အာဆီယံ

(၅၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့် (၅၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် (၄) ကြိမ်မြောက် အာဆီယံ - အမေရိကန်ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများကို မေလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ ရန်ကုန်မြို့ Wyndham Grand Yangon Hotel ၌ ကျင်းပခဲ့သည်။ 

ဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အာဆီယံဒေသတွင်းပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ကြိုးပမ်းဆောင်ရွက်မှုများအပေါ် များစွာနှစ်ထောင်းအားရဖြစ်မိပါကြောင်း၊ အာဆီယံ၏မျှော်မှန်းချက်ဖြစ်သည့် ဒေသတွင်းပေါင်းစည်းဆက်သွယ်မှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ခံနိုင်ရည်ရှိမှုများကို    မိမိတို့အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်ပါ အတိုင်း အာဆီယံမျှော်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံ၏ ဘက်စုံပို့ဆောင်ရေးအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အမျိုးသားသယ်ယူပို့ဆောင်ရေးပင်မစီမံကိန်း၏ ဦးစားပေးလုပ်ငန်း အစီအစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များဖြစ်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ခံနိုင်ရည်ရှိရေးနှင့်ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍  ယခုအစည်းအဝေးများတွင် အာဆီယံ - နယူးဇီလန် လေကြောင်းပို့ဆောင်ရေး သဘောတူစာချုပ်ချုပ်ဆိုရေး၊ အာဆီယံဒေသတွင်း လျှပ်စစ်မော်တော်ယာဉ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ လမ်းပြမြေပုံရေးဆွဲရေး၊ အာဆီယံဒေသတွင်း သင်္ဘောစွန့်ပစ်ပစ္စည်းများ စဉ်ဆက်မပြတ် စီမံခန့်ခွဲရေးအတွက် မဟာဗျူဟာရေးဆွဲရေး၊ ၂၀၂၆-၂၀၃၀ ကာလအတွက် အာဆီယံပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ အပြီးသတ်ဆွေးနွေးအတည်ပြုရေး စသည်များ ဆွေးနွေးသွားမည်ဟု သိရှိရသည့်အတွက် ကောင်းမွန်သည့် ရလဒ်များထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း၊ အာဆီယံ၏ အကြားအလပ်မရှိသော၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိပြီး ပေါင်းစည်းထားသည့် သယ်ယူပို့ဆောင်ရေးကွန်ရက်ဖြစ်ပေါ်စေရန်အတွက် အဖွဲ့ဝင်နိုင်ငံများအကြား စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် ကူညီပံ့ပိုးမှုများမှတစ်ဆင့် အပြည့်အဝအောင်မြင်မှုရရှိမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် အဖွဲ့ဝင်နိုင်ငံများ၏ ပံ့ပိုးကူညီမှုများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံသည် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအဆင့် အစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများအဆင့်အစည်းအဝေးများကို ၂၀၁၄ ခုနှစ်တွင် အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် ထပ်မံအလှည့်ကျရောက်သဖြင့် ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်းနှင့် ယခုကျင်းပသည့် (၅၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

22.05.2025
အစိုးရ ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေး

အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၂/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးကျင်းပ

 

အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၂/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို မေ ၂၂  ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

အစည်းအဝေးတွင် ကောင်စီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က အဖွင့်အမှာစကားပြောကြားရာတွင် မကြာသေးမီက ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်မှုများရှိခဲ့သော်လည်း ကုန်သွယ်မှုလုပ်ငန်းများချောမွေ့စေရေး ပံ့ပိုးပေးနိုင်ရန်အတွက် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီအစည်းအဝေးများကို လေးလတစ်ကြိမ်ကျင်းပရန် လျာထားသတ်မှတ်ချက်အတိုင်း ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) အကောင်အထည်ဖော်ဆောင်ရွက်မှုကာလပြီးဆုံးတော့မည်ဖြစ်၍ အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၆-၂၀၃၀)ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အတွက် ကဏ္ဍများကိုရွေးချယ်ပြီး လုပ်ငန်းစီမံချက် (Plan of Actions- PoA) များကို ရေးဆွဲသည့်အခါ သက်ဆိုင်ရာကဏ္ဍအလိုက် အစိုးရ - ပုဂ္ဂလိက အဖွဲ့အစည်းများက ညှိနှိုင်းပူးပေါင်းရေးဆွဲကြရန်ဖြစ်ကြောင်း။ 

အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် အရ အိန္ဒိယနိုင်ငံသို့ မတ်ပဲတင်ပို့နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် မတ်လမတိုင်မီ Open General License – OGL  ရရှိရေး အိန္ဒိယနိုင်ငံအစိုးရနှင့် G to G ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့မှုသည် ကောင်စီ၏ သိသာသော ရလဒ်တစ်ခုဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း MSME ပြည်ထောင်စုအဆင့်ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပပေးခဲ့ပြီး ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) အဖြစ် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အလားအလာရှိသော ထုတ်ကုန်များကိုရွေးချယ်၍ လုပ်ငန်းရှင်များကို ဆုချီးမြှင့်ပေးခဲ့သည့်အပြင် ပြပွဲကာလအတွင်း MSME လုပ်ငန်းရှင်များ ပြည်တွင်း/ပြည်ပဈေးကွက် ချိတ်ဆက်ရရှိရေး၊ ချေးငွေရရှိရေးအတွက် ဘဏ်များနှင့်ချိတ်ဆက်နိုင်ရေးကူညီပေးမှုများကြောင့် ပို့ကုန်တင်ပို့လိုသည့် လုပ်ငန်းရှင်များအတွက် အထောက်အကူကောင်းများရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်ကိုတွေ့ရှိခဲ့ရကြောင်း၊ ကဏ္ဍများအလိုက် ပို့ကုန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ကြုံတွေ့ရသောအခက်အခဲများ၊ ကန့်သတ်ချက်များ တင်ပြလာမှုများ အပေါ် တတ်နိုင်သမျှ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အမှာစကားပြောကြားပြီး ကောင်စီအတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၁/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ကောင်စီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင် ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြချက်များအပေါ် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီဥက္ကဋ္ဌက ကဏ္ဍများအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးကိုရှေးရှုပြီး ပြန်လည်ဆွေးနွေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

23.05.2025
ပြည်ပနိုင်ငံသားများလဲပြောင်းနိုင်ရေး‌ဆောင်ရွက်

ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းပေးအပ်နိုင်ရေး မြန်မာ - တရုတ် နှစ်နိုင်ငံကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်း

မြန်မာ-ထိုင်း နှစ်နိုင်ငံမှ ကိုယ်စားလှယ်များသည် မေ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မြဝတီမြို့ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းပေးအပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဆွေးနွေးခဲ့သည့် သုံးနိုင်ငံသဘောတူညီချက်ကို အရှိန်အဟုန်မြှင့်၍ ဆက်လက်ဆောင်ရွက်ရေး၊ မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှုများ ကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးနှင့် အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရာတွင် အဆင်ပြေချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ 

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ဇန်နဝါရီ ၃၀ ရက်မှ မေ ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၉၉ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၄၆၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၆၃၀ အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။ 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် တာဝန်ရှိသူများသည် မေ ၂၂ ရက်နေ့ နံနက်ပိုင်းတွင်  မြဝတီမြို့ မြန်မာ-ထိုင်းအမှတ် (၂)ချစ်ကြည်ရေးတံတားသို့ ရောက်ရှိကြပြီး ကရင်ပြည်နယ် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် မြဝတီမြို့သို့ တရားမဝင် ဝင်ရောက်ခဲ့ကြသည့် တရုတ်နိုင်ငံသားများအား စစ်ဆေးဖော် ထုတ်ပြီး ကောင်းမွန်စွာထိန်းသိမ်းထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုလေ့လာကြသည်။ 

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများကို စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏နယ်စပ်ဒေသများတွင်လည်း တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများအား တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ် အရေးယူမှုများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

23.05.2025
Made in Myanmar ထုတ်ကုန်များ ပြင်သစ်မှာ သွားရောက်ပြသနိုင် , Made in Myanmar ထုတ်ကုန်များ ပြင်သစ်မှာ သွားရောက်ပြသနိုင်

