
အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် ရှမ်းယူနိုက်တက်နှင့် လာအိုကလပ် EZRA အသင်း ဩဂုတ် ၉ ရက်၊ ၁၅ ရက် ယှဉ်ပြိုင်ကစားမည်
၂၀၂၅-၂၀၂၆ အာဆီယံကလပ် ချန်ပီယံရှစ် ပြိုင်ပွဲ ခြေစစ်ပွဲကို ဩဂုတ်လအတွင်း ပြုလုပ် မည်ဖြစ်ပြီး မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် လာအိုကလပ် EZRA အသင်းနှင့် တွေ့ဆုံ နေ၍ ဩဂုတ် ၉ ရက်၊ ၁၅ ရက်တွင် နှစ်ကျော့ကစားရမည်ဖြစ်ကြောင်း သိရသည်။
ခြေစစ်ပွဲတွင် ရှမ်းယူနိုက်တက် (မြန်မာ) နှင့် EZRA (လာအို)၊ ဆီဘူး (ဖိလစ်ပိုင်) နှင့် ကာဆူကာ (ဘရူနိုင်း) တို့ တွေ့ဆုံနေပြီး မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် ပထမ အကျော့ အဝေးကွင်းပွဲကို ဩဂုတ် ၉ ရက်တွင် အဝေးကွင်း၊ ဩဂုတ် ၁၅ ရက်တွင် အိမ်ကွင်းအဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကစားရမည်ဖြစ်သည်။ လာအိုကလပ်အသင်းသည် အိမ်ကွင်းပွဲကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ လက်ခံကျင်းပနိုင်ခြင်းမရှိသဖြင့် ထိုင်းနိုင်ငံ ချောင်ဘူရီကွင်း၌ လက်ခံကစားမည် ဖြစ်သည်။
လာအိုကလပ် EZRA အသင်းသည် ယခုရာသီတွင် ယှဉ်ပြိုင်ခွင့်ရထားသည့် နိုင်ငံတကာပြိုင်ပွဲ နှစ်ခုစလုံး မြန်မာကလပ်များနှင့် တွေ့ဆုံနေပြီး AFC Challenge League ခြေစစ်ပွဲတွင်လည်း ရန်ကုန်ယူနိုက်တက်နှင့် ကစားရမည်ဖြစ်ရာ ခုနစ်ရက်အတွင်း မြန်မာကလပ်များနှင့် ခြေစစ်ပွဲ သုံးပွဲ ကစားရမည်ဖြစ်သည်။ အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် ယခင်က နောက်ဆုံးအဆင့်တွင် အသင်း ၁၄ သင်းဖြင့် ကျင်းပရန် စီစဉ်ထားသော်လည်း အင်ဒိုနီးရှားကလပ်နှစ်သင်း နုတ်ထွက်သွားသဖြင့် ပြီးခဲ့သည့်ရာသီအတိုင်း ၁၂ သင်းဖြင့် ပြုလုပ်မည်ဖြစ်ပြီး ခြေစစ်ပွဲတွင် လေးသင်းယှဉ်ပြိုင်ကာ အနိုင် ရသည့် နှစ်သင်းနောက်ဆုံးအဆင့် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယင်းပြိုင်ပွဲတွင် နှစ်ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့် ရရှိခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် ခြေစစ်ပွဲ အောင်မြင်ပါက နောက်ဆုံးအဆင့် အုပ်စု (ခ) သို့ ကျရောက်မည်ဖြစ်ပြီး သက်ဆိုင်ရာလိဂ် ချန်ပီယံအများစုနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နောက်ဆုံး အဆင့် အုပ်စုမဲခွဲမှုအရ အုပ်စု (က) တွင် လက်ရှိချန်ပီယံ ဘူရီရမ်ယူနိုက်တက် (ထိုင်း)၊ BG ပါသွန် ယူနိုက်တက် (ထိုင်း)၊ ဆီလန်ဂေါ(မလေးရှား)၊ ကောင်အန်ဟနွိုင်း (ဗီယက်နမ်)၊ တမ်ပနိစ်ရိုဗာ (စင်ကာပူ)၊ ခြေစစ်ပွဲတွင် ဆီဘူး (ဖိလစ်ပိုင်) နှင့် ကာဆူကာ(ဘရူနိုင်း) ပွဲမှ အနိုင်ရအသင်း၊ အုပ်စု (ခ) တွင် ဗန်ကောက်ယူနိုက်တက် (ထိုင်း)၊ ဂျိုဟိုဒါရူးလ်(မလေးရှား)၊ နမ်ဒင်း (ဗီယက်နမ်)၊ Lion City Sailors (စင်ကာပူ)၊ Svay Rieng (ကမ္ဘောဒီးယား)၊ ခြေစစ်ပွဲတွင် ရှမ်းယူနိုက်တက် (မြန်မာ) နှင့် EZRA (လာအို)ပွဲမှ အနိုင်ရအသင်းတို့ ပါဝင်နေကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း တရုတ်နိုင်ငံ၌ ခြေစမ်းပွဲ (၃)ပွဲ ကစားမည်
