

ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
17/17/2025
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် နော်ဝေနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းပြုလုပ်သည့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ (၁၅)ရက်နေ့က ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနား၌ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က တက်ရောက်အမှာစကားပြောကြားခဲ့သည်။ အမှာစကားပြောကြားရာတွင် ယခုအလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အမြုတေလုပ်ငန်းဖြစ်သော ရှေးဦးပြုစုခြင်းနှင့်အရေးပေါ်လူနာတင်ယာဥ်လုပ်ငန်းများမှသည် နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်ကာ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ရာတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းအပိုင်းကို တိုးမြှင့်ဆောင်ရွက်မည့် ကနဦးခြေလှမ်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ကူညီကယ်ဆယ်ရေးအပိုင်းကို ပိုမိုလုပ်ဆောင်ဖို့ အားပေးနေချိန်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့်လည်း ယခင်ကတည်းက ကူညီကယ်ဆယ်ရေးကဏ္ဍများတွင် ပါဝင်ရာမှ ယခု ပိုမိုတိုးမြှင့် ပါဝင်လုပ်ဆောင်နိုင်ရန်ရည်ရွယ်ကာ လိုအပ်မည့်ကိရိယာပစ္စည်းများကို မိတ်ဆက်ခြင်းနှင့်ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများကို ဆွေးနွေးမည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Deputy.Head of Delegation & Head of Program and Prevention Mr. Xavier Collard De Macquerh ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ Head of delegation Ms. Nardia နှင့် နော်ဝေနိုင်ငံ ကြက်ခြေနီအသင်းမှ Deputy Regional Representative for Asia မှ Mrs.Marian Frances Steven တို့က နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အသင်းဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေး၊ အလုပ်အမှုဆောင်များဖြစ်သည့် ပါမောက္ခ ဒေါက်တာတင်မောင်လှိုင်၊ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ ပါမောက္ခ ဒေါက်တာဒေါ်ရီရီတင်၊ ပါမောက္ခ ဒေါက်တာဒေါ်မာလာဝင်း၊ ဒေါက်တာစိုးလှိုင်၊ ဦးကျော်မိုးကြည်နှင့်တာဝန်ရှိသူများ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီများမှ ဥက္ကဋ္ဌများ ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ အသင်း၏ ဒုတိယအထွေထွေအတွင်းရေးမှူးနှင့် လက်ထောက်အထွေထွေအတွင်းရေးမှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီမှ တာဝန်ရှိသူများ၊ နော်ဝေနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ မိတ်ဖက်ကြက်ခြေနီအသင်းများ၊ အသင်းဌာနချုပ်ရုံးမှ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ဇူလိုင်လ (၁၅)ရက်နေ့တွင် ပြုလုပ်သည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ အဆင့်မြင့် နိုင်ငံတကာသုံးပစ္စည်းများအသုံးပြုပုံနှင့် အသင်း၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ များအတွက် ကိုက်ညီမည့် စွမ်းဆောင်ရည်မြှင့် အစီအစဥ်များအကြောင်းကို ဆွေးနွေးခဲ့ကြသည်။


ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ (၆)လအတွင်း ပြည်တွင်း/ပြည်ပမှ ခရီးသွားဧည့်သည် (၃ ဒသမ ၅) သန်းကျော် လာရောက်ခဲ့
07/17/2025
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၅ ခုနှစ်၏ ပထမ (၆)လတာအတွင်း ပြည်တွင်း/ ပြည်ပမှ ဘုရားဖူးဧည့်သည် (၃ ဒသမ ၅)သန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ (၆)လတာကာလအတွင်း ဘုရားဖူးဝင်ရောက်မှု အနေဖြင့် သံဃာတော် (၆၇,၇၁၅)ပါး၊ သာသနာ့နွယ်ဝင်သီလရှင် (၃၇,၂၂၁)ပါးတို့နှင့်အတူ အမျိုးသား (၁,၅၃၂,၅၁၀)ဦး၊ အမျိုးသမီး (၁,၈၄၀,၂၉၃)ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။ အလားတူ နိုင်ငံခြားသား (၁၇,၉၀၇)ဦး၊ နိုင်ငံခြားသူ (၂၀,၈၁၂)ဦး ဝင်ရောက်ခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ ကာလများအတွင်း ဘုရားဖူးဝင်ရောက်မှုများသည် ရုံးဖွင့်ရက်များ၌ (၁)ရက်လျှင် အနည်းဆုံးလူဦးရေ (၁၀,၀၀၀) ဝန်းကျင်မှ (၄၀,၀၀၀)ဝန်းကျင်အထိ လာရောက်ကြပြီး နေ့ကြီး ရက်ကြီးနှင့် ရုံးပိတ်ရက်များတွင် ဘုရားဖူး ပိုမိုများပြားကြောင်းသိရသည်။

