
မွမ်ဘိုင်းမှ ရန်ကုန်ဆိပ်ကမ်းသို့ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရန်ဆွေးနွေး
07/16/2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၌ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ချိတ်ဆက်၍ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရန်အတွက် မြန်မာနိုင်ငံရှိတာဝန်ရှိသူများနှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ ညွှန်ကြားရေးမှူး Alexander Sergeevich Shatirov တို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဥ် ရုရှားနိုင်ငံက အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ ချိတ်ဆက်၍ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရေး၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အရည်အသွေးကောင်းမွန်သော သဘာဝမြေဩဇာများ တင်သွင်းရေး၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်မှုများ မြှင့်တင်ဆောင်ရွက်ရေး၊ ငလျင်ဒဏ်ခံနိုင်သော ဆောက်လုပ်ရေးနည်းပညာများ မျှဝေရေးနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုနှစ်တွင် ဥရောပဈေးကွက်သို့ ကော်ဖီဆန်အစိမ်း ၆၈ တန် တင်ပို့ထားပြီးဖြစ်
07/16/2025
မြန်မာနိုင်ငံ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့ရှိ သမဝါယမအသင်းသားများနှင့် စုပေါင်းဖွဲ့စည်းထားသော Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းအနေဖြင့် ယခုနှစ်တွင် ဥရောပဈေးကွက်သို့ ကော်ဖီဆန်အစိမ်း ၆၈ တန် တင်ပို့ထားပြီးဖြစ်ကြောင်း ဟိုပုံးမြို့နယ် သမဝါယမဦးစီးဌာနမှ သိရသည်။
Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းအနေဖြင့် ကော်ဖီဆန်အစိမ်းများကို နှစ်စဉ် ဥရောပဈေးကွက်သို့ တင်ပို့လျက်ရှိရာ ၂၀၂၄ ခုနှစ်က စုစုပေါင်းကော်ဖီဆန်အစိမ်း တန်ချိန် ၁၅၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ဇွန်လမှစ၍ တင်ပို့နေပြီဖြစ်ကာ ပြီးခဲ့သည့်နှစ်ကထက် ပိုမိုတင်ပို့နိုင်စေရန် ရည်မှန်းထားကြောင်း သိရသည်။
“Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းအနေနဲ့ ၂၀၁၉ ခုနှစ်ကစပြီး ဥရောပဈေးကွက်ကို ကော်ဖီဆန်တွေ စတင်တင်ပို့ခဲ့တာ လက်ရှိအချိန်ထိ တင်ပို့နေဆဲဖြစ်ပါတယ်။ အဓိကအားဖြင့် ဘယ်လ်ဂျီယံနိုင်ငံနဲ့ ပြင်သစ်နိုင်ငံတို့ကို တင်ပို့ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ စုစုပေါင်း ကော်ဖီဆန်အစိမ်း ၁၅၃ ဒသမ ၃ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ဒီနှစ်မှာဆိုရင် ဇွန်လမှာ ၃၄ တန်နဲ့ ဇူလိုင်လ မှာ ၃၄ တန် စုစုပေါင်း ၆၈ တန် တင်ပို့ထားပြီးဖြစ်ပါတယ်” ဟု ဟိုပုံးမြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုသို့တင်ပို့ရာတွင် Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းဝင်များအား ပို့ကုန်၊ သွင်းကုန်လိုင်စင် လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းကိစ္စရပ်များကို ကူညီဆောင်ရွက်လျက်ရှိပြီး ဘဏ္ဍာရေးအစီရင်ခံစာများကိုလည်း သမဝါယမဦးစီးဌာနမှ နှစ်စဉ် စစ်ဆေးအတည်ပြုပေးလျက်ရှိသည်။
ထို့ပြင် Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ ထုတ်လုပ်သော ကော်ဖီများကို ပြည်ပဈေးကွက်သို့ ရေရှည်တင်ပို့နိုင်ရေးအတွက်လည်း ကော်ဖီစိုက်နည်းစနစ်များ မှန်ကန်မှုရှိရန်၊ အရိပ်ရအပင်များ စနစ်တကျစိုက်ပျိုးရန်၊ အပင်များကို ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ခူးဆွတ်သောအခါ ရင့်မှည့်သောအသီးများကို ရွေးချယ်ခူးဆွတ်ရန် သက်ဆိုင်ရာမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်သွားမည်
07/16/2025
အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ ‒ ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ ၁၄ ရက်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်‒၃ ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ‒ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန‒ ၃ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ၊ ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားပို့ကုန်မဟာဗျူဟာကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာအစိုးရဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌကအမှာစကား ပြောကြားရာတွင် ငလျင်ကြောင့် ရုံးများ၊ လူနေအိမ်အဆောက်အအုံများ၊ လမ်းများ၊ တံတားများပြိုကျခဲ့ရပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ စီးပွားရေးလုပ်ငန်းကြီးများ ထိခိုက်ပျက်စီးခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြီးခဲ့သည့်မေလက ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲကို ကျင်းပခဲ့ကြကြောင်း၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်လာနိုင်ရန် သက်ဆိုင်ရာ ကဏ္ဍများအလိုက် တာဝန်ယူပံ့ပိုးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း။
အမျိုးသားပို့ကုန်မဟာဗျူဟာတွင်ဆောင်ရွက်ရန် ရွေးချယ်ထားသော ကဏ္ဍများအလိုက် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်းနှင့်အတူ ကဏ္ဍများအတွင်းရှိ MSME လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ပံ့ပိုးပေးသွားရန်ဖြစ်ပါကြောင်း၊ အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) အကောင်အထည်ဖော်မှုကာလ ပြီးဆုံးတော့မည်ဖြစ်သည့်အတွက် အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သဘာဝဘေးကြုံတွေ့ရမှုများကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ပို့ကုန်တိုးမြှင့်တင်ပို့ရေးကို ဆက်လက်မြှင့်တင်ဆောင်ရွက်ကြရန်နှင့် တွေ့ကြုံရသည့် အခက်အခဲများအပေါ် လိုအပ်သလို ပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ‒ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီအတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက ကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေကို အကျဉ်းချုပ်ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ‒ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာကော်မတီဥက္ကဋ္ဌများက ကဏ္ဍအလိုက်ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ASEAN-Japan Women Social Entrepreneurs Workshop ကျင်းပ ပြုလုပ်မည်
07/16/2025
ASEAN Japan Center မှ ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် ASEAN-Japan Women Social Entrepreneurs Workshop ကို Online မှတဆင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ASEAN Japan Center မှ ဦးဆောင်၍ အာဆီယံဒေသတွင်းရှိ အမျိုးသမီးလူမှုရေး စွန့်ဦးတီထွင်သူများ (Women Social Entrepreneurs) များ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများကို လေ့လာသိရှိနိုင်စေရေးအတွက် ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် တစ်ပတ်လျှင် တစ်ကြိမ်၊(၃) ရက်ကြာ Online မှတဆင့် ဆွေးနွေးပွဲ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ စိတ်ပါဝင်စားသည့် အမျိုးသမီးလူမှုရေးစွန့်ဦးတီထွင်သူ (Women Social Entre preneurs) များအနေဖြင့် (၁၈. ၇. ၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ https://forms.office. com/r/kceJrV8vQE Link တွင် ဝင်ရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။

