1

နောင်ချို - ကျောက်ကြမ်း - အုမ္မခါး - အုမ္မသီး - ပြင်ဦးလွင် - မန္တလေးလမ်းကြောင်းကြီး ပြန်လည်ဖွင့်လှစ်နိုင်မှုနှင့်အတူ တည်ဆောက်ရေးလုပ်ငန်းများ၌ အသုံးပြုမည့် ဘိလပ်မြေများကို ဒေသတွင်းသို့ လျင်မြန်စွာပို့ဆောင်

နေပြည်တော် ဇူလိုင် ၂၀

တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation)များကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၆ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို တပ်မတော်က အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

အကြမ်းဖက်သမားများ တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့နယ်တို့အား ယာယီထိန်းချုပ်ထားစဉ် ဒေသခံပြည်သူလူထုအနေဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ပစ်ပယ်ကာ ယာယီနေရပ်စွန့်ခွာခဲ့ရပြီး ပြည်သူလူထုတို့၏ လူမှု၊ စီးပွားဘဝများနိမ့်ကျခဲ့ရသည်။

ထို့ပြင် အကြမ်းဖက်သမားများအနေဖြင့် နောင်ချို-ကျောက်ကြမ်း-အုမ္မခါး-အုမ္မသီး လမ်းကြောင်းအား ထိန်းချုပ်၍ ဒေသတွင်း ကုန်စည်စီးဆင်းမှုများ ရပ်တန့်အောင်လုပ်ဆောင်ခဲ့ကြသည်။ ထို့သို့လုပ်ဆောင်ခဲ့မှုကြောင့် နောင်ချိုမြို့၏ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ လောင်ဖန်းကျေးရွာအနီးရှိ Crown ဘိလပ်မြေစက်ရုံမှ နေ့စဉ်ထုတ်လုပ်နေလျက်ရှိသော ဘိလပ်မြေများကို မန္တလေးငလျင်ကြီးကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်စဉ်က လိုအပ်လျက်ရှိသောနေရာများသို့ လွယ်ကူလျင်မြန်စွာ ပေးပို့နိုင်ခြင်းမရှိသဖြင့် ပြည်သူလူထုအနေဖြင့် ဘိလပ်မြေများကို ဈေးနှုန်းမြင့်မားစွာ ဝယ်ယူသုံးစွဲနေရကြောင်း သိရှိရသည်။

ယခုအခါ တပ်မတော်အနေဖြင့် တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့နယ်တို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး နောင်ချို-ကျောက်ကြမ်း- အုမ္မခါး-အုမ္မသီး-ပြင်ဦးလွင်-မန္တလေး လမ်းကြောင်းကြီးကို ပြန်လည်ဖွင့်လှစ်ပေးနိုင်သောကြောင့် ကုန်စည်စီးဆင်းမှုများ လွယ်ကူစွာစီးဆင်းနိုင်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ်လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင်ဒေသခံပြည်သူလူထုအနေဖြင့်လည်း ၎င်းတို့၏ နေရပ်ဒေသသို့ စိတ်အေးချမ်းသာစွာ ပြန်လည်ဝင်ရောက်လာကြပြီး နေ့စဉ်လူမှုစီးပွားဘဝကိုအေးချမ်းစွာ ပြန်လည်ဖော်ဆောင် လုပ်ကိုင်နိုင်တော့မည်ဖြစ်သည်။

တပ်မတော်အနေဖြင့် အဆိုပါလမ်းကြောင်းကြီးအား ပြန်လည်ဖွင့်လှစ်ပေးနိုင်သောကြောင့် ယနေ့တွင်လည်း Crown ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေများ တင်ဆောင်လာသော မော်တော်ယာဉ် ၅၉ စီးသည် ၁ စီးလျှင် ၃၃ တန်ဖြင့် စုစုပေါင်း ၁၉၄၇ တန် (စုစုပေါင်း ဘိလပ်မြေ ၃၆၅၈၀ အိတ်)တို့ကို မန္တလေးမြို့နယ်သို့ သွားရောက်ပို့ဆောင်ပေးနေပြီဖြစ်ပြီး ယင်းသို့ ဘိလပ်မြေများ ပြန်လည်ပို့ဆောင်ပေးနိုင်မှုကြောင့် မန္တလေးငလျင်ကြီးလှုပ်ခတ်ရာတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော လူနေအဆောက်အအုံများ၊ လမ်း၊ တံတားများ၊ စေတီ၊ ပုထိုးများ တည်ဆောက်မှုနှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများတွင် အဓိကလိုအပ်ချက်ဖြစ်သော ဘိလပ်မြေများကို ပြည်သူလူထုအနေဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်တော့မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားအောင် အဘက်ဘက်မှ ကူညီလုပ်ဆောင်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း ပြည်သူလူထု စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့၌ အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုအန္တရာယ်မှ ကင်းဝေးအောင် လိုအပ်သော လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

