6

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၀

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ သုတေသနဌာနခွဲ(ပြင်ဦးလွင်)သို့ ရောက်ရှိပြီး အထက်မြန်မာပြည်ရှိ MSME များမှ ထုတ်လုပ်သည့် စားသောက်ကုန်များ အရည်အသွေး ပြည့်မီစွာထုတ်လုပ်ရေး၊ ပြည်သူများဘေးအန္တရာယ် ကင်းရှင်းစွာစားသုံးနိုင်ရေးအတွက် MSME များမှ ထုတ်လုပ်သည့် စားသောက်ကုန်များ၊ စွန့်ပစ်ရေများစမ်းသပ်စစ်ဆေးနေမှု၊ ပြင်ဦးလွင်ခရိုင်ရှိ MSME များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြင်ဦးလွင်ခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံး ဖွင့်လှစ်၍ လုပ်ငန်းများလည်ပတ်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက MSME များမှ ထုတ်လုပ်သော စားသောက်ကုန်များကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးနိုင်ရေးအတွက် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုများကို အဆင့်မြှင့်တင်နိုင်ရန် ဓာတ်ခွဲခန်းဆိုင်ရာသင်တန်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ခရိုင်စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနအနေဖြင့် ခရိုင်အတွင်းရှိ MSME များ၏ လိုအပ်ချက်ကို သိရှိအောင် ဆောင်ရွက်ပြီးထိရောက်သည့် ကူညီပံ့ပိုးဖြည့်ဆည်းမှုများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် အောင်မြေသာစံမြို့နယ်ရှိ ဆပ်ပြာစက်ရုံ(မန္တလေး)နှင့် မဟာအောင်မြေမြို့နယ်ရှိ မဟာအောင်မြေခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေး ရေးဦးစီးဌာနရုံးတို့၌ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများနှင့် စက်ပစ္စည်းကိရိယာများ ပြင်ဆင်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက အဆောက်အအုံများ ပြန်လည်ပြင်ဆင်ရာတွင် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ-၂၀၂၅ နှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ မှာကြားသည်။

ဆက်လက်၍ ပြည်ကြီးတံခွန်မြို့နယ် မန္တလေးစက်မှုဇုန်အတွင်းရှိ လှိုင်းကာလာသွပ်ပြားလိုင်းဖော် လုပ်ငန်း၊ တော်ဝင်သွပ်ပြားလိုင်းဖော်လုပ်ငန်း၊ Top One One သွပ်လိုင်းဖော်လုပ်ငန်းတို့ကို သွားရောက်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း)၊ အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)၊ မြစ်သားမြို့နယ်ရှိ အမှတ်(၇)အထည်စက်ရုံ(မြစ်သား)တို့ကို ရောက်ရှိပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ၊ စက်ပစ္စည်းကိရိယာများကို စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။                          

သတင်းစဉ်

21.07.2025
5

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရုပ်ရှင်ထုတ်လုပ်သူလုပ်ငန်းရှင်များ ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းဆွေး​နွေး

