကီလိုရှိ အိတ် ၄၅၀၀) ကို မြန်မာ့တပ်မတော်(ရေ)မှ တင်ဆောင်လာသည့် UMS Myik Kyi Nar သင်္ဘောသည် မေ ၂၃ ရက် နံနက် ၁၀ နာရီက သီလဝါ (MITT)ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။
ထိုသို့ ရောက်ရှိလာသည့် ဘိလပ်မြေတန်ချိန် ၂၂၅ တန် (၅၀ ကီလိုရှိ အိတ် ၄၅၀၀)အား မေလ ၂၆ ရက်နေ့ ညနေပိုင်းက လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို သီလဝါဆိပ်ကမ်း၌ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur က ဘိလပ်မြေအိတ်များ လှူဒါန်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်တန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ထံမှ လွှဲပြောင်းလက်ခံခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကုန်တင်ကားများပေါ် တင်ဆောင်၍ ငလျင်ဘေးသင့်ဒေသများသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော် မေ ၂၈
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့တွင် မေ ၂၈ ရက်အထိ သေဆုံးသူ ၃၇၃၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၆၈ ဦး ရှိသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့် ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အဦများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦး ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၁၆ ဦး ရှာဖွေပေးနိုင်ခဲ့သည်။
ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင် အလှူရှင်များကငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၂၆ ရက်တွင် ဗီယက်နမ်နိုင်ငံရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Parami Group က လှူဒါန်းသည့် ဆေးပစ္စည်းအလေးချိန် တန် ၀ ဒသမ ၁၅၀ ရောက်ရှိခဲ့သည်။
ထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံးခွဲဝေ ထောက်ပံ့ပေးလျက်ရှိပါကြောင်း သိရသည်။
သတင်းစဉ်