21.07.2025
MDD

ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

07/20/2025 

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ပြည်နယ်ခြောက်ခုတို့တွင် ဇူလိုင်လ ၁၇ ရက်နေ့အထိ သေဆုံးသူ ၃၇၇၀၊ ထိခိုက် ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၃၈ ဦး ရှိသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အဆောက်အအုံများအတွင်း ပိတ်မိနေသူများ ရှာဖွေကယ်ဆယ်ခဲ့ရာ ဇူလိုင်လ ၁၇ ရက်နေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၄၈ ဦး ရှာဖွေပေးနိုင်ခဲ့သည်။

ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ဇူလိုင် ၁၆ ရက် ညနေ ၅ နာရီမှ ၁၇ ရက် ညနေ ၅ နာရီအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဘရာဇီးနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနက လှူဒါန်းသည့် (BCG Vaccine) ပြင်းထန်တီဘီရောဂါကာကွယ်ဆေးအမှုန့်ပုလင်း ၂၅၀၀၀ နှင့် ဖျော်စပ်အရည် ပုလင်း ၂၅၀၀၀ (အလေးချိန် ၀ ဒသမ ၆၀၅ တန်) ရောက်ရှိခဲ့ပြီး အဆိုပါဆေးဝါးများကို ကျန်းမာရေးဝန်ကြီးဌာနမှတစ်ဆင့် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံးခွဲဝေထောက်ပံ့လျက်ရှိကြောင်း သိရသည်။

 

20.07.2025
ကျောင်းသားများ ပြတိုက်သို့လာရောက်

အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်ကြည့်ရှုလေ့လာသည့် ရဟန်းရှင်လူပြည်သူများ၊ ကျောင်းသား ကျောင်းသူများဖြင့် အထူးစည်ကား

07/20/2025 

၂၀၂၅ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၇၈)နှစ်မြောက် အာဇာနည်နေ့၌ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း) ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ရဟန်းရှင်လူပြည်သူများ၊ ကျောင်းသား ကျောင်းသူများ စိတ်ဝင်တစားလာရောက်ကြည့်ရှုလေ့လာကြသည်။

မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သော နေအိမ်ပြတိုက်တွင် အာဇာနည်နေ့၌ နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ အထူးပြပွဲအပါအဝင် ပြခန်းများကို ခင်းကျင်းပြသထားပြီး တနင်္လာနေ့နှင့် အများပြည်သူ ရုံးပိတ်ရက်တို့မှအပ ကျန်နေ့ရက်တို့တွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပြသလျက်ရှိသည်။

ယခုနှစ် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် အများပြည်သူတို့အား ပြကွက်သုံးမျိုးဖြင့် ခင်းကျင်းပြသခဲ့ရာ ပြကွက်တစ်အဖြစ် ပြတိုက်၏အတက်လမ်း၌ နတ်မောက်မြို့တွင်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၊ ရန်ကုန်မြို့တွင်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်၊ ဗိုလ်ချုပ်၏ ကျောင်းသားဘဝ၊ နိုင်ငံရေးသမားဘဝ၊ တပ်မတော်ခေါင်းဆောင်ဘဝ၊ နိုင်ငံ့ခေါင်းဆောင်ဘဝ၊ မိသားစုဘဝ၊ ဈာပနအခမ်းအနား၊ ဗိုလ်ချုပ်ကျဆုံးခဲ့သည့် အတွင်းဝန်များရုံး၊ ဗိုလ်ချုပ်ကျဆုံးချိန်တွင် ကျန်ရှိခဲ့သောပစ္စည်းများ၊ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူနှင့် အကြွေစေ့များ၊ တံဆိပ်ခေါင်းများနှင့် ပြတိုက်အတွင်းခင်းကျင်းပြသထားသည့်ပစ္စည်းများစသည့် သမိုင်းအချက်အလက်ဆိုင်ရာ ပြကွက်ပေါင်း (၃၀) ကို All in one board များဖြင့် ပြသထားသည်။