ရန်ကုန် ဇူလိုင် ၂၀

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ရုပ်ရှင်ထုတ်လုပ်သူလုပ်ငန်းရှင်များနှင့် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ​တွေ့ဆုံ၍ ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်း​ဆွေး​နွေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ရုပ်ရှင်ဇာတ်ကားများရုံတင် ပြသနိုင်မည့်အခြေအနေနှင့် ရိုက်ကူးထုတ်လုပ်ရန် လိုအပ်မှုအခြေအ​နေကိုလည်းကောင်း၊ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသမှုစနစ်အား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်ဇာတ်ကားထုတ်လုပ်သူများနှင့် ရုပ်ရှင်ရုံပိုင်ရှင်များ ညှိနှိုင်းပေါင်းစပ်၍ အားလုံးအဆင်ပြေစေမည့် ရုံတင်ပြသမှုစနစ် ပေါ်ပေါက်လာအောင်ဆောင်ရွက်ရန် လိုအပ်နေမှုအခြေအနေကိုလည်းကောင်း၊ နိုင်ငံတော်အစိုးရက ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသည့် အခြေအနေများကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ရုပ်ရှင်ထုတ်လုပ်သူလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများက ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသရာတွင် ကြုံတွေ့ရသည့်အခက်အခဲများနှင့် ရုပ်ရှင်ဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍအသီးသီးကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယနေ့နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်မည့် “ရုပ်ရှင်မြို့တော်စီမံကိန်း” အတွက် စိတ်ဝင်စားမှုအဆိုပြုလွှာပေးအပ်ထားသည့် လုပ်ငန်းရှင်များအားတွေ့ဆုံ၍ ရုပ်ရှင်မြို့တော်စီမံကိန်း လုပ်ငန်းများအား ဆောင်ရွက်ရာတွင် အနုပညာကို အခြေခံသည့် လုပ်ငန်းများကိုသာ ဦးစားပေးဆောင်ရွက်ရန်နှင့် သတ်မှတ်စည်းမျဉ်း စည်းကမ်းများအတိုင်း ဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားခဲ့သည်။

သတင်းစဉ်

21.07.2025
4

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးရာသီငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ

နေပြည်တော် ဇူလိုင် ၂၀

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီငါးမျိုးစိုက်ထည့် ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေး ကော်မတီရုံးအနောက်ဘက်ရှိ ငလိုက်ရာဘာရေလွှဲဆည်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ၎င်းတို့၏ဇနီးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ငါးမျိုးစိုက်ထည့်ပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့သည် ဒုတိယဝန်ကြီးများ၊ ၎င်းတို့၏ ဇနီးများနှင့်အတူငါးမြစ်ချင်းနှင့် ငါးခုံးမသားပေါက်များကို ငလိုက်ရာဘာ ရေလွှဲဆည်အတွင်း ငါးမျိုးစိတ်စိုက်ထည့်ပေးကြသည်။

ယင်းနောက်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ၎င်းတို့၏ ဇနီးများနှင့် အရာထမ်း၊ အမှုထမ်းများက ငါးမြစ်ချင်းနှင့် ငါးခုံးမသားပေါက်ကောင်ရေ ၁၁၀၀၀ ကို စားနပ်ရိက္ခာပေါကြွယ်ဝရေး၊ ရေသယံဇာတများ ထိန်းသိမ်းရေး၊ ငါးမျိုးမပြုန်းတီးရေး စသည့်ရည်ရွယ်ချက်များဖြင့် ငလိုက်ရာဘာရေလွှဲဆည်အတွင်း ငါးမျိုးစိတ်စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

21.07.2025
3

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လှိုင်သာယာမြို့နယ်အတွင်းရှိ ရန်ကုန် - ပုသိမ်လမ်းမတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်-ပုသိမ်လမ်းမတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်လျက်ရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမတစ်လျှောက် လမ်းဘေးဝဲယာ၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများအဆင့်မြှင့်တင်မှုနှင့် လူသွားစင်္ကြန်တည်ဆောက်လျက်ရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လမ်းဘေးဝဲယာ၌ သန့်ရှင်းသာယာပြီး လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံရေးဆောင်ရွက်ရန်၊ ရေနုတ်မြောင်းများပိတ်ဆို့မှုမရှိစေရေး၊ ရေထွက်ပေါက်များမှ ရေများအလွယ်တကူစီးဆင်းသွားနိုင်ရေး စနစ်တကျတွက်ချက်၍ တည်ဆောက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညောင်တုန်းလမ်းတစ်လျှောက်နှင့် ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ လမ်းတစ်လျှောက် ရေနုတ်မြောင်းများ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိမှု၊ မော်တော်ကားလမ်းတိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