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် တရုတ်နိုင်ငံ၌ ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်မှ ၃၀ ရက်အထိ တရုတ်နိုင်ငံတွင် လေ့ကျင့်မည်ဖြစ်ပြီး တရုတ် ယူ-၂၀ လူငယ်လက်ရွေးစင်အသင်းအပါအဝင် ခြေစမ်းပွဲ (၃)ပွဲ ကစားမည်ဖြစ်ကာ အာဆီယံပြိုင်ပွဲကျင်းပမည့် ဗီယက်နမ်နိုင်ငံသို့ တိုက်ရိုက်သွားရောက်မည် ဖြစ်သည်။ ၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဩဂုတ်လ ၆ ရက်မှ ၁၉ ရက်အထိ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းသည် ဖိလစ်ပိုင်၊ ဩစတြေးလျ၊ တီမောအသင်းတို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်နေသည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် နည်းပြချုပ်-ယုကီတက်ဆုရို (ဂျပန်)၊ ကစားသမား များအဖြစ် ဂိုးသမား-မျိုးမြမြငြိမ်း (သစ္စာအားမာန်)၊ ဇူးလတ်နဒီ (အား/ကာသိပ္ပံ)၊ အိစန္ဒာဇော် (ဧရာ၀တီ)၊ နောက်တန်း-နှင်းပွင့်အေး၊ လင်းလဲ့ဦး၊ သန်းသန်းနွယ် (အား/ကာသိပ္ပံ)၊ ဖြူဖွေး (ရန်ကုန်ယူနိုက်တက်)၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်း (ဧရာ၀တီ)၊ ခင်မျိုးသန္တာထွန်း၊ ဆောင်းနှင်းဖွေး (ရှမ်းယူနိုက်တက်)၊ မေသက်မွန်မြင့် (သစ္စာအားမာန်)၊ အလယ်တန်း-နော်ထက်ထက်ဝေ၊ ဖြူဖြူကျော် (ဧရာ၀တီ)၊ ခင်မာလာထွန်း၊ ရွှေရည်ထွန်း (အား/ကာသိပ္ပံ)၊ ဝင်းဝင်း၊ ခင်မိုမိုထွန်း (သစ္စာအားမာန်)၊ နန်းဖြူဖြူသွယ်၊ ရူပါခိုင် (ရှမ်းယူနိုက်တက်)၊ ယွန်းဝတီလှိုင် (ရန်ကုန်ယူနိုက်တက်)၊ ရှေ့တန်း-စန်းသော်သော် (ဧရာ၀တီ)၊ မြတ်နိုးခင် (သစ္စာအားမာန်) နှင့်မေထက်လူ (LA Pierce ကောလိပ်-အမေရိကန်)တို့ ပါဝင်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ယုကီသည် တရုတ်ခရီးစဉ်သို့ ကစားသမား ၂၄ ဦး ခေါ်ဆောင်သွားပြီး မလေးရှားကလပ် ဆာဘားတွင် ကစားနေသည့် ဝင်းသိင်္ဂီထွန်းမှာ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲမှသာ လာရောက်ပူးပေါင်းမည်ဖြစ်ကာ ဒဏ်ရာမှ ပြန်လည်သက်သာနေပြီဖြစ်သော အသင်းခေါင်းဆောင် ခင်မာလာထွန်း ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း စစ်ကိုင်းမြို့ပေါ်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဟိုတယ်နှင့်တည်းခိုရိပ်သာများ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇူလိုင် ၂၀
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ပေါ်ရှိ ဝန်ကြီးဌာနပိုင် အဆောက်အအုံနှင့် မြေနေရာများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး နိုင်ငံပိုင်အဆောက်အအုံနှင့်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး စနစ်တကျထိန်းသိမ်းထားရှိရန် တာဝန်ရှိသူများအား မှာကြားသည်။
ပြောကြား
