
ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇူလိုင် ၂၁
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများက သံရည်ကျိုအလုပ်ရုံ (၁) လည်ပတ်ထုတ်လုပ်နေမှု၊ သံရည်ကျိုအလုပ်ရုံ (၂) ပြန်လည်လည်ပတ်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံနှင့် တည်ဆောက်ရေးလုပ်ငန်းများနှင့် စက်တပ်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းများကို သတ်မှတ်ထားသည့်အချိန်ဇယားများအတိုင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ သံရည်ကျိုအလုပ်ရုံ (၂) ပြန်လည်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အချိန်ကိုက်ပြီးစီးရေးအလေးထားဆောင်ရွက်ရန်၊ မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များအတွက် စက်ပစ္စည်းကိရိယာများ လိုအပ်ချက်ဖြစ်ပေါ်လာပါက လုပ်ငန်းများထိခိုက်နှောင့်နှေးမှုမရှိစေရေး အမြန်ဆုံးဝယ်ယူဖြည့်ဆည်းနိုင်ရေး စီမံဆောင်ရွက်ထားရန်၊ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် စက်ပစ္စည်းကိရိယာများကို စစ်ဆေးပြုပြင်နေရ၍ ခေတ္တရပ်ဆိုင်းခဲ့ရသည့် ထုတ်လုပ်မှုအား ဘဏ္ဍာရေးနှစ် သတ်မှတ်လျာထားချက်ကို ပြည့်မီအောင် ဖြည့်ဆည်းထုတ်လုပ်နိုင်ရေးစီမံချက်များ ရေးဆွဲဆောင်ရွက်ရန်၊ လျာထားချက်နှင့်အညီ လိုအပ်သော သွင်းအားစုများ၊ စက်အရန်ပစ္စည်း များကိုလည်း ကြိုတင်ဖြည့်တင်းဝယ်ယူဆောင်ရွက်ရန်နှင့် ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သံရည်ကျိုအလုပ်ရုံ (၂) လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် အလုပ်ရုံအတွင်းရှိ ကရိန်းများ စစ်ဆေးပြုပြင်ပြီး စမ်းသပ်မောင်းနှင်နေမှု၊ လျှပ်ပန်းမီးဖို (EAF) ၏ ရေလိုင်း၊ ဟိုက်ဒရောလစ်လိုင်းများကို သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကာဗွန်အိုးအတွင်းရှိ ကာဗွန်များနှင့်ချော်များကို ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ သတ်မှတ်သံမဏိအရည်အသွေးရရှိရေးအတွက် ဓာတ်သတ္တုပစ္စည်းများ ချိန်ညှိသည့်လုံမီးဖို (LF) ၏ ဟိုက်ဒရောလစ်လိုင်းများ သန့်ရှင်းရေးဆောင်ရွက်ပြီးစီးမှု၊ သံမဏိပြားပုံသွင်းစက် (TSC) ပြုပြင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေမှု၊ မိုလ်နှင့် ဆက်စပ်အစိတ်အပိုင်းများကို ချိန်ညှိခြင်းလုပ်ငန်းများ ထပ်မံဆောင်ရွက်ရမည့်အခြေအနေ၊ ပင်မအလုပ်ရုံရှိ ဆွဲဆန့်အားစမ်းသပ်စက် (Tensile Testing Machine) များ၊ ကွေးညွှတ်အားစမ်းသပ်စက် (Bend Test Machine) များဖြင့် သံမဏိအရည်အသွေးစမ်းသပ်စစ်ဆေးမှု၊ သံမဏိတုံးအပူပေးကြိတ်စက် (Hot Strip Mill) ၏ Batching Plant တည်ဆောက်မည့်နေရာအား ကွန်ကရစ်လောင်းခြင်း လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက သံရည်ကျိုအလုပ်ရုံ (၂) ကို လာမည့် စက်တင်ဘာလအတွင်း လည်ပတ်ထုတ်လုပ်နိုင်ရေးတွန်းအားပေးကြိုးစား ဆောင်ရွက်ရန်၊ စက်ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် စက်တစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို ကျေညက်အောင်လေ့လာထားရန်၊ စက်ပစ္စည်းကိရိယာများအား ကိုင်တွယ်အသုံးပြုရမည့် လမ်းညွှန်ချက်များကို စနစ်တကျလေ့လာဖတ်ရှုထားရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ
နေပြည်တော် ဇူလိုင် ၂၁
ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဦးစီးဌာနများမှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ၊ သွင်းအားစုကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၃၂၀၀၀ တင်သွင်းနိုင်ရေး လျာထားခဲ့ပြီး ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် မြေဩဇာတန်ချိန် ၉၃၉၆၆၂ ဒသမ ၄၃ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၁၉၅၁၅ ဒသမ ၇၆ တန်ကို ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိနိုင်ရေး ထောက်ခံပေးခဲ့ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း သွင်းကုန်လိုင်စင်ရရှိရေး စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကောက်ခွန်ဦးစီးဌာန၏ စာရင်းများအရ ၂၀၂၅ ခုနှစ် ဇွန်လကုန်အထိ မြေဩဇာတန်ချိန် ၄၃၈၇၀၅ ဒသမ ၇၀ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၉၈၄၀ ဒသမ ၅၀၅ တန် တင်သွင်းထားသည်ကို တွေ့ရှိရကြောင်း။
