

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အိန္ဒိယတပ်မတော်ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယစစ်ဦးစီးချုပ်(ထောက်လှမ်းရေး) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
17/17/2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယတပ်မတော်ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယစစ်ဦးစီးချုပ်(ထောက်လှမ်းရေး) Lieutenant General Shrinjay Pratap Singh, AVSM, YSM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင် ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယတပ်မတော်ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယစစ်ဦးစီးချုပ်(ထောက်လှမ်းရေး)နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonel Jaswinder Singh Gill နှင့် အိန္ဒိယတပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီး ဖြစ်ပေါ်ကြုံတွေ့ခဲ့ရချိန်၌ အိန္ဒိယနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ အချိန်နှင့်တစ်ပြေးညီ ကူညီပေးအပ်ခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာများတွင်လည်း ဆက်လက်ကူညီပေးသွားမည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ကို အနှစ်သာရရှိစွာဖြင့် ကျင်းပသွားမည်ဖြစ်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အိန္ဒိယတပ်မတော်ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယစစ်ဦးစီးချုပ်(ထောက်လှမ်းရေး)တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန်လဲလှယ်ကြကာ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
07/17/2025
မြန်မာနိုင်ငံ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ခိုင်မာသော မျိုးစေ့လုပ်ငန်းတစ်ခုဟူသည် အရည်အသွေးပြည့်မီသောမျိုးစေ့များကို လိုအပ်သောအချိန်၊ လိုအပ်သောနေရာတွင် လိုအပ်သော ပမာဏကို တောင်သူလယ်သမားများနှင့် စိုက်ပျိုးထုတ်လုပ်သူများ ရရှိအသုံးပြုနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်ကြောင်း၊ လက်ရှိ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ပြည်တွင်း၌ ထုတ်လုပ်ခြင်းနှင့် ပြည်ပမှတင်သွင်းခြင်းနည်းလမ်းများဖြင့် မျိုးစေ့ဖူလုံမှုကို ဆောင်ရွက်နေသော်လည်း ရေရှည်တွင် သီးနှံစုံစိုက်ပျိုးရေးအတွက် လိုအပ်သောမျိုးစေ့များကို မိမိတို့နိုင်ငံ၏ ကွဲပြားခြားနားသည့် ရေ၊ မြေ၊ ရာသီဥတုအနေအထားအရ မျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပြီး ပြည်တွင်းမျိုးစေ့လိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအပြင် တဖြည်းဖြည်းကြီးမားလာလျက်ရှိသည့် ကမ္ဘာ့မျိုးစေ့ဈေးကွက်ရှိ ဒေသတွင်းနိုင်ငံများ၏ မျိုးစေ့ဈေးကွက်ကို မျှဝေရယူနိုင်မည့် အခွင့်အလမ်းများအရ ပြည်တွင်း မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်တင် ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းပြောကြားခဲ့သည်။
အနာဂတ်ကာလတွင် မျိုးစေ့ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးစေ့ထုတ်လုပ်တင်ပို့သည့် နိုင်ငံအဖြစ်ပေါ်ထွန်းလာစေရန် လိုအပ်သော ပြင်ဆင်မှု၊ ဖြေလျှော့မှု၊ ပံ့ပိုးကူညီမှုများကို ဖန်တီးပေးခြင်း၊ မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်နေကြသော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ တောင်သူများအနေဖြင့်လည်း တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး မျိုးစေ့ထုတ်လုပ်ငန်းများ ရေရှည်တည်တံ့စေရန်နှင့် စံချိန်စံညွှန်းနှင့်ကိုက်ညီပြီး ဒေသအလိုက်အောင်မြင် ဖြစ်ထွန်းမှုရှိသော အရည်အသွေးကောင်းမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးသွား နိုင်ရေးကြိုးပမ်းကြရန်လိုကြောင်း၊ သို့မှသာ တောင်သူလယ်သမားများနှင့် မျိုးစေ့ထုတ်လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သူများသာမက နိုင်ငံတော်အတွက်ပါ များစွာအကျိုးကျေးဇူး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက မြန်မာ့မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးပါမှုကို တင်ပြပြီးသက်ဆိုင်ရာ ပညာရှင်များက မျိုးစေ့ဥပဒေ၊ စည်းမျဉ်းများနှင့် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ မျိုးစေ့ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် အလေ့အကျင့်ကောင်းများ၊ မြန်မာ့မျိုးစေ့ သုတေသနနှင့် မျိုးကွဲသစ်များ ဖော်ထုတ်ခြင်း၊ မြန်မာနိုင်ငံမျိုးစေ့အသင်းဥက္ကဋ္ဌနှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများက ပုဂ္ဂလိကကဏ္ဍ၏ မြန်မာ့မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေးနှင့် ရင်ဆိုင်နေရသော စိန်ခေါ်မှုများ၊ မျိုးစေ့လုပ်ငန်းနှင့်စပ်လျဉ်း၍ အခက်အခဲများ၊ တောင်သူတစ်ဦးက တောင်သူများ မျိုးကောင်းမျိုးသန့် မျိုးစေ့ရရှိသုံးစွဲမှုနှင့် ရင်ဆိုင်ရသည့်အခြေအနေများကို တင်ပြဆွေးနွေးကြသည်။
အုပ်စုအလိုက်ဆွေးနွေးခြင်းတွင် မျိုးစေ့ဥပဒေနှင့် မူဝါဒ၊ မျိုးစေ့ထုတ်လုပ်မှုနှင့် အရည်အသွေး၊ မျိုးစေ့ဖြန့်ဖြူးမှုနှင့် ဈေးကွက်၊ မျိုးစေ့သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အုပ်စု(၄)ခုခွဲ၍ ဆွေးနွေးပြီး အုပ်စုကိုယ်စားလှယ်များက ဆွေးနွေးချက်ရလဒ်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံမျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲတွင် ဝန်ကြီးဌာနမှ မျိုးစေ့ပညာရှင်များနှင့် ပုဂ္ဂလိကကဏ္ဍမှ မျိုးစေ့ပညာရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြ သည်။
မြန်မာ့မျိုးစေ့ကဏ္ဍ၏ လက်ရှိအခြေအနေကို နားလည်သဘောပေါက်ရန်နှင့် အဓိကစိန်ခေါ်မှုများကို ဖော်ထုတ်ရန်၊ မျိုးစေ့ထုတ်လုပ်မှု၊ အရည်အသွေးထိန်းချုပ်မှုနှင့် ဖြန့်ဖြူးမှုဆိုင်ရာသုံးသပ်ချက်များကို သိရှိစေရန်၊ အစိုးရ၊ ပုဂ္ဂလိကနှင့်တောင်သူအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မျှဝေ တာဝန်ယူခြင်းအားဖြင့် သီးနှံများ အထွက်တိုးရေးကို အထောက်အကူဖြစ်စေရန်၊ မျိုးစေ့ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျသည့် မူဝါဒအကြံပြုချက်များချမှတ်ရန် ရည်ရွယ်ကျင်းပသည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မျိုးစေ့အသင်း၊ မျိုးစေ့ထုတ် ကုမ္ပဏီများနှင့် မျိုးစေ့ထုတ်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိခြင်းနှင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားခြင်းများကို ငြင်းပယ်လျက်ရှိခြင်း

