မူပိုင်ခွင့် အစည်းအဝေး

မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမင်းမင်း မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီအစည်းအဝေး ၃/၂၀၂၅ တက်ရောက်

 

မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ အစည်းအဝေး ၃/၂၀၂၅ ကို မေလ (၂၈)ရက်နေ့ နံနက် (၉)နာရီခွဲတွင် နေပြည်တော် ရုံးအမှတ် (၃) စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁)၌ ကျင်းပခဲ့သည်။  

အစည်းအဝေးတွင် မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမင်းမင်းက မူပိုင်ခွင့်ဆိုင်ရာ နည်းဥပဒေအရ လုပ်ငန်းအဖွဲ့အစည်းများ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ အဖွဲ့ဝင်များအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ရန် လိုအပ်သည့်အတွက် လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့် (Manual)ကို လက်စွဲစာအုပ်အဖြစ် ပြုစုနေပြီဖြစ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ လျှောက်ထားခြင်းများ၊ စစ်ဆေးခြင်းများနှင့် စပ်လျဉ်း၍ အေဂျင်စီအဖွဲ့ဝင်များသို့ အသိပညာပေး ရှင်းလင်းတင်ပြခြင်း အစီအစဉ်များကို ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း၊ လိုအပ်နေသည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ပညာရှင်နှင့် တီထွင်မှု မူပိုင်ခွင့်ပညာရှင်များ ရရှိနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီက တာဝန်ပေးအပ်သော လုပ်ငန်းများနှင့် ဆုံးဖြတ်ချက်များကို အေဂျင်စီအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် အေဂျင်စီအဖွဲ့ဝင်များ၊ မူပိုင်ခွင့်ပညာရှင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြရာ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရသည်။

29.05.2025
ကျောင်းဆောင်သစ်လှူဒါန်း

AHA Centre ၏ ညှိနှိုင်းပေါင်းစပ်ပေးမှုဖြင့် အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆောင် (၂၀)လွှဲပြောင်းပေးအပ်

မန္တလေးငလျင်ဘေးသင့် ဒေသများအတွက် AHA Centre မှတစ်ဆင့် အလှူရှင်နိုင်ငံများက လှူဒါန်းထားသော အသင့်တပ်ဆင်အသုံးပြုနိုင်သည့် ယာယီစာသင်ကျောင်းဆောင်များ (Prefabricated Schools) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို မေလ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ AHA Centre ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Lee Yam Ming ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဇွန်လပထမပတ်အတွင်း ကျောင်းများ အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကလေးများ အမိုးအကာအောက်တွင် လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် AHA Centre ၏ ညှိနှိုင်းပေါင်းစပ်ပေးမှုဖြင့် အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီ စာသင်ကျောင်းဆောင် အဆောင် (၂၀)ကို နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် (၅)ဆောင်စီ တည်ဆောက်ပေးသွားမည်ဖြစ်သည်။ 

ယာယီစာသင်ကျောင်းဆောင် လွှဲပြောင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားပြီး AHA Centre ၏ အမှုဆောင် ညွှန်ကြားရေးမှူး Mr. Lee Yam Ming က ယာယီ စာသင်ကျောင်းဆောင် များကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့ ထံသို့ လွှဲပြောင်းပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။    

29.04.2025
တောင်ကိုရီးယားနိုင်ငံသားလွှဲပြောင်း

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာသည့် တောင်ကိုရီးယားနိုင်ငံသားတစ်ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့

 

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်း လိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ထိုသို့စုံစမ်းဖော်ထုတ်လျက်ရှိရာ ယနေ့တွင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့-မဲ့ထော်သလေး (KK Park) နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသားတစ်ဦးအား ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။ 

အဆိုပါနိုင်ငံသားအား သက်ဆိုင်ရာနိုင်ငံသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများအား လိုအပ်သည့် စာရင်းဇယား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို မှာကြားသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ မေ ၂၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၁၀၂ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၆၂၀ အား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၄၈၂ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို ထိထိရောက်ရောက် ပြတ်ပြတ်သားသား တားဆီးကာကွယ် တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

29.05.2025
တရုတ်ပြည်မှ ၁၅ ကြိမ်မြောက်လှူဒါန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် (၁၅) ကြိမ်မြောက် အောက်တိန်း (92) ၂၉၄၀ ဒသမ ၀၅၅ တန်၊ ဒီဇယ် ၁၁၉၃၀ ဒသမ ၅၀၅ တန်နှင့် (၁၆) ကြိမ်မြောက် Modular (prefabricated) house အလုံး ၁၁၂၀၊ Offices အလုံး ၁၆၀ လွှဲပြောင်းလက်ခံ