ပြောကြား
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပန်းတိုင်အထွက်နှုန်းရရှိရန် လိုအပ်သော သွင်းအားစုများကို တောင်သူများသုံးစွဲနိုင်ရေး၊ ဖြန့်ဖြူးပေးနိုင်ရေး၊ ပံ့ပိုးနိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းအနေဖြင့် အဆိုပါဒေသများ၏လိုအပ်ချက်များကို ဖြန့်ဖြူးနိုင်ရေးကြိုတင်စီစဉ်ထားရန် လိုအပ်ကြောင်း။
ကုမ္ပဏီများအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း တင်သွင်းရန်ကျန်ရှိမှုများကို အမြန်တင်သွင်းနိုင်ရေးတာဝန်ရှိသူများက ဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာပိုးသတ်ဆေးအမှတ်တံဆိပ်အလိုက်၊ ကုမ္ပဏီအလိုက် အရည်အသွေး၊ ဈေးနှုန်းတို့အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုပေးရန်လိုအပ်ကြောင်း၊ ပြည်တွင်းသုံးစွဲသူတောင်သူများအတွက် သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေး စီစဉ် ဆောင်ရွက်ပေးရမည်ဖြစ်၍ ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း။
မြေဩဇာအသင်းအနေဖြင့်လည်း အသင်းဝင်ကုမ္ပဏီများအား အသင်းကချမှတ်ထားသော “မူ” များ၊ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရန်နှင့် မလိုက်နာသည့်ကုမ္ပဏီများကို စိစစ်တင်ပြရန်၊ မှန်မှန်ကန်ကန်ဆောင်ရွက်နေသော ကုမ္ပဏီများအတွက် နစ်နာမှုမရှိစေရေး သေချာစိစစ်ဆောင်ရွက်ရန်၊ ကုမ္ပဏီများကလည်း သတ်မှတ်မူများအတိုင်း လိုက်နာဆောင်ရွက်ရန်၊ လိုအပ်ချက်များအပေါ် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တောင်သူများ လက်ဝယ်သွင်းအားစုများ အချိန်မီရောက်ရှိရေးဖြန့်ဖြူးရောင်းချပေးမည့် အစီအမံများကိုလည်းကောင်း၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက သွင်းအားစုများ ပံ့ပိုးပေးမည့်အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ဦးဆောင်ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကိုယ်စားလှယ်နှင့် ကော်မတီအဖွဲ့ဝင်ဦးစီးဌာနများမှ ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကျင်းပ
နေပြည်တော် ဇူလိုင် ၂၁
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့မွန်းလွဲ ၃ နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်း၊ တောင်ဒဂုံမြို့နယ် တောင်ဒဂုံအားကစားကွင်း၊ သန်လျင်မြို့နယ် သန်လျင်အားကစားကွင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် YTC လေ့ကျင့်ရေးကွင်း (၁) ရှိ (စက်ဘီးကွင်း) တို့တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင် ပွဲကြည့်ပရိသတ်များ လာရောက်ကြည့်ရှုအားပေးကြသည်။
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပြန်လည်ဦးမော့ပြီး ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။
ယနေ့ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ပဒုမ္မာအားကစားကွင်းတွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း တို့ယှဉ်ပြိုင်ကစားရာ မန္တလေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ တောင်ဒဂုံအားကစားကွင်းတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ကချင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ သန်လျင်အားကစားကွင်းတွင် ကရင်ပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ကရင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ YTC လေ့ကျင့်ရေးကွင်း (၁) (စက်ဘီးကွင်း) တွင် ရှမ်းပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရှမ်းပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိကြသည်။
ဇူလိုင် ၂၂ ရက်တွင် ပြိုင်ပွဲတစ်ရက်ရပ်နားပြီး ဇူလိုင် ၂၃ ရက် မွန်းလွဲ ၃နာရီမှ စတင်၍ အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ပဒုမ္မာအားကစားကွင်းတွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်း၊ YTC လေ့ကျင့်ရေးကွင်း (၁) (စက်ဘီးကွင်း) တွင် ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကာ ဘောလုံးအားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်

