
တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ခဲသတ္တုများ၊ လိုင်စင်မဲ့ယာဉ်များ၊ လိုင်စင်မဲ့ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင်ယာဉ်များ သိမ်းဆည်းရမိ
07/20/2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုတ်ပြင်းမြို့နယ် ကရိုင်တိုင်ကျေးရွာရှိ မြို့ ဝင်/ထွက် စစ်ဆေးရေးဂိတ်၌ ယာဉ်တစ်စီးပေါ်မှ တရားမဝင်ခဲသတ္တု ၁ ဒသမ ၇၂၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၂၀၀၀၀၀)နှင့် အဆိုပါခဲသတ္တုများ တင်ဆောင်လာသည့် Forland Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀)ကို မြန်မာ့သတ္တုတွင်းဥပဒေအရလည်းကောင်း၊ ကော့သောင်းမြို့နယ် ဘရီးကျွန်းအနီး၌ တရားမဝင်ငါးဖမ်းရာတွင်အသုံးပြုသည့် သစ်သားကိုယ်ထည်လှေတစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀၀၀၀၀၀)ကို မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရလည်းကောင်း၊ ဘုတ်ပြင်းမြို့နယ် ကြိမ်နီတောင်ကျေးရွာ၌ တရားမဝင်မီးသွေး ၇ ဒသမ ၁၄၆ တန် (ခန့်မှန်း တန်ဖိုးငွေ ၃၅၇၃၃ ကျပ်)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၁၆၄၂၃၅၇၃၃ ကျပ်ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် လွင်မိုးတိုက် ပူးပေါင်းစစ်ဆေးရေးဂိတ်တို့၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ကိုးမျိုး၊ စားသောက် ကုန်ပစ္စည်းတစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၃၂၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သာယာဝတီမြို့ မီးနင်းချောင်းဂိတ်၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၄၃၂၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး၊ Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၄ ဒသမ ၅၇၂ တန်၊ သစ်မာသုည ဒသမ ၈၈၂ တန်၊ အခြားသစ် ၆ ဒသမ ၁၄၉ တန် (ခန့်မှန်းတန်ဖိုးငွေ ၅၂၄၁၆၈၇ ကျပ်)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ၉၃၆၇၃၆၈၇ ကျပ်ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ဇူလိုင် ၁၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေးဂိတ်၌ ရန်ကုန်မြို့မှမန္တလေးမြို့သို့မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၁၈ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၉၆၄၀၄၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၇၉၆၄၀၄၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့နယ် နမ့်လွတ်ကျေးရွာအနီး မယ်ယန်း-စံဖူးလမ်းဘေးတစ်နေရာ၌ စုပုံထားသောအကောက်ခွန်မဲ့ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၆၂၅၀၀၀)ကိုလည်း ကောင်း၊ တာချီလိတ်မြို့နယ် မလိပါကောရွာအနီး ဝှေလေလန်-မလိပါကော-မိုင်းကိုး လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၈၆၀၀၀၀)ကိုလည်းကောင်း၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ပန်ဟတ်ရွာအနီးတာချီလိတ်-ကျိုင်းတုံ လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၅၈၅၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၁၀၇၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာလေးလုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၈၃၄၉၅၀)ကိုလည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာ ၃၆ လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၈၇၅၈၈၉၆၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်(ကုန်လှောင်ရုံ)၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁၂၀၀၀)ကိုလည်းကောင်း၊ ဝေါမြို့အဗျားဘိုတဲ ကျေးရွာအနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းရှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၁၀၃၉၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Hino Truck တစ်စီး၊ Nidi Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၂၀၃၉၈၁၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ဇူလိုင် ၁၈ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သိမ်းဆည်းရမိမှုစာရင်းများအရ လိုင်စင်မဲ့ယာဉ် ၁၀ စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ် ၃၅ စီး သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံး လုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၃၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၄၈၃၀၃၂၇၀)ကို ဖမ်းဆီး ရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍ အပေါ်များစွာဆိုးကျိုးသက်ရောက်ခြင်းများကြောင့် ၎င်းတရားမဝင်တင်သွင်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြု
07/19/2025
နေပြည်တော် ဇူလိုင် ၁၉
၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂါရဝပြုသည်။
အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ မန်းငြိမ်းမောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်တို့နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုကြသည်။
ထိုအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့လျှော့ချလွှင့်ထူ၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက်၍လည်းကောင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော် အလေးပြုခရာမှုတ်၍လည်းကောင်း အလေးပြုကြပြီးနောက် နှစ်မိနစ်ငြိမ်သက်စွာ မေတ္တာပို့သအမျှပေးဝေကြသည်။
ယင်းနောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ကိုယ်စားလှယ်များက အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ ဂါရဝပြုကြပြီး မေတ္တာပို့သအမျှပေးဝေကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံရုံးယာယီတာဝန်ခံများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအသင်း၊ ခရစ်ယာန်ကလျာဏယုဝအသင်း (YMCA)၊ ရှင်သန်ရေးကူညီမှုအသင်း၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်၊ မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံဟိန္ဒူဗဟိုအဖွဲ့ချုပ်၊ သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များ အစည်းအရုံး၊ အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊ မြန်မာမွတ်စလင်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊ ပြည်ထောင်စုဖူလ်းဂေါ်စပယ်အသင်းတော်အဖွဲ့ချုပ်၊ သမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာ့ရေးရာကောင်စီဌာနချုပ်၊ မြန်မာမွတ်စလင်လူငယ်များအဖွဲ့ချုပ်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံပိုးကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ အရှိုချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံတော်ကတ်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်းနှင့် မြန်မာစားသုံးသူသမဂ္ဂတို့အပါအဝင် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။
ယင်းနောက် (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြုကြသည့် ရဟန်းရှင်လူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အများပြည်သူများက စနစ်တကျတန်းစီ၍ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့အမှတ်ရသောအားဖြင့် ဂါရဝပြုကြသည်။
၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံးတိုင်ဝက်လွှင့်ထူခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် မြန်မာအသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့က ဥဩဆွဲအချက်ပေးခဲ့သည်။
ယနေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) များသို့လည်း အများပြည်သူများက လာရောက်ဂါရဝပြုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျောင်ဝိုင်းလွန်းကျင်းလုပ်ငန်း ပြန်လည်ဆောင်ရွက်နေသည့်အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး
07/19/2025
နေပြည်တော် ဇူလိုင် ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဂျောင်ဝိုင်းကျေးရွာရှိ ဂျောင်ဝိုင်းလွန်းကျင်းလုပ်ငန်း ပြန်လည်ဆောင်ရွက်နေသည့်အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဂျောင်ဝိုင်းလွန်းကျင်းသို့ရောက်ရှိကြရာ တာဝန်ရှိသူတစ်ဦးက ဂျောင်ဝိုင်းလွန်းကျင်းဆိုင်ရာအချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လွန်းကျင်းသမိုင်းအကျဉ်းတို့ကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လွန်းကျင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လွန်းကျင်းလုပ်ငန်းများ ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရေး၊ လွန်းကျင်းအား ခေတ်နှင့်လျော်ညီစွာ ပြန်လည်ပြုပြင်ခြင်း၊ စက်ကိရိယာများ ထပ်မံဖြည့်သွင်းခြင်းတို့ကို ဆောင်ရွက်၍ အကျိုးရှိအောင် ဆက်လက်ဆောင်ရွက်သွားနိုင်ရေး၊ သန့်ရှင်းသပ်ရပ်မှုနှင့် ထိန်းသိမ်းမှုများ စနစ်တကျဖြစ်စေရေးတို့နှင့် ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ရေယာဉ်အစင်းရေ ၄၉ စင်း လွန်းတင်ဆောင်ရွက်နိုင်ခဲ့
အဆိုပါ ဂျောင်ဝိုင်းလွန်းကျင်းကို ၁၉၈၁-၁၉၈၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ရေလုံလွန်းကျင်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း ရေယာဉ်အစင်းရေ ၄၉ စင်းကို လွန်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများ ရပ်တန့်ခဲ့ကြောင်း၊ ဂျောင်ဝိုင်းရေလုံလွန်းကျင်းသည် သက်တမ်းကြာမြင့်ပြီဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုမရှိခြင်းကြောင့် လုပ်ငန်းရပ်နားချိန်ကြာမြင့်ပါက ပျက်စီးဆုံးရှုံးမှုများ ပိုမိုများလာနိုင်သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) နှင့် ဝန်ကြီးများရုံး(အတွင်းဝန်ရုံး) ပြင်ဆင်ခင်းကျင်းပြသထားရှိမှုများ ကြည့်ရှုစစ်ဆေး
07/19/2025
နေပြည်တော် ဇူလိုင် ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) နှင့် ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) ပြင်ဆင်ခင်းကျင်းပြသထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) သို့ရောက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့် မော်တော်ယာဉ်နှင့် မှတ်တမ်းဓာတ်ပုံများပြခန်း၊ ပန်းခြံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူ၊ ဗိုလ်ချုပ်၏ ငယ်ဘဝ၊ တက္ကသိုလ် ကျောင်းသားဘဝ၊ နိုင်ငံရေးလောကဘဝ၊ တပ်မတော်ခေါင်းဆောင်ဘဝ၊ နိုင်ငံခေါင်းဆောင်ဘဝ၊ မိသားစုဘဝမှတ်တမ်းများနှင့် မှတ်တမ်းဓာတ်ပုံများ၊ အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏ နောက်ခံသမိုင်းအကျဉ်း၊ ဧည့်ခန်း၊ အိပ်ခန်း၊ ဘုရားခန်း၊ စာကြည့်တိုက်နှင့် အထူးအစည်းအဝေးခန်းများအတွင်း ခင်းကျင်းပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများ၊ ပန်းချီကားများ၊ ဓာတ်ပုံများနှင့် ပရိဘောဂပစ္စည်းများ၊ ဗိုလ်ချုပ်အောင်ဆန်း ဖတ်ရှုလေ့လာခဲ့သည့်စာအုပ်များနှင့် ဗိုလ်ချုပ်၏သမိုင်းမှတ်တမ်းများအား ရေးသားထားသော ခေတ်အဆက်ဆက်တွင် ထုတ်ဝေခဲ့သည့် စာအုပ်များအား စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့် မော်တော်ယာဉ်အား ရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အအုံအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ရှေးမူကိုမထိခိုက်စေဘဲ ရှေးဟောင်းမူလလက်ရာများအတိုင်း ဖြစ်စေရန်အတွက် ယခင်မှတ်တမ်းဓာတ်ပုံများဖြင့် ပြန်လည်တိုက်ဆိုင်စစ်ဆေးပြီး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပြတိုက်အတွင်းရှိ ဓာတ်ပုံများအား နည်းပညာများအသုံးပြု၍ ထိန်းသိမ်းဆောင်ရွက်ပြီး ယခုထက်ပိုမိုကောင်းမွန်ကြည်လင်ပြတ်သားသည့်ပုံများဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြတိုက်ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေးအတွက် လမ်းဘေးဝဲယာရှိ သစ်ပင်များအား အောက်ခြေရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်၊ အမှိုက်သရိုက်များ မရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) သည် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သော အိမ်ကို ပြတိုက်အဖြစ် ခင်းကျင်းပြသထားခြင်းဖြစ်ကြောင်း၊ ၁၉၂၁ ခုနှစ်တွင် တည်ဆောက်ခဲ့သောအဆောက်အအုံဖြစ်ပြီး အနောက်တိုင်းဗိသုကာဟန်များ ရောနှောတည်ဆောက်ထားသော ဥရောပပုံစံအဆောက်အအုံတစ်ခုဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ယခုအိမ်၌ ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရသည့် နေ့အထိ နေထိုင်ခဲ့ကြောင်း၊ ပြတိုက်အတွင်း ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်း၊ စာဖတ်ခန်း၊ ကလေးများအိပ်ခန်း၊ အထူးအစည်းအဝေးခန်း၊ ဘုရားခန်း၊ ဗိုလ်ချုပ်အောင်ဆန်း အားလပ်ချိန်တွင် စိုက်ပျိုးသော စိုက်ခင်း၊ ဗိုလ်ချုပ်အောင်ဆန်း စီးနင်းအသုံးပြုခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် WOLSELEY အမျိုးအစား မော်တော်ယာဉ်နှင့် မှတ်တမ်းဓာတ်ပုံပြခန်းတို့အား ခင်းကျင်းပြသထားရှိပြီး အများပြည်သူများအနေဖြင့် တနင်္လာနေ့နှင့် ပြန်တမ်း ဝင်ရုံးပိတ်ရက်များမှအပ ကျန်နေ့ရက်များနှင့် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် အာဇာနည်နေ့တို့တွင် နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ အခမဲ့လာရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရှိရသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များလိုက်ပါ၍ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အအုံသို့ ရောက်ရှိကြပြီး အဆောက်အအုံအတွင်း ခင်းကျင်းပြသထားသည့် သမိုင်းမှတ်တမ်းအထောက်အထား စာရွက်စာတမ်းများနှင့် ဓာတ်ပုံများ ထိန်းသိမ်းထားရှိမှုနှင့် လွှတ်တော်ခန်းမ ထိန်းသိမ်းထားရှိမှုတို့ကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သမိုင်းကြောင်းကို ဖော်ပြလျက်ရှိသည့် ဓာတ်ပုံများနှင့် စာရွက်စာတမ်းများအား ခေတ်မီနည်းပညာများ အသုံးပြု၍ ကြည်လင်ပြတ်သားမှု ရှိအောင်ဆောင်ရွက်ပြီး ခင်းကျင်းပြသသွားရန်လိုကြောင်း၊ ဓာတ်ပုံများ၊ အသုံးအဆောင်ပစ္စည်းများအား အညွှန်းဖော်ပြရာတွင်လည်း ရေးထုံးသတ်ပုံများ စနစ်ကျမှန်ကန်မှုရှိရန်နှင့်လွယ်ကူရှင်းလင်းစွာ ဖတ်ရှုနားလည်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ဝန်ကြီးများရုံးအဆောက်အအုံအတွင်း လှည့်လည်၍ ဗိုလ်ချုပ်ရုံးခန်းနှင့် အစည်းအဝေးခန်းမအတွင်း ဗိုလ်ချုပ်နှင့် အာဇာနည်ပုဂ္ဂိုလ်များ လုပ်ကြံခံရမှုအား ပြသထားရှိမှု၊ ဓာတ်ပုံပြခန်းအတွင်း သမိုင်းဝင်ဓာတ်ပုံများ ပြသထားရှိမှု၊ သမိုင်းဝင်အထောက်အထားများ ပြခန်းအတွင်း ခင်းကျင်းပြသထားရှိမှုနှင့် အဆောက်အအုံထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အစည်းအဝေးခန်းမအတွင်း၌ ဗိုလ်ချုပ်နှင့် အာဇာနည်ပုဂ္ဂိုလ်များ လုပ်ကြံခံရမှုနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုံးထိုင်သည့်နေရာအား မူလခင်းကျင်းထားရှိမှုအတိုင်း ခင်းကျင်းပြသသွားရန်လိုကြောင်း၊ သမိုင်းအထောက်အထားဓာတ်ပုံများအား ပုံစာအညွှန်းတပ်၍ ဖော်ပြသွားရန်လိုကြောင်း၊ သမိုင်းအထောက်အထားဓာတ်ပုံများအား ထပ်မံပြုစု၍ ခင်းကျင်းပြသသွားရန်လိုကြောင်း၊ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အအုံသည် တန်ဖိုးဖြတ်၍မရသည့် ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံဖြစ်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲနေစေရေး ပြုပြင်ထိန်းသိမ်းမှုများကို မူလလက်ရာအတိုင်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အအုံ၏ အချို့နေရာများ၌ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်ထိန်းသိမ်းနိုင်ရေး ပညာရှင်များဖြင့် စနစ်တကျသုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်