ရန်ကုန် မေ ၂၀

မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (၁၅) ကြိမ်မြောက် လှူဒါန်းသည့် အောက်တိန်း(92) ၂၉၄၀ ဒသမ ၀၅၅ တန်၊ ဒီဇယ် ၁၁,၉၃၀ ဒသမ ၅၀၅ တန် တင်ဆောင်လာသော MT YU DONG သင်္ဘောသည် မေ ၂၃ ရက် နံနက် ၂ နာရီခွဲက  သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် BRIGHTER ENERGY ဆီလှောင် ဆိပ်ကမ်းသို့လည်းကောင်း၊ (၁၆) ကြိမ်မြောက် လှူဒါန်းသည့် Modular (prefa-bricated) house အလုံး ၁၁၂၀၊ Offices အလုံး ၁၆၀ တင်ဆောင်လာသော MV. Orient Glory သင်္ဘောသည် မေလ(၂၄)ရက်နေ့ ညနေ ၄ နာရီက သီလဝါ (MITT) ဆိပ်ကမ်းသို့လည်းကောင်း ရောက်ရှိခဲ့ကြသည်။ 

ထိုသို့ BRIGHTER ENERGY ဆီလှောင်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် အောက်တိန်း(92) ၂,၉၄၀ ဒသမ ၀၅၅ တန်၊ ဒီဇယ် ၁၁,၉၃၀ ဒသမ ၅၀၅ တန်တို့ကို မေလ(၂၅)ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး​ Mr. Ouyang Daobing က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများထံ ၎င်းဆိပ်ကမ်း၌ လွှဲပြောင်းပေးပြီး အဆိုပါရောက်ရှိလာသည့် အောက်တိန်းနှင့် ဒီဇယ်များကို ငလျင်ဘေးသင့်ဒေသများသို့ စွမ်းအင် ဝန်ကြီးဌာနမှ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်သည်။ 

ဆက်လက်၍ သီလဝါ (MITT) ဆိပ်ကမ်းသို့ရောက်ရှိလာသည့် Modular (prefabricated) house အလုံး ၁၁၂၀၊ Offices အလုံး ၁၆၀ တို့ကို မေလ(၂၅)ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး​ Mr. Ouyang Daobing က တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများထံ ၎င်းဆိပ်ကမ်း၌ လွှဲပြောင်းပေးပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးမှ မြန်မာ့မီးရထားဖြင့် သယ်ယူပို့ဆောင်နိုင်ရေး ကုန်တင်ကားပေါ်မှ ရထားတွဲပေါ်သို့ ကရိန်းဖြင့် တင်ဆောင်နေသည့် အခြေအနေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

29.05.2025
မြန်မာနိုင်ငံ စာရေးဆရာအသင်း

မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ တရုတ်- အာဆီယံ ၁၀ နိုင်ငံအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး

မေ ၂၅

မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ ၊ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးမျိုးထွန်း(မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးဆန်းဦး (မင်းလပြည့်-ဟားခါး)တို့သည် မေ ၂၄ ရက် နံနက်ပိုင်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံနန်နင်းမြို့ ကွမ်းရှီးမင်ဇူး တက္ကသိုလ်တွင် စတင်ကျင်းပသည့် တရုတ်- အာဆီယံ ၁၀ နိုင်ငံ လူငယ်စာပေဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ 

အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ တရုတ်နိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌအပါအဝင် မြန်မာ၊ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ လာအိုနိုင်ငံတို့မှ စာရေးဆရာအသင်း ဥက္ကဋ္ဌများနှင့်  အဖွဲ့ဝင် စာရေးဆရာများ တက်ရောက်ပြီး မိမိတို့နိုင်ငံ လူငယ်စာပေဖွံ့ဖြိုးရေးဆိုင်ရာ အခြေအနေများကို အလှည့်ကျ ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌက မိမိတို့နိုင်ငံတွင် နိုင်ငံတော်အစိုးရကိုယ်တိုင် ဦးဆောင်၍ လူငယ်စာပေပွဲတော်များ၊ စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများ၊  လူငယ်စာပေအကျိုးပြု  လူငယ်စာပေများကို အမျိုးသားစာပေဆု၊ စာပေဗိမာန် စာမူဆုများ ချီးမြှင့်လျက်ရှိကြောင်းနှင့်   ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေး၊ ငယ်စဉ်ကလေးဘဝမှစ၍ မိမိတို့နိုင်ငံကို ချစ်မြတ်နိုးစိတ် မြင့်မားလာစေရေးတို့အတွက် သက်ဆိုင်ရာ နိုင်ငံများအလိုက် စာရေးဆရာများ၏ အခန်းကဏ္ဍ လွန်စွာ အရေးကြီးကြောင်းတို့ကို ဆွေးနွေးပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် ၄၆ ဦး တက်ရောက် ကြကြောင်းနှင့် အစည်းအဝေးကို ရသစာပေ မျှဝေခံစားရေး၊ အခြားလေ့လာရေး ခရီးစဉ်များနှင့် တွဲဖက်ကာ မေ ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်

 

30.05.2025