ဝဇီရာရုပ်ရှင်ရုံနှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ လှူဒါန်းပေးပို့ပေးပါရန် မေတ္တာရပ်ခံခြင်း
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ် ၃၂၇ တွင် တည်ရှိသည့် ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂၃ ခုနှစ်ခန့်က တည်ဆောက်ခဲ့သည့် ရှေးဟောင်းရုပ်ရှင်ရုံဖြစ်ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ဗိသုကာအသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံများ၊ ရုပ်လုံးကြွများဖြင့် တန်ဆာဆင်တည်ဆောက်ထားသဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းအတွက် ဂုဏ်ယူထိန်းသိမ်းထားရမည့် အဆောက်အအုံကြီးတစ်ခုဖြစ်ပါသည်။ ဝဇီရာရုပ်ရှင်ရုံကြီးသည် ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များက ရုပ်ရှင်ဇာတ်ကားများ၊ ပြဇာတ်များအား ပြည်သူများ အပန်းဖြေပျော်ရွှင်စေရန် တင်ဆက်ပြသခဲ့သည့် ရုပ်ရှင်ရုံကြီးဖြစ်သည့်အတွက် အနုပညာစိတ်ဝိညာဉ်များ ဆုံစည်းရာနေရာတစ်ခုလည်းဖြစ်ပါသည်။
ယခုအခါ ဝဇီရာရုပ်ရှင်ရုံကြီးအား နိုင်ငံတော်အစိုးရက ဂုဏ်ပြုခံကဇာတ်ရုံကြီး (Red Carpet Theatre)အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး အဆင့်မြှင့်တင်ဆောင်ရွက်ပြီးပါက ရုပ်ရှင်ရုံအဖြစ်သာမကပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အက၊ ဂီတပွဲ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးများ၊ သင်တန်းများ၊ စတူဒီယိုနှင့် အနုပညာဖန်တီးနိုင်သည့် နေရာများအဖြစ်ပါ အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဝဇီရာရုပ်ရှင်ရုံနှင့်ပတ်သက်သည့် အဆောက်အအုံဆိုင်ရာ အချက်အလက်များ၊ ပုံစံကားချပ်များ၊ ဖျော်ဖြေတင်ဆက်မှုနှင့် ကြည့်ရှုအားပေးမှုဆိုင်ရာ မှတ်တမ်းဓာတ်ပုံများအား မူရင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ဆက်သွယ်လှူဒါန်းပေးပါရန် မေတ္တာရပ်ခံအသိပေးအပ်ပါသည်။
ဆက်သွယ်ရမည့် ပုဂ္ဂိုလ်များ
- ဦးရဲလင်းမြင့်၊ ညွှန်ကြားရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
၀၉ ၇၉၈၃၇၄၇၀၉၊ ၀၁၇ ၅၃၆၀၃၀
- ဦးချမ်းသာကြည်စိုး၊ တွဲဖက်အတွင်းရေးမှူး (၂) မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
၀၉ ၇၆၅၂၆၂၆၇၉

ငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် ဇူလိုင် ၂၁
အင်အားပြင်းမန္တလေးငလျင်ကြီး ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပရာ ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် ရန်ပုံငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်က ဆွေးနွေးရာတွင် ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ၏ ခွင့်ပြုချက်အရ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ဇူလိုင် ၁၆ ရက်တွင် ကျင်းပခဲ့သည့် ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးဆွေးနွေးချက်များအရ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နယ်မြေဒေသများရှိ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေး ချေးငွေအစီအစဉ်အား ဦးစားပေးကဏ္ဍများ သတ်မှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ချေးငွေပံ့ပိုးပေးမှုအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ရန်ပုံငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက ရန်ပုံငွေကို စနစ်တကျထိရောက်မှုရှိစွာ စီးဆင်းလည်ပတ်စေရန် ရန်ပုံငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့အစည်းအဝေးကို လစဉ်ပထမပတ်နှင့် တတိယပတ်များတွင် တစ်လနှစ်ကြိမ် ကျင်းပပြုလုပ်ရန် ဆွေးနွေးခဲ့ကြပြီး ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့နှင့် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (မူကြမ်း)၊ ရန်ပုံငွေထည့်ဝင်ခြင်း၊ သီးခြားစာရင်းဖွင့်လှစ်ခြင်း၊ ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ စာရင်းလွှဲပြောင်းခြင်း၊ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ရန်ပုံငွေစီးဆင်းမှုပုံစံအား ရေးဆွဲအတည်ပြုခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ယင်းနောက် ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်