
“ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့်ပြန်လည်ထူထောင်ခြင်း” သုံးသပ်ဆွေးနွေးပွဲ ဆက်လက်ကျင်းပ
ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” သုံးသပ်ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ဆက်လက်ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံ့အကျိုးအတွက် အားလုံးဝိုင်းဝန်း ဆွေးနွေးပေးကြသည့် ယခုဆွေးနွေးပွဲ ရလဒ်များကို အလေးထားပါကြောင်း၊ ဆွေးနွေးပွဲတွင် ဝိုင်းဝန်းဆွေးနွေးကြသည့် ဆွေးနွေးချက်များသည် ကျေနပ်အားရဖွယ်ကောင်းပြီး စီးပွားရေးကဏ္ဍအတွက်သာမက နိုင်ငံရေးအတွက်ပါအကျိုးရှိစေနိုင်သည့် ဆွေးနွေးမှုများ ဖြစ်ခဲ့ပါကြောင်း၊ စီးပွားရေးနှင့် နိုင်ငံရေးသည် ချိတ်ဆက်လျက်ရှိပြီး အပြန်အလှန်အမှီသဟဲပြုနေသည့်အတွက် မိမိတို့နိုင်ငံတွင် ဖြစ်ပေါ် နေသည့် နိုင်ငံရေးအခြေအနေကို မှန်မှန်ကန်ကန် စဉ်းစားသုံးသပ်ကာ နိုင်ငံ့အကျိုးစီးပွားအတွက် နိုင်ငံကြီးသားပီသစွာ တွေးခေါ်ဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း။
ဆွေးနွေးမှုများမှတစ်ဆင့် ရရှိလာသည့် ရလဒ်များကို နိုင်ငံတော်အကြီးအကဲထံတင်ပြ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးရာတွင် ဌာနဆိုင်ရာများအနေဖြင့် မူဝါဒကိုတင်ပြခြင်းထက် နိုင်ငံအတွက် ဆောင်ရွက်သင့်သည်များကို ဦးစားပေးဆွေးနွေးကြစေလိုပါကြောင်း၊ တက်ရောက်လာကြသူအားလုံးကလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းအဖြေရှာ ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ယမန်နေ့ ဆွေးနွေးချက်များကိုစုစည်းပြီး ယနေ့ ဆက်လက်ဆွေးနွေးရာတွင် ကောင်းမွန်သည့် ရလဒ်များ ထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ဆွေးနွေးရာတွင် ငလျင်အပြီး ဖြစ်ပေါ်လာမည့် ပြည်တွင်းပြည်ပ စီးပွားရေးဈေးကွက်နှင့် ကုန်သွယ်မှုကို နိုင်ငံ၏ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး အခင်းအကျင်းများဖြင့် ချိန်ထိုးပြီး လက်တွေ့ကျသည့် အဖြေရှာဆွေးနွေးမှုများ ဖြစ်စေလိုပါကြောင်း၊ ပို့ကုန်နှစ်ဆတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း၍ လယ်ယာသားငါး၊ စက်မှုနှင့်ခရီးသွားကဏ္ဍများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀)ကို ရေးဆွဲလျက်ရှိပါကြောင်း၊ မိမိတို့ဆောင်ရွက်မှုများကို နိုင်ငံ၏မူဝါဒနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးအဖြေရှာစေလိုပါကြောင်း၊ ဆွေးနွေးပွဲမှ ရရှိလာသည့် ကောင်းမွန်သည့် အကြံပြုချက်များကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းအကောင်အထည်ဖော်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပထမနေ့ဆွေးနွေးပွဲမှ ရရှိလာသည့် ဆွေးနွေးချက်များအပေါ် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒါရိုက်တာ ဒေါက်တာဇော်ဦးက အနှစ်ချုပ် သုံးသပ်ဆွေးနွေးရာတွင် ငလျင်ဘေးသင့်ဒေသများ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် အခြေခံအဆောက်အအုံဟူသည့် ကဏ္ဍသုံးရပ်အပေါ် အခြေခံ၍ ဆောင်ရွက်သွားရမည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ ငွေရေး ကြေးရေး၊ ကုန်သွယ်ရေး၊ အလုပ်အကိုင်၊ လုပ်သား၊ အာမခံစနစ်၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ကျန်းမာရေးစသည်တို့ အပါအဝင် ကဏ္ဍပေါင်းစုံလွှမ်းခြုံလျက်ရှိသော ဝန်ဆောင်မှုနှင့်လူမှုရေး စနစ်ဆောင်ရွက်ရေး၊ ထိုသို့ဆောင်ရွက်ရာတွင် ထိရောက်မှုရှိစေရေးအတွက် မူဘောင်ချမှတ်၍ ဆောင်ရွက်သွားမည့် အခြေအနေ။
မူဘောင်များကို လူမှုကာကွယ်ရေးအပါအဝင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ၊ အခြေခံအဆောက်အအုံ ပြန်လည်တည်ဆောက်ရေး၊ စီးပွားရေးပြန်လည်ရှင်သန်ခြင်း၊ ပြုပြင်ပြောင်းလဲရေး၊ ကြံ့ကြံ့ခံနိုင်စွမ်းရှိရေး၊ အားလုံးလွှမ်းခြုံမှုရှိစေရေးတို့ကို အခြေခံထားဆောင်ရွက်ရေး၊ ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့ဆွေးနွေးမှုများမှရရှိလာသည့် အခြေခံမူများ၊ ချဉ်းကပ်မှုပုံစံများနှင့် လုပ်ငန်းစဉ်များ၊ နိုင်ငံတကာစံနှုန်းများ၊ ဦးစားပေးသတ်မှတ်ချက်နှင့် ရေတိုဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ရလဒ်ဗဟိုပြုအကောင်အထည်ဖော်ရေးတို့နှင့် စပ်လျဉ်း၍ အသေးစိတ် စုစည်းရှင်းလင်းတင်ပြသည်။