ပြကွက်နှစ်အဖြစ် ပြတိုက်အထွက်လမ်း၌ မြန်မာပြည်မြေပုံနှင့် အာဇာနည် (၉) ဦးပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်တမ်းဓာတ်ပုံများ၊ မေယုစစ်သင်္ဘောမှတ်တမ်း ဓာတ်ပုံများ၊ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များ သွေးသစ္စာဆိုခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်နေအိမ်ထမင်းစားခန်းတွင် အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းပုံများ၊ ဗိုလ်ချုပ်အိပ်ခန်းအတွင်းမှ ခရီးဆောင်သားရေသေတ္တာနှင့် ဗိုလ်ချုပ်ဝတ်ဆင်ခဲ့သော အဝတ်အစားမှတ်တမ်းဓာတ်ပုံများ၊ ကလေးများအခန်းဗီရိုအတွင်းရှိ အောင်ဆန်းလင်း ဝတ်ဆင်ခဲ့သည့်အဝတ်အစား မှတ်တမ်းဓာတ်ပုံများ စသည်တို့ကို Permanent Board ပေါ်၌ UV Sticker Vinyl များဖြင့် ပြသထားသည်။

ပြကွက်သုံးအဖြစ် IT နည်းပညာများဖြစ်သည့် Holographic နည်းပညာနှင့် ဖန်တီးပြသထားသော သမိုင်းဝင်မြန်မာ့ရေတပ်မေယုစစ်သင်္ဘော၏ မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်၏ ဈာပနအခမ်းအနား၊ ဝန်ကြီးများရုံးအတွင်းရှိ ဗိုလ်ချုပ်တို့ နောက်ဆုံးပြုလုပ်ခဲ့သော အစည်းအဝေးခန်းမ မှတ်တမ်းပြကွက်များ၊ ဗိုလ်ချုပ်ဝတ်ဆင်ခဲ့သည့် ကုတ်အင်္ကျီအား အဘက်ဘက်မှ ကြည့်ရှုလေ့လာနိုင်သောပြကွက်၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၏ ဗီရိုများအတွင်းရှိ ပစ္စည်းများအား Offline Web Page ဖြင့် ပြသထားသောပြကွက်နှင့် လူငယ်များ အတွက် ဉာဏ်စမ်းပ​ဟေဠိကဏ္ဍ တို့ကို Touch Screen များနှင့် ပြသသည့် ပြကွက်များဖြင့် ဖန်တီးပြသထားသည်။

“(၇၈)နှစ်မြောက် အာဇာနည်နေ့မှာ အများပြည်သူ အမြဲအမှတ်တရရှိစေဖို့နဲ့ အသိပညာဗဟုသုတ ရရှိကြစေဖို့ရည်ရွယ်ပြီး ပြတိုက်ပိုင်းဆိုင်ရာ ပြကွက်များကို ခင်းကျင်းပြသထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို လာရောက်လေ့လာတဲ့ အခါမှာပုံမှန်အထူးပြပွဲမှာ ပြသလေ့ရှိတဲ့ ယာယီပြကွက်တွေနဲ့ ခေတ်မီနည်းစနစ်နဲ့ ပေါင်းစပ်ထားတဲ့ပြကွက်တွေအပြင် ဒီနှစ်မှာ ထူးထူးခြားခြား တစ်နှစ်ပတ်လုံး လေ့လာကြည့်ရှုနိုင်အောင် Per-manent Board ပေါ်မှာ UV Sticker Vinyl တွေနဲ့ အမြဲပြသသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် လာရောက်လေ့လာကြည့်ရှုသူတွေအတွက် အသိပညာဗဟုသုတများစွာ ရရှိစေမှာဖြစ်ပါတယ်”ဟု အမျိုးသားပြတိုက် (ရန်ကုန်) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိလေး ပြောသည်။