ထို့နောက် ဟိုတယ်စစ်ကိုင်း၌ စစ်ကိုင်းမြို့ပေါ်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ငလျင်ကြောင့် ရပ်တန့်သွားသော စစ်ကိုင်းမြို့၏ ခရီးသွားလုပ်ငန်းများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးအတွက် စစ်ကိုင်းမြို့ပေါ်ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ၏ လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေစေရေးအတွက် ညှိနှိုင်းပေါင်းစပ်ပေးရန် လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်ပခရီးသွား တိုးတက်ဝင်ရောက်လာရေးအတွက် သာမက ပြည်တွင်းခရီးသွားတိုးတက်ရေးကိုပါ တစ်ပြိုင်နက် တည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများအပေါ် အမြန်ဆုံးပြန်လည်ထူထောင်လာရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသောလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများက ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေ၊ မွမ်းမံပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ၊ လုပ်ငန်းများလည်ပတ်နိုင်ရေးအတွက် လိုအပ်ချက်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြန်လည်မွမ်းမံပြင်ဆင်လျက်ရှိသည့် စစ်ကိုင်းမြို့ပေါ်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်ကြရန်မှာကြားကာ စစ်ကိုင်းမြို့ပေါ်ရှိ ခရီးသွားဆွဲဆောင်ရာနေရာများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ကမ္ဘာ့သတင်းမီဒီယာကောင်စီအစည်းအဝေး တန်ဇန်းနီးယားနိုင်ငံ၌ ကျင်းပ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ တက်ရောက်ဆွေးနွေး
နေပြည်တော် ဇူလိုင် ၂၀
တန်ဇန်းနီးယားနိုင်ငံ Arusha မြို့တွင် ကမ္ဘာ့သတင်းမီဒီယာကောင်စီ (WAPC) (World Association of Press Councils) ၏ အထွေထွေအစည်းအဝေးနှင့် 2nd Pan-African Media Councils’ Summit 2025 ကို ဇူလိုင် ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ တက်ရောက်ဆွေးနွေးသည်။
ညီလာခံသို့ တန်ဇန်းနီးယားနိုင်ငံ ဒုတိယသမ္မတ Dr. Philip Isdor Mpango နှင့် ဝန်ကြီးများ၊ အာဖရိက၊ အာရှနှင့်ဥရောပတိုက်တို့ရှိ နိုင်ငံပေါင်း ၃၀ ခန့်မှ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အိမ်ရှင်နိုင်ငံမှ သတင်းမီဒီယာသမားများ တက်ရောက်ကြပြီး ဒုတိယသမ္မတက အဖွင့်အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် အခြားသော ကမ္ဘာ့သတင်း မီဒီယာကောင်စီဝင်များနှင့်အတူ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက မြန်မာနိုင်ငံမီဒီယာလောကနှင့် သတင်းမီဒီယာကောင်စီ၏ အခန်းကဏ္ဍကို ဆွေးနွေးပြောကြားသည်။
ညီလာခံတွင် ကမ္ဘာနှင့်အာဖရိကတိုက်နိုင်ငံများ၌ သတင်းမီဒီယာသမားများအတွက် သတင်းမီဒီယာ ဆိုင်ရာကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ရေး၊ ကျင့်ဝတ်နှင့်ညီညွတ်၍ တာဝန်ယူမှု တာဝန်ခံမှုရှိသော သတင်းမီဒီယာသမားများအတွက် စာနယ်ဇင်း လွတ်လပ်ခွင့်ရရှိစေရေး၊ သတင်းတုသတင်းမှားများ လျော့နည်းပပျောက်စေရေးနှင့် AI (Artificial Intelligence) နည်းပညာကို မီဒီယာကဏ္ဍတွင် စနစ်တကျအသုံးချနိုင်စေရေး စသည်တို့ကို ဆွေးနွေးကြသည်။ ဇူလိုင် ၁၇ ရက်တွင် နိုင်ငံတကာမှ တက်ရောက်လာကြသူများ Arusha National Park အမျိုးသားသဘာဝဥယျာဉ်ကို လေ့လာကြသည်။ အစည်းအဝေးတွင် ကောင်စီအတွင်းရေးမှူး ဦးအေးချမ်းလည်း တက်ရောက်ကြောင်း သိရသည်။
သတင်းစဉ်