MDD

အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများနှင့် တရုတ်အမျိုးသားနှင့်အတူ ပေါင်းသင်းရန်စီစဉ်ခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ဇူလိုင် ၂

အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများနှင့် အမျိုးသားနှင့်အတူ ပေါင်းသင်းရန်စီစဉ်ခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ်(၂၀) ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်နေ မ-----၊ ၂၅/၂၀၂၅ နှစ်ကို တစ်ရပ်ကွက်တည်းနေ ခါကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် ဆမားဒူးဝါး(၃/ခ) ရပ်ကွက်နေ စန်းစန်းနွဲ့(ခ)စန်းစန်း(ခ)မအေးတို့က တရုတ်ယောက်ျားယူပါက ငွေကျပ်သိန်း ၆၀ ခန့်ရမည်၊ ကလေးတစ်ဦးမွေးပေးပြီး ပြန်လာလိုပါက ပြန်လာ၍ရကြောင်း စည်းရုံးပြောဆိုပြီး မြစ်ကြီးနား မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ်ယောက်ျားထံရောင်းစားရန် စီစဉ် ဆောင်ရွက်ခဲ့ကြသဖြင့် မြစ်ကြီးနားမြို့နယ် မြစ်ကြီးနားနယ်မြေရဲစခန်း (ပ) ၂၇/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဇွန် ၃၀ ရက်တွင် မြစ်ကြီးနားခရိုင်တရားရုံးမှ တရားခံစန်းစန်းနွဲ့(ခ) စန်းစန်း(ခ)မအေးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တရားခံခါကြီးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် စားပွဲထိုးအလုပ် လုပ်ကိုင်နေသည့် မ-----၊ ၁၇/၂၀၂၅ နှစ်ကို ဆိုင်သို့ လာရောက်လေ့ရှိသူ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဥဿာမြို့သစ် (၅)ရပ်ကွက်နေ ထွေးထွေး(ခ)ချင်းချင်း(ခ)တရုတ်မက တရုတ်အမျိုးသားတစ်ဦးနှင့် တစ်ပတ်၊ ၁၀ ရက်ခန့် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ပေးပါက ငွေကျပ်သိန်း ၅၀ ခန့်ရရှိမည်၊ တရုတ်အမျိုးသား ရန်ကုန်မြို့သို့ ရောက်ရှိလာသည့်အချိန်မှသာ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ပေးရမည်၊ အသက်ပြည့်ပါက တရားဝင်ငွေကျပ်သိန်း ၁၅၀ ဖြင့် တင်တောင်းပြီး တရုတ်နိုင်ငံသို့ခေါ်ဆောင်သွားမည်၊ တရုတ်အမျိုးသားမှ လိုအပ်သလို ထောက်ပံ့ပေးသွားမည်ဟု စည်းရုံးပြောဆို၍ တရုတ်အမျိုးသားနှင့် ပေါင်းသင်းနေထိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် ပဲခူးမြို့ အမှတ်(၃)နယ်မြေ ရဲစခန်း (ပ) ၂၇၃/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်တွင် ပဲခူးခရိုင်တရားရုံးမှ တရားခံ ထွေးထွေး (ခ)ချင်းချင်း(ခ)တရုတ်မအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ်နှစ် (၂၀) ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီးထန်းတပင်မြို့နယ် ရခိုင်ရိုးလေးကျေးရွာနေ ဦး-----၊ ၃၈/၂၀၂၅ နှစ်အား တစ်ရပ်ကွက်တည်းနေ မပပက ဖျာပုံမြို့နယ် မြစ်တန်းကျေးရွာရှိ စက်လှေပေါ်တွင် ပိုက်ထောင်သည့် အလုပ်အားလုပ်ကိုင်ပါက တစ်လလျှင် စရိတ်ငြိမ်း ငွေကျပ်နှစ်သိန်းကျပ်ခန့်ရမည်၊ ၎င်း ကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆို၍ မိုးမင်းဝင်း(ခ)ငမိုး ထံပို့ဆောင်ပေးခဲ့ကြောင်း၊ မိုးမင်းဝင်း(ခ)ငမိုးမှ “ဖြိုး”ရေစင်သို့ ပို့ဆောင်ပေးခဲ့သဖြင့် ငါးဖမ်းသင်္ဘောပေါ်တွင် ခြောက်လကျော်ခန့် အလုပ်လုပ်ကိုင်ခဲ့ရကြောင်း၊ လုပ်အားခထုတ်ယူချိန်တွင်မရရှိဘဲ မိုးမင်းဝင်း(ခ)ငမိုးမှ လုပ်အားခငွေကျပ် ၁၀ သိန်းကို ကြိုတင်ခေါင်းပုံဖြတ် ထုတ်ယူသွားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် တက်သစ်နယ်မြေရဲစခန်း (ပ) ၇/ ၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး မှော်ဘီခရိုင်တရားရုံးမှ ဇွန် ၃၀ ရက်တွင် တရားခံမိုးမင်းဝင်း(ခ)ငမိုးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တရားခံ မပပအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

03.07.2025
hm

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းအထောက်အပံ့လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်လ ၂နေ့ နံနက်ပိုင်းက ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် သင်တန်း(၅)ကြိမ်မှ သင်တန်းသား ၂၅ ဦးကို ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရာတွင် အသုံးပြုသည့် စားသောက်ကုန်လုပ်ငန်းသုံးပစ္စည်းများဖြစ်သော မုန့်ဖုတ် Electric Oven ၊ Gas Oven ၊ သီးနှံအခြောက်ခံစက်၊ ရေခဲမုန့်စက်၊ ရေခဲစက်၊ အာလူးလှီးစက်၊ လေစုပ်အိတ်ပိတ်စက်၊ Freezer ၊ မျှစ်လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် မျှစ်ပြုတ်အိုးကြီး၊ မိုးကာ၊ ပလတ်စတစ်အိတ်အမျိုးမျိုး၊ လုပ်ငန်းသုံးပစ္စည်း အမေရိကန်ဒေါ်လာ ၂၂၅၀၀ နှင့်ညီမျှသော မြန်မာကျပ်ငွေ ၄၇၁၁၅၀၀၀ တန်ဖိုးရှိစက်ပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ထောက်ပံ့ပေးသည့် လုပ်ငန်းသုံးပစ္စည်းများကို အကျိုးရှိထိရောက်စွာ အသုံးပြုကြရန်နှင့် တာဝန်ရှိသူများကလည်း ကြီးကြပ်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် သင်တန်းသား ၂၅ ဦးအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ကြသည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် ဖွင့်လှစ်ခဲ့သော သင်တန်းများ၏ Video Clip အား ကြည့်ရှုအားပေးကြပြီး ခင်းကျင်းပြသထားသည့် ထောက်ပံ့လုပ်ငန်းသုံးပစ္စည်းများနှင့် အသေးစားထုတ်ကုန်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

03.07.2025
tkw

၂၀၂၅ ခုနှစ် ဇူလိုင်လတွင် သစ်လွင်ဆရာဝန်၊ သွားနှင့်ခံတွင်းဆရာဝန် စုစုပေါင်း ၁၂၀၀ ကျော် ခန့်အပ်သွားမည်

မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) နေပြည်တော်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် သစ်လွင်ဆရာဝန်များ၊ သွားနှင့်ခံတွင်း ဆရာဝန် စုစုပေါင်း ၁၂၀၀ ကျော်ကို ခန့်အပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါဆရာဝန်များ၏ ဆေးကုသခွင့်လိုင်စင်များနှင့်ပတ်သက်၍ စနစ်တကျဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ ဆေးကုသခွင့်လိုင်စင်များ အသစ်ထုတ်ပေးခြင်း၊ လိုင်စင်သက်တမ်း တိုးခြင်း၊ ယာယီပိတ်သိမ်းထားရာမှ ပြန်လည်ခွင့်ပြုခြင်းများကိုလည်း စနစ်တကျ စိစစ်ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ထိုသို့ခွင့်ပြုရာတွင်လည်း ၎င်းတို့၏ အရည်အချင်းများပြည့်မီအောင် သက်ဆိုင်ရာကောင်စီများက စနစ်တကျစစ်ဆေးကာ ခွင့်ပြုပေးသွားရန်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးနေကြသူများဖြစ်၍ မိမိတို့စောင့်ထိန်းလိုက်နာ ရမည့် ကျင့်ဝတ်များကို အမြဲလိုက်နာစောင့်ထိန်းကြရန်နှင့် လူနာများနှင့် ပြောဆိုဆက်ဆံရာတွင် ယဉ်ကျေးချိုသာစွာ ပြောဆိုဆက်ဆံရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီများမှလည်း နိုင်ငံတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ ဆေးကုသခွင့် လိုင်စင်၊ အထူးဆေးကုသခွင့်လိုင်စင်၊ သူနာပြု/သားဖွားလိုင်စင်များ ထုတ်ပေးရာတွင် စနစ်တကျ စိစစ်ဆောင်ရွက်သွားရန်နှင့် အချိန်နှောင့်နှေးကြန့်ကြာမှုမဖြစ်စေရေး အလေးထားဆောင်ရွက် သွားရန် ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာကောင်စီဥက္ကဋ္ဌများက ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။ အဆိုပါလုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

