
မန္တလေးငလျင်ကြီး ဘေးသင့်အာမခံအလုပ်သမားများ သဘာဝဘေးအန္တရာယ်ကျရောက်မှု ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး
07/17/2025
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ မန္တလေးငလျင်ဘေးသင့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လူမှုဖူလုံရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ ငလျင်ဘေးသင့် အလုပ်ဌာနများမှ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ဒုတိယဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အင်အားပြင်း မန္တလေးငလျင်ကြီးဘေးသင့်ခံခဲ့ရသော အာမခံအလုပ်သမားများအတွက် သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို မန္တလေးတိုင်းဒေသကြီးအတွင်း အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာန ၇၃၉၅ ဌာနရှိ အာမခံအလုပ်သမား ၁၂၅၆၇၃ ဦးအနက် စိစစ်ပြီး အာမခံအလုပ်သမား ၁၁၈၇၀ ကို ငွေကျပ် ၉၆၈ ဒသမ ၁၈၁ သန်းနှင့် အလုပ်လုပ်ကိုင်နေစဉ် ငလျင်လှုပ်ခတ်မှုကြောင့် လုပ်ငန်းခွင်ထိခိုက်သေဆုံးခဲ့သူ အာမခံအလုပ်သမား ၁၆ ဦးအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၁၀၃ ဒသမ ၄၇၀ သန်းကို ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်း။
မိသားစုထောက်ပံ့မှုအာမခံစနစ်ပါ သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Online Payment System နှင့်အညီ မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ပုဂ္ဂလိကဘဏ်များသို့ Digital Payment System ဖြင့် KBZ Pay၊ AYA Pay ၊ Wave Pay၊ UAB Pay ၊ Mytel Pay တို့မှတစ်ဆင့် အာမခံအလုပ်သမားများ လက်ဝယ်အရောက် စနစ်တကျ လွယ်ကူမြန်ဆန်စွာရောက်ရှိစေရေး လွှဲပြောင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ အာမခံအလုပ်သမား ၁၁၈၇၀ အတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းအတွက် ငွေကျပ် ၉၆၈ ဒသမ ၁၈၁ သန်းကို လွှဲပြောင်းပေးအပ်ခြင်းနှင့် မန္တလေးငလျင်ဒဏ်ကြောင့် လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သူ ၁၆ ဦးအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေကျပ် ၁၀၃ ဒသမ ၄၇၀ သန်းတို့ကို ကျန်ရစ်သူမိသားစုများနှင့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် လူမှုဖူလုံရေးအဖွဲ့မှ Mobile Medical Unit (MMU) ဖြင့် အာမခံအလုပ်သမားများအား ဆေးကုသဝန်ဆောင်မှုပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးအလုပ်သမားဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးခန့်ထားခြင်း
07/17/2025
မြန်မာနိုင်ငံပြန်တမ်း
ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးခန့်ထားခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

တာချီလိတ်မြို့၌ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးအမှုဖြင့် အလိုရှိတရားခံပြေး နှစ်ဦးအားထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်
07/17/2025
မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံ တာချီလိတ်မြို့တွင် ဇူလိုင် ၁ ရက်က ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံမှ မူးယစ်အမှုဖြင့် အလိုရှိထိုင်းနိုင်ငံသားတရားခံပြေးနှစ်ဦးအား ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ထံသို့ ထိုင်းနိုင်ငံအတွင်း မူးယစ်ပြစ်မှုများ ကျူးလွန်ပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် Mr.Techin Nowong (မစ္စတာ တိချန်းနဝန်) နှင့် Mr. Chamang Kanthawong (မစ္စတာချမန်ကန်ထဝန်) တို့နှစ်ဦးအား ကူညီစုံစမ်းဖော်ထုတ်ဖမ်းဆီးပေးပါရန် သတင်းဖလှယ်ပေးပို့ချက်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ စုံစမ်း ဖော်ထုတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ အလိုရှိတရားခံပြေးနှစ်ဦးအား ဇူလိုင် ၁ ရက်တွင် တာချီလိတ်မြို့ ပါဆပ်ရပ်ကွက်၌ ဖမ်းဆီးရမိခဲ့ကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး နားလည်မှုစာချွန်လွှာအရ အဆိုပါအလိုရှိတရားခံနှစ်ဦးအား နှစ်နိုင်ငံတည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် သန့်လွင်မောင် ဦးဆောင်သည့်အဖွဲ့က ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့အတွင်းရေးမှူးချုပ် Pol.Lt.Gen. Phanurat Lukboon ဦးဆောင်သည့်အဖွဲ့ထံသို့ ဇူလိုင် ၁၆ ရက်တွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (၂) ၌ လွှဲပြောင်းပေးအပ်ခဲ့သည်။
နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစီအစဉ်အရ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကာ နယ်စပ်ဖြတ်ကျော်မူးယစ်မှုခင်းများ ထပ်မံကျူးလွန်နေသည့် တရားခံပြေးများကို အပြန်အလှန်ဖော်ထုတ်ဖမ်းဆီးလွှဲပြောင်းပေးခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေသည့်အပြင် ဒေသတွင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ
07/17/2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေးအသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ဇူလိုင် ၁၅ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “@user662681067808” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် မြေနုသဲကျောကျေးရွာနေ ထွန်းနိုင် (ခ) ကျားကြီး (ခ) ကရင်ကြီး ၄၇ နှစ်အား မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် နတ်တလင်းမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်