ပြတိုက် မြေညီထပ်တွင် ဗိုလ်ချုပ်ထမင်းစားခန်းနှင့် ဧည့်ခန်း၊ ပြတိုက်အပေါ်ထပ်၌ ဗိုလ်ချုပ်တို့ ဇနီးမောင်နှံအိပ်ခန်း၌ ခုတင်၊ မှန်တင်ခုံ၊ သစ်သားဗီရို၊ ဗိုလ်ချုပ်၏ အသုံးအဆောင် ပစ္စည်းများ၊ ဗိုလ်ချုပ်အိပ်ခန်းနံရံတွင် ဗိုလ်ချုပ်ပုံတူပိုးပန်းချီ၊ ဇနီးမောင်နှံပုံ၊ ဘေးတစ်ဖက်၌ စာဖတ်ခန်းတို့ကိုပြသထားပြီး ကလေးများအိပ်ခန်း၌ ခုတင်သုံးလုံး၊ အဝတ်ထည့်ဗီရိုနှင့် မှန်တင်ခုံတို့ကိုပြသထားသည်။ ထိုအခန်းခေါင်းရင်း၌ ကြောင်လိမ်လှေကား ဖြင့်တက်ရသည့် တတိယထပ်တာဝါရှိ ဘုရားခန်းအတွင်း ဗိုလ်ချုပ်မိသားစုပူဇော်ခဲ့သည့် ဒက္ခိဏသာခါ ဆင်းတုတော်နှင့် ကျောင်းဆောင်ပုံတော်၊ ဗိုလ်ချုပ်ဝတ်ဆင်ခဲ့သည့် အဝတ်အစားများနှင့် ခရီးဆောင်သားရေအိတ်တို့ကို ပြသထားသည်။

ဗိုလ်ချုပ်၏ သားသမီးများ အိပ်ခန်းအနီးတွင်ရှိသည့် အထူးအစည်းအဝေးခန်း၌ ဆက်တီတစ်စုံနှင့် နံရံတွင် ဗိုလ်ချုပ်မိန့်ခွန်းများ ကောက်နုတ်ချက်တို့ကို မြန်မာ/ အင်္ဂလိပ် နှစ်ဘာသာဖြင့်ပြသထားပြီး ကလေးအိပ်ခန်း အနောက်ဘက်တံခါးရှိပြတိုက် စင်္ကြံလမ်းမှ ပြတိုက်အောက်သို့ကွေ့၍ ပြန်ဆင်းပါက ရေကန်အနီး၌ စိုက်ခင်းပြကွက်တွင် သီးပင်စားပင် စိုက်ပျိုးနေသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုပုံကို ပြသထားသည်။

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် (ရန်ကုန်) ၏အထွက်လမ်းရှိ နည်းပညာပြကွက် (Digital Exhibition) တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့် မေးခွန်းပေါင်း(၂၀)ကို ဖြေဆိုခြင်းဖြင့် အမှတ်တရလက်ဆောင်ခြောက်မျိုးကို ချီးမြှင့်ပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများ စိတ်ဝင်တစား ပါဝင်ဖြေကြားကြသည်။

ယခုနှစ် ဇူလိုင်လ ၁၉ ရက် (၇၈) နှစ်မြောက်အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)အား ပြတိုက်အတွင်းခင်းကျင်းပြသမှုအပြင် နည်းပညာပြကွက်နှင့် ဉာဏ်စမ်းပဟေဠိ အစီအစဉ်တို့ဖြင့် ကြည့်ရှုလေ့လာသူများအတွက် စုံလင်စွာဆောင်ရွက်ထားသည့်အတွက် ရဟန်းရှင်လူပြည်သူများနှင့် ကျောင်းသားကျောင်းသူများ စိတ်ဝင်တစား လာရောက်လေ့လာကြသည်။

သတင်းစဉ်

20.07.2025
နေရပ်စွန့်ခွာ , နေရပ်စွန့်ခွာ , နေရပ်စွန့်ခွာ , နေရပ်စွန့်ခွာ

ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားပြည်သူများ နောင်ချိုမြို့သို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး တပ်မတော်စစ်ကြောင်းများက လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး

07/20/2025 

တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) များကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၆ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို တပ်မတော်ကအပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုအပေါ် နောင်ချိုမြို့ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ဝမ်းသာစွာအားပေးထောက်ခံ ကြိုဆိုလျက်ရှိသည်။