07/17/2025
နိုင်ငံရေးပါတီတည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ဇူလိုင်လ ၁၆ ရက်နေ့အထိ ပါတီတည်ထောင်ခွင့်လျှောက်ထားလာသည့် အဖွဲ့ ၂၇ ဖွဲ့ ရှိကြောင်း သိရသည်။
လျှောက်ထားသည့် အဖွဲ့များအနက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မျိုးဆက်သစ် ဝံသာနုပါတီတို့သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ဇူလိုင်လ ၁၆ရက်နေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်များကို ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။ ပြည်သူ့အင်အားဒီမိုကရေစီပါတီ [People Power For Democracy Party (PPD)]၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိသောကြောင့်လည်းကောင်း၊ လီရှောအမျိုးသားပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသောကြောင့်လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေးအမှတ်စဉ် (၃၀/၂၀၂၅) ဆုံးဖြတ်ချက်အရ ယင်းပါတီများ၏ ပါတီတည်ထောင်ခွင့်လျှောက်ထားချက်များကို ကော်မရှင်က ဇူလိုင်လ ၁၆ ရက် နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဂ)ဖြင့် ငြင်းပယ်လိုက်ရာ ယနေ့အထိ နိုင်ငံရေးပါတီ ၂၁ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်ကြောင်းနှင့် နိုင်ငံရေးပါတီ ၅ ပါတီကို ငြင်းပယ်ပြီးဖြစ်ကြောင်း သိရှိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲကျင်းပ
07/17/2025
ပြည်ထောင်စုနယ်မြေအတွင်း မြစ်၊ ချောင်း၊ ဆည်တမံများ၌ ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ သဘာဝရေပြင်နှင့် ကန်များတွင် ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ်တည်တံ့ခိုင်မြဲပြီး ငါးသယံဇာတပေါကြွယ်ဝစေရေး၊ နိုင်ငံတော်၏ ငါးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးတစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီငါးမျိုးစိုက်ထည့်ပွဲကို ဇူလိုင်လ ၁၆ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ မင်္ဂလာကန်၌ ကျင်းပခဲ့သည်။
ငါးမျိုးစိုက်ထည့်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ ငါးမျိုးစိုက်ထည့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က ငါးသားပေါက်များကို မင်္ဂလာကန်အတွင်း စတင်စိုက်ထည့်ပေးပြီး တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ ငါးလုပ်ငန်းဦးစီးဌာနမှ ပံ့ပိုးပေးသည့် ငါးမြစ်ချင်းနှင့် ငါးခုံးမငါးသားပေါက်များအား ကန်အတွင်း စိုက်ထည့်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဇွန် ၂၃ ရက်က နေပြည်တော်တပ်ကုန်းမြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်း အတွင်းရှိ သတ်မှတ်ကန်အတွင်း ငါးမြစ်ချင်းကောင်ရေ ၂၅၀၀ နှင့် ထိုင်းငါးခုံးမကောင်ရေ ၂၅၀၀ စုစုပေါင်းကောင်ရေ ၅၀၀၀ စိုက်ထည့်ပေးခဲ့ပြီး ယခု အခမ်းအနားတွင် ငါးမြစ်ချင်းနှင့် ငါးခုံးမငါးသားပေါက်ကောင်ရေ ၂၀၀၀ ကျော် စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။



မြန်မာ-ရုရှား နှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ်ရောင်းချမည်
07/17/2025
မြန်မာ-ရုရှား နှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် Block of Stamp အထူးထုတ် (၂၀၀)ကျပ်တန် (၃)ခုပါ စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်း စာပို့တံဆိပ်ခေါင်းသစ်ကို မြန်မာ့စာတိုက်လုပ်ငန်းမှ ဇူလိုင်လ (၂၀)ရက်နေ့ နံနက် (၉) နာရီခွဲမှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးနှင့် တိုင်းနှင့်ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ရောင်းချရာ၌ အထူးအစီအစဉ်အဖြစ် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇူလိုင်လ (၂၀)ရက်နေ့၌ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာပို့တံဆိပ်ခေါင်းသစ်ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ အပြည်ပြည်ဆိုင်ရာ ကျားကောင်ရေတည်တံ့ရေး ဖိုရမ်အတွက် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ကြရန် ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။