21.07.2025
2

ဥတ္တရသီရိမြို့နယ်၌ လူသတ် လုယက်မှုကျူးလွန်သူ တရားခံအမျိုးသား ၃ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ လူသတ်လုယက်မှုကျူးလွန်သူ တရားခံအမျိုးသား ၃ ဦးအား ဇူလိုင်လ ၁၉ ရက်နေ့က သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁) မီးသတ်စခန်းအနောက်ဘက်တောအတွင်း မီးသွေးဖိုအနီး၌ ကိုးရွာသပြေကုန်းကျေးရွာ၊ လေးကျွန်း မဏ္ဍိုင်ဘုန်းကြီးကျောင်းမှ ကပ္ပိယဖြစ်သူ ဦးလှဝင်း(၇၄)နှစ်အား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ တရားခံများ စိစစ်ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ဘုရားကုန်းမြို့မရဲစခန်း(ပ)၃၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ပါသည်။

အမှုမှ တရားခံများဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ အချင်းမဖြစ်မီရက်များက အဆိုပါဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသည့် ကိုးရွာသပြေကုန်းကျေးရွာနေ နိုင်မင်းထွန်း(ခ)ဘိုဘို(၁၈)နှစ်၊ ဇွဲခန့်နိုင်(ခ)ဇွဲခန့်(၁၇)နှစ်နှင့် ရေတာရှည်မြို့နယ်၊ သရက်တောကျေးရွာနေ ဆန်းမင်းငြိမ်း(ခ)ပေါက်တူး(၂၇)နှစ်တို့ ၃ ဦးအား မသင်္ကာသဖြင့်စစ်ဆေးခဲ့ရာ လူသတ်လုယက်မှုကျူးလွန်ခဲ့ကြောင်းပေါ်ပေါက်ပြီး ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရှည်(၂)ပေခန့်ရှိ ထင်းချောင်း(၂)ချောင်း၊ VIVO အမျိုးအစား သက်သေခံဖုန်း (၁)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိ တရားခံများ၏ထွက်ဆိုချက်အရ ၎င်းတို့ ၃ ဦးသည် ငွေကြေးလိုအပ်ချက်ကြောင့် ကပ္ပိယဖြစ်သူ ဦးလှဝင်းထံမှ ပိုက်ဆံများလုရန်တိုင်ပင်ပြီး ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ဦးလှဝင်း၏ မီးသွေးဖိုအနီးဝါးရုံပင်အောက်တွင် အရက်သေစာသောက်စားကာ စောင့်ဆိုင်း၍ ဦးလှဝင်းအား နိုင်မင်းထွန်း(ခ)ဘိုဘိုမှ အသင့်ယူလာသော ထင်းချောင်းဖြင့် ရိုက်နှက်ခဲ့ပြီး မှောက်လျက်လဲကျသွားသော ဦးလှဝင်းအား ဆန်းမင်းငြိမ်း(ခ) ပေါက်တူးမှ ဆွဲလှန်ပေးကာ နိုင်မင်းထွန်း(ခ)ဘိုဘိုနှင့် ဇွဲခန့်နိုင်(ခ)ဇွဲခန့်တို့မှ ထင်းချောင်းများဖြင့် ဝိုင်းဝန်းရိုက်နှက်၍ ဦးလှဝင်းကိုင်ဆောင်သော VIVO အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်းနှင့် လွယ်အိတ်အတွင်းမှ ငွေကျပ် ၇၂,၀၀၀ အား လုယက်ယူဆောင်ခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

အထက်ပါဖြစ်စဉ်မှ လူသတ်လုယက်မှုကျူးလွန်သူ နိုင်မင်းထွန်း(ခ)ဘိုဘို၊ ဇွဲခန့်နိုင်(ခ)ဇွဲခန့်နှင့် ဆန်းမင်းငြိမ်း(ခ)ပေါက်တူးတို့ ၃ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက် လျက်ရှိကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

21.07.2025