
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လယ်ဝေးမြို့နယ်အတွင်း သမဝါယမအသင်းသား တောင်သူများ၏ နွေစပါးရိတ်သိမ်းနေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇူလိုင် ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာသို့ရောက်ရှိပြီး ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်အသင်းသားများ၏ လယ်မြေဧက ၂၀ တွင် နွေစပါးစိုက်ခင်းများ ရိတ်သိမ်းခြွေလှေ့နေမှုကို ကြည့်ရှုအားပေးသည်။
ဆွေးနွေးပြောကြား
ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက ရုံးတောကျေးရွာသည် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကိုအခြေခံသည့် ကျေးရွာဖြစ်သည့်အတွက် ကျေးလက်နေတစ်မိသားစုချင်း၏ ဝင်ငွေတိုးပွားရေး နွေစပါးအပြီး မိုးသီးနှံများ စိုက်ပျိုးနိုင်ရေး၊ မိုးသီးနှံပြီးပါက ဆောင်းသီးနှံများ သီးထပ်သုံးသီး စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ သတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အမှန်တကယ်ကြိုးပမ်းဆောင်ရွက်ရမည်မှာ တောင်သူများ၏ တာဝန်တစ်ရပ်ပင်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုံးတောကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနကဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပြီး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားသော စက်ချုပ်လုပ်ငန်းဆောင်ရွက်နေသူ သင်တန်းသူများ၏ စက်ချုပ်ဆိုင်လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများစဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောအရင်းအနှီးများ ထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်က လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် လယ်ဝေးမြို့နယ် ဥယျာဉ်စုကျေးရွာရှိ တောင်သူ ၁၀၀ တို့၏ စိုက်ပျိုးမြေဧက ၁၅၀ ကျော်ကို အကျိုးပြုပေးနိုင်မည့် ဥယျာဉ်စုကျေးရွာ ကုန်ထုတ်လမ်းတံတားဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ရောက်ရှိကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ကျေးရွာလမ်းကော်မတီဝင်များ၊ ဒေသခံပြည်သူအားလုံးက လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း၊ ကျေးရွာတောင်သူများကိုယ်တိုင်က မိမိတို့ကိုယ်တိုင်နှင့် မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်လိုသည့်စိတ်များ မွေးမြူကြရမည်ဖြစ်ပြီး မိမိအကျိုး၊ အများအကျိုး၊ ရပ်ရွာအကျိုးအတွက် သမဝါယမစနစ်နှင့်အညီ စိတ်တူကိုယ်တူ ဆန္ဒတူသူများစုပေါင်း၍ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရှိရမည်ဖြစ်သလို သတ်မှတ်စည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးမှာကြားကာ ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

(၁၇)ကြိမ်မြောက် အာဆီယံငါးလုပ်ငန်းအတိုင်ပင်ခံဖိုရမ်ကျင်းပ
ရန်ကုန် ဇူလိုင် ၂၂
(၁၇) ကြိမ်မြောက် အာဆီယံငါးလုပ်ငန်းအတိုင်ပင်ခံဖိုရမ်နှင့် (၃၃) ကြိမ်မြောက် အာဆီယံငါးလုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးကို ဇူလိုင် ၂၂ ရက် မှ ၂၅ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် အလှည့်ကျလက်ခံကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက (၁၇)ကြိမ်မြောက် အာဆီယံငါးလုပ်ငန်းအတိုင်ပင်ခံဖိုရမ် (The 17th Meeting of the ASEAN Fisheries Consultative Forum) ကို ရန်ကုန်မြို့ Summit Parkview ဟိုတယ် Ball room ၌ ကျင်းပသည်။
ဖွင့်ပွဲ အခမ်းအနားတွင် မလေးရှားနိုင်ငံငါးလုပ်ငန်းဦးစီးဌာနမှ Mr. Nazri Bin Ishak နှင့် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးတို့က အမှာစကားပြောကြားကြသည်။
ထို့နောက်ဖိုရမ်ကို ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးနှင့် ပူးတွဲသဘာပတိအဖြစ် ဖိလစ်ပိုင်နိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနမှ Ms. Maria Abegail Albaladejo တို့က ဆောင်ရွက်ကြသည်။