ထို့ပြင် ဇူလိုင် ၁၈ ရက်တွင်လည်း နောင်ချိုမြို့၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံး/ဌာနများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် လိုအပ်သည့်ကူညီထောက်ပံ့ရေးပစ္စည်းများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များက ပေးပို့လှူဒါန်းသည့်စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ထောက်ပံ့ပစ္စည်းများနှင့်အတူ ပြန်လည်ရောက်ရှိလာကြပြီး အုပ်ချုပ်မှုယန္တရား ပြန်လည်လည်ပတ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ယာယီနေရပ်စွန့်ခွာပြည်သူများ မိမိနေရပ်သို့ ပြန်လည်ဝင်ရောက်လာစဉ် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် နေထိုင်စားသောက်လုပ်ကိုင်နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများယုတ်မာရက်စက်စွာလုပ်ဆောင်ခဲ့သည့် မြေမြှုပ်မိုင်းအန္တရာယ်မှ ကင်းဝေးစေရေးအတွက် မိုင်းရှင်းလင်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ နောင်ချိုမြို့နယ်အတွင်း မိုင်းရှင်းလင်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းသည် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းတွင် နောင်ချိုမြို့၏ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ လောင်ဖန်းကျေးရွာသို့ရောက်ရှိကြရာ နောင်ချိုမြို့အားအကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ် ၎င်းတို့ပိုင်ဆိုင်သည့် နေအိမ်အဆောက်အအုံများနှင့် အဖိုးတန်ပစ္စည်းများအားစွန့်ခွာ၍ ယာယီနေရပ်စွန့်ခွာနေရသည့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံခဲ့ရာ ဒေသခံတိုင်းရင်းသားပြည်သူများသည် တပ်မတော်စစ်ကြောင်းအား ဝမ်းပန်းတသာကြိုဆိုနှုတ်ဆက်ကြပြီး ၎င်းတို့၏နေရပ်သို့ ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် တပ်မတော်စစ်ကြောင်းထံ အကူအညီတောင်းခံခဲ့ကြသည်။

ထိုသို့ အကူအညီတောင်းခံခဲ့သဖြင့် တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့၏နေရပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးအတွက် မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ စားသောက်ရေး အဆင်ပြေစေရန်အတွက် စားသောက်ဖွယ်ရာများ စီစဉ်ထောက်ပံ့ပေးခြင်း၊ ၎င်းတို့၏ အသုံးအဆောင်ပစ္စည်းများအား ကူညီရွှေ့ပြောင်းသယ်ဆောင်ပေးခြင်းများနှင့် အခြားလိုအပ်သည့် ကူညီရေးလုပ်ငန်းများကို အားတက်သရော ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရာ ယာယီနေရပ်စွန့်ခွာပြည်သူများသည် ၎င်းတို့၏နေရပ်သို့ ပြန်လည် ဝင်ရောက်အခြေချနေထိုင်ကြရသည့်အတွက် ဝမ်းသာပျော်ရွှင်လျက်ရှိပြီး ၎င်းတို့၏ စကားသံများကိုလည်း ယခုလို ကြားသိခဲ့ရပါသည်-

၁။ အခုလို ပြည်သူပြည်သားတွေကို ပျော်ရွှင်အောင်လုပ်ပေးတယ်။ ပြီးတော့ဘဝလုံခြုံမှုပေးတဲ့ မြန်မာစစ်သည်တော်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။

၂။ ကျေးဇူးတင်ပါတယ် ဆရာတို့အားလုံးကိုပြန်ပြီးကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 ၃။ ကယ်တင်ပေးတဲ့အတွက်မို့ ကျေးဇူးတင်ပါတယ်။ ပြန်လာကယ်တာကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

၄။ ၆ လပိုင်း ၂၅ ရက်က တိုက်ပွဲဖြစ်တယ်။ အဲနေ့ကစပြီး မိသားစုတွေ တကွဲတပြားစီဖြစ်တယ်။ မန္တလေးရောက် ဟိုရောက်ဒီရောက်နဲ့ တကွဲတပြားစီ ဖြစ်ကြတယ်။ အခုချိန်ထိ တကွဲတပြားစီပါပဲ။ တပ်မတော်ကလာပြီးအခုလို ရှင်းလင်းပြီးတော့ လုပ်ပေးကိုင်ပေးတဲ့အတွက် အကုန်လုံးကို အစစအရာရာ လာပြီးကူညီပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ နောင်လည်းဒီလိုပဲ အမြဲတမ်း အမြဲမပြတ် ဒီလိုစောင့်ရှောက်ပေးဖို့ ပြောချင်ပါတယ်။