Made in Myanmar ထုတ်ကုန်များ ပြင်သစ်မှာ သွားရောက်ပြသနိုင်ကြောင်းဖိတ်ခေါ်

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပမည့် Apparel Sourcing Paris 2025 တွင် ပါဝင်ပြသနိုင်ရန်အတွက် Made in Myanmar ထုတ်ကုန်များ လာရောက်ပြသနိုင်ရေးအတွက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA မှ ဖိတ်ခေါ်ထားကြောင်း သိရသည်။ 

ထိုပွဲတွင် ပါဝင်ပြသခြင်းအားဖြင့် ဥရောပဝယ်လက်များနှင့် ချိတ်ဆက်နိုင်ရေးအတွက် အခွင့်အလမ်းကောင်းများရရှိမည်ဖြစ်ပြီး ပြခန်းပြသလိုပါက ပြခန်းကုန်ကျငွေကို စရိတ်မျှခံစနစ်ဖြင့်ကျခံကာ လိုက်ပါနိုင်ကြောင်းနှင့် လိုက်ပါလိုသူများအနေဖြင့် လေယာဉ်ခ၊ ဗီဇာလျှောက်ထားခြင်း၊ ဟိုတယ်ခများနှင့် ကိုယ်ပိုင်အသုံးစရိတ်များ ကိုယ်တိုင်ကျခံနိုင်ရမည်ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့ထိ Paris Le Bourget တွင် ကျင်းပမည့် Apparel Sourcing Paris 2025 သည် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားဖြစ်ဝယ်ယူသူများအတွက် အခြေခံပစ္စည်းများမှတစ်ဆင့် အဆန်းသစ်ဆုံးနှင့် အရည်အသွေးအမြင့်ဆုံး ထုတ်ကုန်များအထိ စုံလင်စွာ ရှာဖွေဝယ်ယူနိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း သိရသည်။

23.05.2025
ပင်းပက်-၁ , ပင်းပက်-၂

ပင်းပက်သံမဏိစက်ရုံစီမံကိန်း အပြီးသတ်ပေးမည်ဟု ရုရှား TPE ပြောကြား

အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းလုပ်ငန်းများကို   အောင်မြင်ပြီးမြောက်သည့်အထိ   ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်၊ အခက်အခဲများကို  ဖြေရှင်းကျော်လွှားနိုင်ရေး  ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရုရှားအစိုးရပိုင် TPE Co., Ltd. မှ အဖွဲ့ခေါင်းဆောင်က ၂၀၂၅ ခုနှစ်၊ မေလ (၁၇) ရက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 
TPE ကျွမ်းကျင်ပညာရှင်အဖွဲ့အနေဖြင့် ပင်းပက်သံမဏိစက်ရုံ လည်ပတ်နိုင်ရေးအတွက် စက်ရုံရှိ Air Separation Unit တွင် တပ်ဆင်ထားရှိသည့်  စက်ကိရိယာများကို  စစ်ဆေးခြင်းနှင့် အပြီးသတ်စက်တပ်ဆင်ရေးလုပ်ငန်းများ  ဆောင်ရွက်သွားမည်ဖြစ်သည်။
အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ (၈) မိုင်ခန့်အကွာ ပင်းပက်ဒေသတွင်ရှိသည့်   မြေ (၅,၂၆၀) ဧကပေါ်တွင် တည်ဆောက်ထားသည်။
ရုရှားဘက်ကလည်း  စီမံကိန်းအတွက်  ယူရို (၁၀.၅) သန်းတန်ဖိုးရှိသည့်  နည်းပညာအကူအညီများ  ပေးအပ်ထားပြီး  စီမံကိန်းပြန်လည်စတင်နိုင်ရေးအတွက် ကြီးကြပ်ရန်ကော်မတီကို ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကာကွယ်ရေးဝန်ကြီးဌာနပိုင် သံမဏိစက်ရုံ (၁) ရုံ၊ စက်မှုဝန်ကြီးဌာနပိုင် (၂) ရုံ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ပိုင် စက်ရုံ (၃) ရုံ ရှိပြီး ပုဂ္ဂလိကမှတ်ပုံတင် သံရည်ကျိုလုပ်ငန်း (၃၆၂) ခု ရှိတယ်လို့ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

18.05.2025