(၇၈) နှစ်မြောက် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ တိုင်ဝက် လွှင့်ထူရန်နှင့် ဥဩဆွဲရန်
07/17/2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက် (စနေနေ့) (၇၈) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ဥဩဆွဲအချက်ပေးရေးနှင့် ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေးတို့အတွက် လက်အောက်ဌာန/ ရုံးအဆင့်ဆင့်သို့ ဆက်လက်အသိပေးညွှန်ကြားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက အစိုးရရုံးဌာန အဖွဲ့အစည်းအားလုံးသို့ ညွှန်ကြားထားကြောင်း သိရသည်။
သတင်းစဉ်

ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာတွင် ဖြစ်ပွားခဲ့သော လူသတ်မှု၌ ပါဝင်ပတ်သက်သူ များအား သေဒဏ်နှင့် ထောင်ဒဏ်များ အသီးသီးကျခံစေရန် တရားရုံးက အမိန့်ချမှတ်
07/17/2025
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက် သုခတော်ဝင်အိမ်ရာ၌ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၇ ရက်က တိုက်အမှတ် (K-1)၊ အခန်း(၁၃) တွင် နေထိုင်သူ ဒေါ်စန္ဒာမိုးသည် ၎င်း၏နေအိမ်တိုက်ခန်းအတွင်းရှိ ဧည့်ခန်း၌ ဝမ်းဗိုက်ပတ်လည်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းပေးချက်အရ သွားရောက်စစ်ဆေးရာ ဒေါ်စန္ဒာမိုးမှာ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ပြီး တရားခံများကို ပျဉ်းမနားခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့သည်။
တရားခံများအား ပျဉ်းမနားခရိုင်တရားရုံး၏ ရာဇဝတ်ကြီးမှု အမှတ် ၆၄/၂၀၂၄ ဖြင့် လက်ခံ စစ်ဆေးပြီး တရားခံ (၁) မျိုးမင်းထွန်း၊ (၂) ဖြိုးသက်ပိုင် (ခ) ကိုဖြိုး၊ (၃) ရဲလင်းဦး (ခ) ရဲရဲ (ခ) ကိုရဲနှင့် (၄) ဖြိုးဝေလင်း (ခ) ကရင်တို့ လေးဦးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ)/၃၄ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် သေဒဏ်၊ (၁)(၂)(၃) တရားခံတို့အား ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရလည်းကောင်း၊ (၄) တရားခံသည် ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၁၀၉ အရလည်းကောင်း ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ်အနှစ် ၂၀ စီ ကျခံစေရန် ပျဉ်းမနား ခရိုင်တရားရုံးမှ ၂၀၂၅ ခုနှစ် ဇူလိုင် ၇ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ကျိုက်ထိုမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
07/17/2025
ကျိုက်ထိုမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၈ ရက် ညနေ ၆ နာရီတွင် သတင်းအရ ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာအနီး၌ မန္တလေးမြို့မှ မြဝတီမြို့သို့ အောင်ကျော်ထွန်းမောင်းနှင်ပြီး မကြေးမုံဝင်း၊ ကျော်မျိုးအောင်နှင့် မရွှေရည်တို့ လိုက်ပါလာသော SHN-38 EE-xxxx NISSAN AD VAN မော်တော်ယာဉ်အားရှာဖွေရာ ငွေကျပ် ၁ ဒသမ ၂၈၃၆ ဘီလီယံတန်ဖိုးရှိ ဘိန်းဆီခဲ ၁၉ ဒသမ ၅ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၃၅၁ သိန်း)၊ စိတ်ပြောင်းဆေးဝါး (Happy Water) ၂၂ ဒသမ ၆ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၆၇၈၀)၊ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၇ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၄၂၅ သိန်း)၊ ကတ်တမင်း ၁၄ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄၂၀၀) နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀၀ (၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁၀၈၀) တို့ကို ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား မိုင်းရယ်မြို့နေ ညီညီထွေး (ခ) Sun မိုင်းရယ်မှ မြဝတီမြို့နေ မျိုးဇော်ငြိမ်းထံသို့ ပို့ဆောင်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်