ငလျင်ကူညီကယ်ဆယ်ရေးဆောင်ရွက်

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၂၄

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက် အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စေတီများ၊ သာသနိကအဆောက် အအုံများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင် ကုမ္ပဏီများမှပူးပေါင်း၍ စုပေါင်းလုပ်အားပေး ရှင်းလင်းဖယ်ရှားနေမှုနှင့် ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်နေမှုအခြေအနေများကိုလည်းကောင်း၊ စစ်ကိုင်းမြို့ တကောင်းရပ်ကွက် ငလျင်ဘေးဒဏ်သင့် ခရိုင်မီးသတ်ဦးစီးဌာနကို ရုံးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် Modular Office ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လည်းကောင်း၊ စကုမှော်ငလျင်ဘေးဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေး စခန်းသို့လည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပါရမီရပ်ကွက် နှစ် (၇၀၀) ပြည့် အားကစားခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန စစ်ကိုင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်နှင့်အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးအပ်ခြင်းအခမ်းအနားကို တက်ရောက်၍ ပြည်သူများလက်ဝယ်သို့ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့ပြီး နေ့ချင်းပြီးဆောင်ရွက်ပေးနေမှု အခြေအနေများကိုကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် မလေးရှားနိုင်ငံ ဆေးဘက်ဆိုင်ရာ ကုသရေးအဖွဲ့အား စားသောက်ဖွယ်ရာများ ပေးအပ်သည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အင်းဝတံတားသို့ သွားရောက်၍ ယာယီရုံးခန်းဖွင့်လှစ်ထားရှိမှု၊ ယာယီရှင်းလင်းဆောင်တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ယင်းနောက် မဟာအောင်မြေမြို့နယ်ရှိ ဝိဇ္ဇာလင်္ကာရကျောင်းတိုက်သို့သွားရောက်၍ ဦးစီးပဓာန နာယကဆရာတော်အား ဖူးမြော်ကြည်ညို၍ အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ကျောင်းတိုက်အတွင်းရှိ အလယ်တိုက်ကျောင်းတော်ကြီး၊ ဆွမ်းစားကျောင်းဆောင်နှင့် စာသင်သားကျောင်းဆောင်နေရာများတွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ဉာဏဝတီသီလရှင်စာသင်တိုက် တကောင်းတိုက်သို့လည်းကောင်း၊ အမရပူရမြို့နယ် ဆင်စွယ်ပွတ် ကျေးရွာရှိ သတ္တဌာနဘုရားနှင့် တောင်လေးလုံးကျောင်းတိုက်သို့လည်းကောင်း၊ မှန်တန်းရပ်ရှိ ရှေးဟောင်းသမိုင်းဝင် သံသေကပ်ကျော် ဆုတောင်းပြည့်မြတ်စွာဘုရားသို့လည်းကောင်း၊ ဝါးတန်းမြောက်ရပ်ရှိ သက်တော်ရ၊ သက်တော်ရှည်မြတ်စွာဘုရားသို့လည်းကောင်း သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ အခမဲ့ဆေးပေးခန်းဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းထိုင် ဆရာတော်ကြီးများအား အလှူငွေနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်-မန္တလေး လမ်းမကြီးကို မီးသတ်ယာဉ်များအသုံးပြု၍ ပရိတ်ရေပက်ဖျန်းခြင်းနှင့်အတူ လမ်းမကြီးနှင့် လမ်းဘေးဝဲ/ယာတစ်လျှောက် သန့်ရှင်းရေး ဆောင်ရွက်နေမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