ဆက်လက်၍ စကားဝိုင်းဆွေးနွေးခြင်း အစီအစဉ်ကိုကျင်းပရာ သဘာပတိအဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒါရိုက်တာဒေါက်တာ ဇော်ဦးတို့က ပူးတွဲဆောင်ရွက်ပြီး တက်ရောက်လာကြသူများက လက်တွေ့ဆောင်ရွက်သွားမည့် ပူးတွဲ ဆန်းစစ်မှုဆိုင်ရာ လုပ်ငန်းများ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ၊ ထင်သာ မြင်သာရှိမည့် ရှေးဦးရလဒ်များ၊ ပြန်လည်ထူထောင်ရေးညီလာခံ၊ ပြန်လည်ထူထောင်ရေး အစီ အစဉ်များကို အသေးစိတ်ဝိုင်းဝန်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်

အနာဂတ်ဆီသို့ အတူလက်တွဲလျှောက်လှမ်းမည် မြန်မာ - တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်ပြည့်အထိမ်းအမှတ် နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲ အခမ်းအနားကျင်းပ
အနာဂတ်ဆီသို့ အတူလက်တွဲလျှောက်လှမ်းမည် မြန်မာ - တရုတ် သံတမန် ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ် နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲအခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနှင့် China Media Group တို့ပူးပေါင်း၍ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Ms. Cao Jing နှင့် တာဝန်ရှိသူများ၊ ပါဝင်ဆွေးနွေးကြမည့် ပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ယခုနှစ်သည် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်ပြည့် စိန်ရတုကာလဖြစ်သဖြင့် နှစ်နိုင်ငံအတွက် ထူးခြားလေးနက်မှု ရှိပါကြောင်း၊ ယနေ့ပြုလုပ်သည့် နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲ၏ ရည်ရွယ်ချက်ဖြစ်သော “အနာဂတ်ဆီသို့ အတူလက်တွဲလျှောက်လှမ်းမည်” ဆိုသည့်အတိုင်း နှစ်နိုင်ငံမီဒီယာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုတိုးတက်ခိုင်မြဲအောင် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မကြာမီက မိမိတို့နိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံမှ မီဒီယာများက ကမ္ဘာအနှံ့သိရှိအောင် အချိန်နှင့်တစ်ပြေးညီ မျှဝေပေးခဲ့သည့်အတွက် ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် များစွာအထောက်အပံ့ဖြစ်ခဲ့ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား မီဒီယာပူးပေါင်းဆောင်ရွက်မှုသည် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီး ရင်းနှီးခင်မင်သော ကူးလူးဖလှယ်မှုများ ရှိနေပြီဖြစ်ပါကြောင်း၊ တိုးတက်လာသည့် နည်းပညာများနှင့်အညီ ဖွံ့ဖြိုးတိုးတက်သည့် မီဒီယာကဏ္ဍကို ယခုထက်ပိုမိုပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံဆက်ဆံမှုခိုင်မြဲရေး၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးတို့ကို ထိရောက်စွာဆောင်ရွက်သွားကြမည်ဖြစ်ပြီး အေးအတူ ပူအမျှအသိုက်အဝန်းပုံသဏ္ဌာန်ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Ms. Cao Jing က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေဖြင့် မီဒီယာ၏ အခန်းကဏ္ဍကို အလေးထားပါကြောင်း၊ မြန်မာ-တရုတ် မီဒီယာတွေ့ဆုံပွဲကို သုံးလတစ်ကြိမ် ကျင်းပလေ့ရှိပါကြောင်း၊ နှစ်စဉ် မြန်မာမီဒီယာမိတ်ဆွေများကို တရုတ်နိုင်ငံလေ့လာရေးခရီးစဉ်နှင့် မွမ်းမံသင်တန်းများ စီစဉ်ပေးပြီး မြန်မာ့နယ်ပယ်အသီးသီးသို့ စစ်မှန်သည့် တရုတ်နိုင်ငံ၏ ပုံစံကိုပြသလျက်ရှိပါကြောင်း၊ နောက်ပိုင်းတွင်လည်း တရုတ်သံရုံးက နှစ်နိုင်ငံမီဒီယာမိတ်ဆွေများ ကူးလူးဖလှယ်ဆွေးနွေးပွဲများကို ပိုမိုကျင်းပပေးပြီး တရုတ်ယဉ်ကျေးမှု၏ ဝိသေသလက္ခဏာများနှင့် ဆွဲဆောင်မှု၊ တရုတ် ပြည်သူများ၏ ခင်မင်ရင်းနှီးမှုနှင့် ရိုးသားမှုတို့ကို မြန်မာမိတ်ဆွေများ လက်တွေ့ခံစားရစေရန် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် “အရေးပေါ်အခြေအနေများအတွင်း မြန်မာ-တရုတ် မီဒီယာပူးပေါင်းဆောင်ရွက်မှုများသည် တူညီသောအနာဂတ်များရှိသည့် မြန်မာ-တရုတ်အသိုက်အဝန်း၏ အနှစ်သာရအဓိပ္ပာယ်ကိုဖော်ကျူးခြင်း” ခေါင်းစဉ်၊ “ငလျင်အလွန် ပြည်သူ့အကျိုးပြုလုပ်ငန်းများပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုသတင်းများရယူရေးအတွက် မီဒီယာပူးပေါင်းဆောင်ရွက်မှုအနာဂတ်အလားအလာ” ခေါင်းစဉ်နှင့် “မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်ပြည့်မြောက်ခြင်းကို အခွင့်အလမ်းအဖြစ် သဘောထား၍ တရုတ်အသွင်ပုံစံခေတ်မီမှုဖြင့် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှု (သံတမန် ဆက်ဆံရေး၊ မီဒီယာကဏ္ဍ) အတွက် အခွင့်အလမ်းအသစ်များ ယူဆောင်လာပေးခြင်း” ခေါင်းစဉ်တို့ဖြင့် အပိုင်းသုံးပိုင်းခွဲ၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် China Media Group တို့မှ တာဝန်ရှိသူများက ပါဝင်ဆွေးနွေးခဲ့ကြောင်းသိရသည်။


စစ်တွေမြို့၌ နေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပေးအပ်
စစ်တွေ မေ ၂၉
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်တွေမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့်(၃)အရ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို မေလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့၊ သံဃရာဇဝိဟာဘုန်းရဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစခန်းများမှ ပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများ စုပေါင်းနေထိုင်ရာ စုရပ် (၅၄) ခု ရှိသည့်အနက် ပထမအသုတ်အနေဖြင့် စုရပ် (၁၇) ခုတွင်ရှိကြသည့် မြန်မာနိုင်ငံသားတိုင်းရင်းသား (၄၈၁) ဦးအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု (၁၆၈)စု တို့ကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ပန်းခင်းစီမံချက်များဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ စစ်တွေမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက် အဆင့် (၁) တွင် (၆၃၇၂)ဦး၊ အဆင့် (၂) တွင် (၁၃၁၁၂) ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ စစ်တွေမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှု၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာသူများ စုပေါင်းနေထိုင်ရာ စုရပ် (၅၄) ခုကို စုရပ်များအရောက် အလှည့်ကျပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ယခုအိမ်တိုင်ယာရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်သူလူထုအနေဖြင့် မိမိလက်ရှိနေရပ်တွင် အလုပ် အကိုင်မပျက် ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများသည် မိမိတို့ ဘဝတိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သည့်အရာများဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းအားဖြင့် မိမိတို့သည် မြန်မာနိုင်ငံသားများဖြစ်သည်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနိုင်ပြီဖြစ်ကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်သည် မိမိတို့နေ့စဉ်လုပ်ကိုင်ဆောင်ရွက်နေသည့် ကိစ္စရပ်များတွင် မရှိမဖြစ်လိုအပ်သည့်အရာများလည်းဖြစ်ကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်ရရှိပြီးဖြစ်၍ မိဘပြည်သူများအနေဖြင့် မိမိတို့သွားမည့်ခရီး၊ ဆောင်ရွက်လိုသည့် ကိစ္စအဝဝတို့ကို အလွယ်တကူဆောင်ရွက်နိုင်ပြီးဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က ယာယီနေရပ်စွန့်ခွာ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Qingdao CRRC Sifang Rolling Stock Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC TOYOTA BZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့်၂၉-၅-၂၀၂၅ရက်နေ့တွင်လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
သတင်းစဉ်