အာဆီယံဒေသအတွင်း ငါး လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို အထောက်အကူပြုရန် ရည်ရွယ်ပြီး အာဆီယံဒေသတွင်း နိုင်ငံများ၏ ငါးလုပ်ငန်းဆိုင်ရာဆောင်ရွက်ချက်များကို ဆွေးနွေးညှိနှိုင်းသည့် အာဆီယံငါးလုပ်ငန်း အတိုင်ပင်ခံဖိုရမ်ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ဖိုရမ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ငါးဖမ်းစွမ်းအားထိန်းချုပ်ခြင်းနှင့် ဇုန်စနစ်ဖြင့် သတ်မှတ်ဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့သော အသေးစားငါးလုပ်ငန်းများ ဖြစ်ပေါ်လာရေး၊ ငါးသယံဇာတ ပြန်လည်တိုးပွားရေးအတွက် မြှင့်တင်ဆောင်ရွက်ခြင်း၊ ငါးလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းအပေါ် ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှု၊ တရားမဝင်ငါးဖမ်းဆီးမှုများတိုက်ဖျက်ခြင်းနှင့် ရေထွက်ကုန်များ နောက်ကြောင်းခြေရာခံသည့် စနစ်ဆောင်ရွက်ခြင်း စသည့် ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်သည်။
အဆိုပါဆွေးနွေးချက်ရလဒ်များကို ဇူလိုင် ၂၃ ရက် မှ ၂၅ ရက် အထိ ကျင်းပမည့် အာဆီယံဒေသတွင်း ငါးလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းအဝေးတွင် ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံနှင့် အာဆီယံအတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ၊ SEAFDEC နှင့် ငါးလုပ်ငန်းမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး စင်ကာပူနိုင်ငံ ကိုယ်စားလှယ်များက အွန်လိုင်းဖြင့် တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ တာချီလိတ်မြို့၌ ကျင်းပ
တာချီလိတ် ဇူလိုင် ၂၂
မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ အိမ်ရှင်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ 1G1 11 Hotel ၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (TICA)မှ ညွှန်ကြားရေးမှူးချုပ် H.E Mr. Chulvat Narinthrangura ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအိမ်ရှင်အဖြစ် အပြန်အလှန်လက်ခံကျင်းပ၍ အလုပ်ရုံဆွေးနွေးပွဲများဆောင်ရွက်ခဲ့ရာ ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကကျင်းပခဲ့သည့် အစည်းအဝေး၌ မြန်မာ-ထိုင်း သုံးနှစ်တာ ကျန်းမာရေးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (၂၀၂၀-၂၀၂၂) ခုနှစ်၏ အောင်မြင်မှုများ၊ အားသာချက်၊ အားနည်းချက်များကို အခြေခံကာ ဆွေးနွေးပြောကြားခဲ့ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတိုးတက်မှုများကို သုံးသပ်ရန်နှင့် ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များဖလှယ်ရန်၊ ကျန်းမာရေးကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်း စေရန်အတွက် အရေးပါသောဆွေးနွေးပွဲဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ဆေးရုံဆေးကုသမှုဆိုင်ရာလုပ်ငန်းများ နှစ်နိုင်ငံ နယ်စပ်ဒေသများရှိ Twin Hospitals Project များ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများနှင့် နှစ်နိုင်ငံ ဆေးရုံများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် တာဝန်ခံကိုယ်စားလှယ်များသတ်မှတ်ခြင်း အစရှိသော ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ မြှင့်တင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် ဆက်လက်လုပ်ဆောင်သွားနိုင်မည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ်၍ ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်သွားသော မန္တလေးငလျင်ကြီးကြောင့် ဘေးအန္တရာယ်ခံစားခဲ့ရသော မြန်မာပြည်သူများအားကူညီရန် ထိုင်းနိုင်ငံမှ အရေးပေါ်ဆေးကုသရေးအဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဆက်လက်ပံ့ပိုးကူညီနိုင်ရေးနှင့်ပတ်သက်၍လည်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(TICA)မှ ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ဆက်လက်၍ အဆိုပါထိုင်းကိုယ်စားလှယ်အဖွဲ့သည် တာချီလိတ်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်လေ့လာခဲ့ကြသည်။
သတင်းစဉ်