၎င်းနောက် ကျောက်ဆည်မြို့ ဖောင်ရွာရပ်ကွက်ရှိ ကုန်းမြင့်သာစာသင်တိုက်နှင့် ရဲစုရပ်ကွက်ရှိ ဓမ္မရတနာကျောင်းတိုက်တို့ရှိ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံနေမှု အခြေအနေကိုလည်းကောင်း၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ရှိ အထက(ကူမဲ)တွင် ယာယီကျောင်းဆောင် အဆောက်အအုံသုံးလုံး ဆောက်လုပ်နေမှုအခြေအနေများကိုလည်းကောင်း၊ ကူမဲမြို့အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားစေတီများ၊ သာသနိက အဆောက်အအုံများနှင့် လူနေအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ လာရောက်ဝယ်ယူသူဦးရေ ၇၃၅ ဦးရှိခဲ့ပြီး ဘိလပ် မြေအိတ် ၃၇၈၃၀၊ ၁၀ မီလီမီတာသံချောင်း ၇၆ တန်၊ ၁၆ မီလီမီတာသံချောင်း ၁၂၃ ဒသမ ၅၀ တန်နှင့် အထပ်သားပြား ၂၄၅၃ ချပ်တို့ကို စက်ရုံ ထုတ် အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

25.05.2025
အခြေခံနှင့်တန်းမြင့် လေကြောင်း

အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) မှ သင်တန်းသားများ၊ နည်းပြအုပ်ချုပ်သူများအား သက်ဆိုင်ရာ သင်တန်းစခန်း အသီးသီးသို့ ပြန်လည်ပို့ဆောင်

 

နေပြည်တော် မေ ၂၄

အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂၀၂၅) မှ သင်တန်းသားများနှင့် နည်းပြအုပ်ချုပ်သူများသည် ယနေ့တွင် လေ့လာရေးခရီးစဉ်များ ပြီးမြောက်၍ လေကြောင်းလူငယ်သင်တန်းစခန်းများ ဖွင့်လှစ်ခဲ့သည့် ဒေသအသီးသီးသို့ တပ်မတော် လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ရာ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ပြီး သင်တန်းစခန်းအလိုက် သင်တန်းတာဝန်ခံများက သင်တန်းသား သင်တန်းသူများအား မိဘများထံ စနစ်တကျ ပြန်လည်ပို့ဆောင် အပ်နှံပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ် 

25.05.2025
ရေကြောင်းနှင့်လေကြောင်းသင်တန်းဆင်း

ရေကြောင်းလူငယ် အခြေခံ/ တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) နှင့် လေကြောင်းလူငယ် အခြေခံ/တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းများမှ သင်တန်းသား/ သင်တန်းသူများ၊ နည်းပြနှင့် ကြီးကြပ်သူများအား ဂုဏ်ပြုကြိုဆိုပွဲများ ကျင်းပ

နေပြည်တော် မေ ၂၄

လေ့လာရေးခရီး သွားရောက်ခဲ့ကြသည့် ရေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်း၊ မော်လမြိုင်သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူများ၊ နည်းပြနှင့် ကြီးကြပ်သူများအား ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ မောရဝတီ ရေတပ်စခန်းဌာနချုပ်၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် ကြီးကြပ်သူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး သင်တန်းတွင် ဆုရရှိကြသူများအား ပြည်နယ်ဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုရရှိသည့် သင်တန်းသား သင်တန်းသူများ၏ လက်တွေ့သရုပ်ပြသမှုများကို ကြည့်ရှုအားပေးကြပြီး သင်တန်းသား  သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

အလားတူ လေ့လာရေးခရီးမှ ပြန်လည်ရောက်ရှိလာသည့် လေကြောင်းလူငယ် အခြေခံ/ တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) မှ သင်တန်းသား သင်တန်းသူများ၊ နည်းပြနှင့် ကြီးကြပ်သူများအား ဂုဏ်ပြုကြိုဆိုပွဲကို မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ် တောင်) ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် ကြီးကြပ်သူများ၊ သင်တန်းသား သင်တန်း သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး သင်တန်းတွင် ဆုရရှိကြသူများအား ပြည်နယ်ဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာ သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ထို့အပြင်  လေ့လာရေးခရီးသွားရောက်ရာမှ  ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့သည့်  ပုသိမ်လေတပ်စခန်းဌာနချုပ်  အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) မှ သင်တန်းသား သင်တန်းသူများအား အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက သွားရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

25.05.2025