၅။ ခုလိုဖြစ်လာမယ်ဆိုတာတော့ ကျွန်မယုံကြည်တယ်။ ဒီလို အမြန်အောင်မြင်မယ်လို့ မထင်ထားဘူးလေ။ ဒီလိုဖြစ်လာတော့ အတိုင်းမသိဝမ်းသာတော့ ဘာပြောရမှန်း မသိဘူးလေ။ မိသားစုတွေ အခုလို စုံစုံလင်လင်နေရမယ်။ လုပ်ငန်းကိုင်ငန်းတွေ ပုံမှန်လည်ပတ်လို့ ရမယ်ဆိုတော့ပျော်လို့ စကားကိုဘာပြောရမှန်း ကိုမသိဘူး။ တပ်မတော်ကြီးကိုလည်း အများကြီးကျေးဇူးတင်မိတယ်။ အဲလိုပဲပြောချင်တယ်။

၆။ ကျွန်မတို့ရွာဘက်မှာ ၁၅ ရက်ကျော်ပါတယ်။ မိသားစုတွေလည်းမတွေ့ရပါဘူး။ စစ်တပ်ရောက်လာတော့ ကျွန်မတို့အများကြီးပျော်ပြီး အများကြီးဝမ်းသာပါတယ်။

၇။ ကိုယ့်မြို့ ကိုယ့်ရွာကို ပြန်ခွင့်ရှိတာကို အများကြီးကျေးဇူးတင်ပါတယ်။

သတင်းစဉ်

20.07.2025
ဝဇီရာ

ဝဇီရာရုပ်ရှင်ရုံနှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ လှူဒါန်းပေးပို့ပေးပါရန် မေတ္တာရပ်ခံခြင်း

07/20/2025 

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ် ၃၂၇ တွင် တည်ရှိသည့် ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂၃ ခုနှစ်ခန့်က တည်ဆောက်ခဲ့သည့် ရှေးဟောင်းရုပ်ရှင်ရုံဖြစ်ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ဗိသုကာအသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံများ၊ ရုပ်လုံးကြွများဖြင့် တန်ဆာဆင်တည်ဆောက်ထားသဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းအတွက် ဂုဏ်ယူထိန်းသိမ်းထားရမည့် အဆောက်အအုံကြီးတစ်ခုဖြစ်ပါသည်။ ဝဇီရာရုပ်ရှင်ရုံကြီးသည် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များက ရုပ်ရှင်ဇာတ်ကားများ၊ ပြဇာတ်များအား ပြည်သူများ အပန်းဖြေပျော်ရွှင်စေရန် တင်ဆက်ပြသခဲ့သည့် ရုပ်ရှင်ရုံကြီးဖြစ်သည့်အတွက် အနုပညာစိတ်ဝိညာဉ်များ ဆုံစည်းရာနေရာတစ်ခုလည်း ဖြစ်ပါသည်။

ယခုအခါ ဝဇီရာရုပ်ရှင်ရုံကြီးအား နိုင်ငံတော်အစိုးရက ဂုဏ်ပြုခံကဇာတ်ရုံကြီး (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး အဆင့်မြှင့်တင်ဆောင်ရွက်ပြီးပါက ရုပ်ရှင်ရုံအဖြစ်သာမကပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အက၊ ဂီတပွဲ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးများ၊ သင်တန်းများ၊ စတူဒီယိုနှင့် အနုပညာဖန်တီးနိုင်သည့်နေရာများအဖြစ်ပါ အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဝဇီရာရုပ်ရှင်ရုံနှင့်ပတ်သက်သည့် အဆောက်အအုံဆိုင်ရာ အချက်အလက်များ၊ ပုံစံကားချပ်များ၊ ဖျော်ဖြေတင်ဆက်မှုနှင့် ကြည့်ရှုအားပေးမှုဆိုင်ရာ မှတ်တမ်းဓာတ်ပုံများအား မူရင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ဆက်သွယ်လှူဒါန်းပေးပါရန် မေတ္တာရပ်ခံအသိပေးအပ်ပါသည်။

ဆက်သွယ်ရမည့်ပုဂ္ဂိုလ်များ

- ဦးရဲလင်းမြင့်၊ ညွှန်ကြားရေးမှူး

 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

 ၀၉ ၇၉၈၃၇၄၇၀၉၊ ၀၁၇ ၅၃၆၀၃၀

- ဦးချမ်းသာကြည်စိုး၊ တွဲဖက်အတွင်းရေးမှူး(၂)

 မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး

 ၀၉ ၇၆၅၂၆၂၆၇၉

20.07.2025