
တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့ဝင်များ ဥပဒေဘောင်အတွင်း ဝင်ရောက်
07/18/2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်အဖွဲ့ အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်းလိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ပေးလျက်ရှိသည်။
ထို့ပြင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များနှင့် အကြမ်းဖက်မှုကို လိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်အချို့သည် ပြည်သူအတွက်ဟူ၍ အကြောင်းပြချက်ဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခြင်း၊ ပြည်သူလူထုအား ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ကျောင်းသား ကျောင်းသူကလေးသူငယ်များပါမချန် ခြိမ်းခြောက်သတ်ဖြတ်ခြင်းနှင့် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်မှုများကြောင့် ပြည်သူလူထုကလည်း ထောက်ခံအားပေးမှုမရှိခြင်း၊ ၎င်းတို့ အဖွဲ့များအချင်းချင်းတွင်လည်း အနိုင်ကျင့်ဗိုလ်ကျမှုများ၊ အဓမ္မမှုများကျူးလွန်ခြင်းတို့ရှိလာခဲ့ခြင်းအပေါ် လက်ခံနိုင်ခြင်းမရှိတော့ဘဲ ဥပဒေဘောင်အတွင်းပြန် လည်ဝင်ရောက်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း သိရှိရသည်။
ယင်းအပြင် တပ်မတော်အနေဖြင့်လည်း ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter- Terrorism Operation) များကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၆ ရက်တွင်လည်း အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို တပ်မတော်ကအပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုအပေါ် ဒေသခံပြည်သူများအနေဖြင့် တပ်မတော်အပေါ် ယုံကြည်အားကိုးမှုများ၊ စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ ပြုလုပ်လာကြပြီး အကြမ်းဖက်သမားများ၏ သတင်းများကို အချိန်နှင့်တစ်ပြေးညီ နီးစပ်ရာ တပ်မတော်စစ်ကြောင်းများထံသို့ သတင်းပေးပို့ခြင်း၊ တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူလူထု၏ ၎င်းတို့အပေါ် ထောက်ခံအားပေးမှု မရရှိခြင်းတို့ကြောင့် ပြည်သူများက လက်ခံခြင်းမရှိသည့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် စိတ်ပျက်နောင်တရသည့်အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ သဘောထားအမှန်တို့ကို နားလည်သဘောပေါက် လက်ခံလာခြင်းတို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်အချို့နှင့် PDF အမည်ခံအဖွဲ့ဝင်အချို့တို့သည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် နယ်မြေအလိုက်ရှိ နီးစပ်ရာတပ်စခန်းများ၊ တာဝန်ရှိသူများနှင့်ချိတ်ဆက်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်လျက်ရှိကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်းဝင်ရောက်လျက်ရှိရာ TNLA အဖွဲ့ ဝင် အမျိုးသားလေးဦး၊ DPLA အဖွဲ့မှ အဖွဲ့ဝင်အမျိုးသားငါးဦးနှင့် MDY-PDF အမျိုးသားသုံးဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်းအမျိုးသား ၁၂ ဦး၊ အမျိုးသမီးနှစ်ဦးတို့သည် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံခြင်းတို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အားစွန့်လွှတ်ပြီး နီးစပ်ရာတပ်မတော်စခန်းများမှတစ်ဆင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ရာ ၎င်းတို့အားတာဝန်ရှိသူများက ပြန်လည်လက်ခံ၍ လိုအပ်သည့် ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့ပြီး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရသည့်အတွက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ယာဉ်များ၊ ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင်ယာဉ်များ သိမ်းဆည်းရမိ
07/18/2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်လျက်ရှိသည်။
ဇူလိုင် ၁၅ ရက်တွင် ရန်ကုန်- ပဲခူးလမ်းဟောင်း သာယာအေးကျေးရွာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၄၂၁၉၆၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး၊ Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၀၀၀၀၀၀)ကိုလည်းကောင်း၊ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၆၀၄၄၀၀၀) ကိုလည်းကောင်း၊ ဇူလိုင် ၁၆ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လေဆိပ် (ကုန်လှောင်ရုံ)၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၁ မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုးနှင့် ဟောင်ကောင်နိုင်ငံမှ တင်သွင်းလာသော နီလာဟုယူဆရသည့် အပြာရောင်ကျောက်တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၂၄၃၄၀)ကို လည်းကောင်း(စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၆၆၉၀၃၀၀ ကို)သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇူလိုင် ၁၆ ရက်တွင် ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့ အမှတ်(၅) ရပ်ကွက်စိန်တလေးလမ်းအနီး၌ စုပုံထားသောအကောက်ခွန်မဲ့လူသုံးကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၇၅၀၀၀)ကိုလည်းကောင်း၊ မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မေတ္တာ(၃)လမ်းအနီး၌ စုပုံထားသော အကောက်ခွန်မဲ့လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀)ကို လည်းကောင်း (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၇၅၀၀၀ ကို) သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်တောင်းတံတားအနီး၌ ဘားအံမှမန္တလေးသို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၉၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀၀၀၀၀၀)ကို လည်းကောင်း၊ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုး၊ လူသုံးကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၅၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Mitsubishi Fuso Truck နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ညောင်ခါးရှည် X-Ray စက်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၀၁၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး၊ Hino Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀၀)ကိုလည်းကောင်း (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၂၆၅၀၀၀၀ ကို) သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်း၌ ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀၀၀၀၀၀)ကိုလည်းကောင်း၊ မြစ်ငယ်စစ်ဆေးရေးဂိတ်၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၈၆၅၄၈၅)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Shacman Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၀၀၀၀၀၀) ကိုလည်းကောင်း (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၇၈၆၅၄၈၅) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်း ၄၁ မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၅၇ ၉၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇူလိုင် ၁၆ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သိမ်းဆည်းရမိမှုစာရင်းများအရ လိုင်စင်မဲ့ယာဉ် ၅၂ စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ် ၆၃ စီး သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၆ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၉၈၅၉၇၈၅)ကို သိမ်းဆည်းရမိခဲ့သည်။ တရားမဝင်တင်သွင်းမှုများကြောင့် သွင်းကုန်အစားထိုး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေပြီး နိုင်ငံ၏စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်ပါ၍ ယင်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၃ ဦး ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့
07/17/2025
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၁၇ ဦး၊ အိန္ဒိယနိုင်ငံသား နှစ်ဦး၊ တရုတ်နိုင်ငံသား နှစ်ဦး၊ မလေးရှားနိုင်ငံသား တစ်ဦးနှင့် အီသီယိုးပီးယားနိုင်ငံသားတစ်ဦး စုစုပေါင်း ၂၃ ဦးကို ဇူလိုင် ၁၆ ရက်တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးဌာန ဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်း နေ့ချင်းပြီးဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဇူလိုင် ၁၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၂၄၇ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉၀၅၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၉၂ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက်ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။