
မြန်မာနိုင်ငံတွင် ကျင်းပပြုုလုပ်မည့် ရွေးကောက်ပွဲ၌ ပါဝင်နိုင်ရန် ပအိုဝ်းအမျိုးသား ညီညွတ်ရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထား
07/18/2025
ပအိုဝ်းအမျိုးသား ညီညွတ်ရေးပါတီသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ဇူလိုင်လ (၁၅)ရက်က လျှောက်ထားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် လျှောက်ထားသည့် ပါတီ (၁၉) ပါတီ ရှိနေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။ အဆိုပါ ပါတီများထဲမှ (၁၅) ပါတီကို မှတ်ပုံတင်ခွင့် ပြုထားပြီး ကျန်ပါတီများကိုလည်း မှတ်ပုံတင်ခွင့်ပြုနိုင်ရေး စိစစ်ဆောင်ရွက်နေကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လက်ရှိအချိန်ထိ နိုင်ငံရေးပါတီ (၁၉)ပါတီကို တည်ထောင်ခွင့်ပြုထားပြီဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာလတွင် ကျင်းပရန် လျာထားသည့် ရွေးကောက်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၌ ဦးစားပေးအစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ကာ လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိစာရင်းဇယားများအရ မြို့နယ်ပေါင်း (၂၆၇) မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပရန်လျာထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက် ထုတ်ပြန်ကြေညာပြီးသည့်အချိန်၌ ဖြစ်ပေါ်နေသည့် နယ်မြေဒေသလုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲ ကျင်းပနိုင်သည့် မြို့နယ်များ၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး မကျင်းပနိုင်သည့် နယ်မြေများကိုလည်း ထုတ်ပြန် ကြေညာပေးမည်ဖြစ်သည်ဟုလည်း သိရသည်။

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများမှ ကျောင်းအခြေပြုသင်တန်းဖွင့်လှစ်ရန် သင်တန်းသားခေါ်ယူခြင်း
07/17/2025
နေပြည်တော် ဇူလိုင် ၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်း သင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်း စသည့်သင်တန်းများကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ်(၈)ခု၊ အပတ်စဉ်တစ်ခုလျှင် ခြောက်ပတ်ကြာ သင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
အဆိုပါ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ၌ ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ်၊ တတိယအကြိမ်မြောက် ကျောင်းအခြေပြုသင်တန်းအား ၂၁.၇.၂၀၂၅ ရက်မှ ၂၉.၈.၂၀၂၅ ရက်ထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ တက်ရောက်လိုသော သင်တန်းသား(အမျိုးသမီး/အမျိုးသား)များအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ အောက်ပါအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများသို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်း၍ တက်ရောက်နိုင်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
-အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ရန်ကုန်)
အမှတ်-၁၃၅၊ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ဖုန်း- ၀၉-၄၂၇၉၀၀၀၄၆
- အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မန္တလေး)
အမှတ်-၁၆၉၊ ၈၃လမ်း၊ ၂၅ x၂၆ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊
စစ်ကိုင်းတန်းရပ်၊ မန္တလေးမြို့ ၊ ဖုန်း- ၀၂-၄၀၃၆၇၉၈
-အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မော်လမြိုင်)
ရွှေတောင်ရပ်၊ အထက်လမ်းမကြီးဘေး၊ မော်လမြိုင်မြို့ ၊ ဖုန်း- ၀၅၇-၂၀၂၇၁၆၆
-အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (တောင်ငူ)
အမှတ်(၁၈)ရပ်ကွက်၊ စည်သူလမ်း၊ ဘူတာအနီး၊ တောင်ငူမြို့၊ ဖုန်း - ၀၅၄-၂၈၂၃၅၇၁
-အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မြစ်ကြီးနား)
အမှတ်(၉၂)၊ ရှမ်းစုမြောက်ရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ဖုန်း- ၀၇၄-၂၅၂၂၅၅၈
-အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ဖျာပုံ)
ကျုံကူကျေးရွာ၊ ဖျာပုံ-ဘိုကလေး ကားလမ်းဘေး၊ ဖျာပုံမြို့၊
ဖုန်း- ၀၉-၂၆၂၇၅၇၈၉၉
-အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ပုသိမ်)
အမှတ်-၂ ရပ်ကွက်၊ မင်းကြီးလမ်း၊ ပုသိမ်မြို့၊ ဖုန်း - ၀၄၂- ၂၅၃၇၃၊ ၀၄၂-၂၁၀၃၇
-အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (စစ်တွေ)
မေယုလမ်း(လေယာဉ်ကွင်းအနီး)၊ မန်ကျည်းမြိုင်ရပ်ကွက်၊ စစ်တွေမြို့၊ ဖုန်း- ၀၄၃- ၂၂၀၆၇
-အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ရွာငံ)
အမှတ်-၈၂၊ အင်းကုန်းငါးဆူကျေးရွာအုပ်စု၊ အင်းကုန်းကျေးရွာ၊
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့၊ ဖုန်း- ၀၈၁-၄၇၆၈၀၁၅
-အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ထားဝယ်)
အကွက်အမှတ်(၂၄)၊ ဆန်ချီတိုးချဲ့အနောက်ကွင်း၊ ထားဝယ်မြို့
တနင်္သာရီတိုင်းဒေသကြီး၊ ဖုန်း- ၀၅၉-၂၀၂၄၀၀၉

ဘရာဇီးလ်နိုင်ငံက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ဘီစီဂျီကာကွယ်ဆေး ငါးသိန်း Doses ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ
07/18/2025
ရန်ကုန် ဇူလိုင် ၁၇
ဘရာဇီးလ်နိုင်ငံ ဘရာဇီးလ်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Brazilian Cooperation Agency-ABC)မှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုတစ်ရပ်အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ကိုးသောင်းခန့်တန်ဖိုးရှိ ဘီစီဂျီကာကွယ်ဆေး ငါးသိန်း Doses သည် ယမန်နေ့ညနေပိုင်းက MAI လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
အဆိုပါ ဘီစီဂျီကာကွယ်ဆေး (BCG vaccine) အားမွေးကင်းစ ကလေးငယ်များ မွေးဖွားပြီးသည်မှ ၂၄ နာရီအတွင်း ထိုးနှံပေးရန်လိုအပ်ပြီး မွေးဖွားပြီး ၂၄ နာရီအတွင်းမထိုးနှံနိုင်ပါက အသက်နှစ်လမတိုင်မီတွင်လည်းကောင်း၊ အသက်နှစ်လအရွယ်တွင် အခြားကာကွယ်ဆေးများနှင့် ပူးတွဲ၍လည်းကောင်းထိုးနှံခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ပြင်းထန်တီဘီရောဂါကာကွယ်ရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရန်အတွက် အထောက်အကူဖြစ်စေကြောင်း သိရသည်။