အာဆီယံ - အမေရိကန် အနာဂတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းခိုင်မာစေရေးနှင့် စပ်လျဉ်း၍ တတိယအကြိမ်မြောက် အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး (3rd Meeting of ASEAN Geoeconomics Task Force)တွင် ဆွေးနွေးခဲ့ကြ
07/16/2025
တတိယအကြိမ်မြောက် အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး (3rd Meeting of ASEAN Geoeconomics Task Force)ကို ဇူလိုင် ၁၅ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ မြန်မာနိုင်ငံ၏ အာဆီယံပထဝီစီးပွားရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံများအပေါ် အမေရိကန်၏ အကောက်ခွန်နှုန်းထား အသစ်များဖြင့် ကောက်ခံမှုဆိုင်ရာကိစ္စရပ်များ၊ လက်ရှိဖြစ်ပေါ်နေသည့် ပထဝီစီးပွားရေး စိန်ခေါ်မှုများအပေါ် အာဆီယံအနေဖြင့် မူဝါဒဆိုင်ရာရင်ဆိုင်တုံ့ပြန်မည့် အာဆီယံပေါင်းစည်းမှုအစီရင်ခံစာရေးဆွဲရေး၊ အာဆီယံ-အမေရိကန် အနာဂတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းခိုင်မာစေရေးနှင့် လုပ်ငန်းအဖွဲ့၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့ပထဝီစီးပွားရေးအခြေအနေကို အာဆီယံ၏ ခိုင်မာ၍ အားလုံးပါဝင်သည့် စီးပွားရေးပေါင်းစည်းမှုဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်ကြောင်း၊ ဒေသဆိုင်ရာ ချဉ်းကပ်မှုနည်းလမ်းသည် ပိုမိုညီညွတ်ထိရောက်မှုရှိစေရေးအတွက် စီးပွားရေးမဏ္ဍိုင်နှင့် နိုင်ငံရေးမဏ္ဍိုင်တို့အကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရန် လိုအပ်ကြောင်း၊ အာဆီယံပေါင်းစည်းမှုအစီရင်ခံစာ (ASEAN Integration Report-AIR) ရေးဆွဲအကောင်အထည်ဖော်ရာတွင် ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်၍ အာဆီယံ၏ ဗဟိုကျမှု (ASEAN Centrality) ကိုထည့်သွင်းစဉ်းစားရန်၊ ဒေသတွင်းကြံ့ကြံ့ခံနိုင်မှုကို မြှင့်တင်ရန်နှင့် ထောက်ပံ့ရေးကွင်းဆက်များချိတ်ဆက်မှု ပိုမိုအားကောင်းအောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အာဆီယံပေါင်းစည်းမှုအစီရင်ခံစာအတွက် လေ့လာဆန်းစစ်မှုပြုလုပ်ရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ အချက်အလက်များအားလုံးပါဝင်မှုသည် အရေးကြီးကြောင်း၊ အာဆီယံ-အမေရိကန် မဟာဗျူဟာမြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်သုံးသပ်၍ နောက်ထပ်နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို သတ်မှတ်ရန်လိုအပ်ကြောင်း၊ ဒေသတွင်း စီးပွားရေးမျှော်မှန်းချက်များ ချမှတ်ရေးဆွဲရာတွင် မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံနိုင်ငံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
အာဆီယံ ပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့ (ASEAN Geoeconomics Task Force) ကို ၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည့် အာဆီယံစီးပွားရေးဝန်ကြီးများ အထူးအစည်း အဝေး၏ သဘောတူညီချက်ဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု အပြောင်း အလဲများကြောင့် အာဆီယံဒေသတွင်း၌ ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ ထိခိုက်နိုင်မှုများကို သုံးသပ် နိုင်ရန်နှင့် အာဆီယံစီးပွားရေးဝန်ကြီးများထံသို့ မူဝါဒဆိုင်ရာ ထောက်ခံတင်ပြချက်များ ပြန်လည် တင်ပြရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းအဖွဲ့တွင် အာဆီယံနိုင်ငံများမှ ဒုတိယဝန်ကြီးအဆင့် တစ်ဦးစီနှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းမှ အကြီးတန်းစီးပွားရေးပညာရှင် တစ်ဦးစီတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။