03.07.2025
03-01 , 04-0

လှိုင်သာယာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်၍ အချုပ်တရားခံအား ခေါ်ဆောင်သွားသည့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အချုပ်တရားခံအား လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ဖမ်းဆီးထားသည့် အချုပ်တရားခံ ဇွန်ပွင့်လှိုင်(၃၀)နှစ်၊ (ဘ) ဦးလှမင်းအား ရဲတပ်ဖွဲ့မှ လုံခြုံရေးတာဝန်ရှိသူများက၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက် ညပိုင်းတွင် ကျောက်ကပ်ရောဂါအရေးပေါ်ကုသရန် အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ သပြေအထူးကုဆေးခန်းသို့ ပို့ဆောင်ပေးပြီးအပြန် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Ocean Center သို့ ဝင်ရောက်ဆေးဝယ်ကာ ပြန်ထွက်လာစဉ် ကားပါကင်အနီးသို့အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်ခဲ့ရာ ဆေးခန်းသို့လိုက်ပါပို့ဆောင်သည့် ရဲတပ်ဖွဲ့ဝင်များအား လက်နက်ငယ်ကျည်များထိမှန်၍ ထိခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး အချုပ်တရားခံ ဇွန်ပွင့်လှိုင်အား ခေါ်ဆောင်ထွက်ပြေးသွားကြောင်း သိရှိရသည်။

အဆိုပါ အချုပ်တရားခံနှင့် ခေါ်ဆောင်ထွက်ပြေးသွားသူများအား အမြန်ဆုံး ပြန်လည်ဖမ်းဆီးရမိနိုင်ရေးအတွက် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ (၆)လမ်းသွားလမ်းဆုံနေရာ၌ ဇွန်ပွင့်လှိုင်အပါအဝင် ရဲလုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့် ဘားအံမြို့နယ်၊ တောင်ဝိုင်းကျေးရွာနေ ချစ်ဇင်လင်း(ခ) စောအယ်ထူး (၃၈)နှစ်(ဘ)ဦးစိန်မင်းနှင့်လှိုင်သာယာ(အနောက်ပိုင်း)၊ မြို့နယ်(၁၃) ရပ်ကွက်နေ သီဟသူ (၂၃)နှစ် (ဘ) ဦးဘိုဘိုသူတို့ကိုလည်းကောင်း၊ စစ်ပစ်ကွင်းကျေးရွာအနီး သန်လျင်-သုံးခွကားလမ်းရှိ စစ်ပင်ကွင်း ကားမှတ်တိုင်၌ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာနေ သုခပြည့်စုံ (ခ)ဖိုးခွား (၂၀)နှစ် (ဘ) ဦးနေထွန်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်နေ သူရဝင်း (၃၅)နှစ် (ဘ) ဦးသန်းဇော်နှင့် မုံရွာမြို့နယ်၊ မြို့သစ်ရပ်ကွက်နေ အောင်စန်းမိုး (ခ) ပေါင်မုန့် (၂၂)နှစ် (ဘ) ဦးမိုးသီးတို့ကိုလည်းကောင်း၊ ပစ္စတို ၂ လက်၊ ကျည်မျိုးစုံ ၄၃ တောင့်၊ ကျည် အိမ် ၃ ခု၊ လက်ပစ်ဗုံး ၄ လုံးတို့နှင့်အတူ အသီးသီးဖမ်းဆီးရမိခဲ့သည်။

အဆိုပါ အချုပ်တရားခံ ဇွန်ပွင့်လှိုင်အပါအဝင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် PDF အမည်ခံ အကြမ်းဖက်သမား ၆ ဦးကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

03.07.2025
MAH , KKP-1 , KKP-2

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇူလိုင် ၂

နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ Video Conferencing ဖြင့်တက်ရောက်ကြသည်။

စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှု လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးတိုးတက်လာမည်ဖြစ်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကိုဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ အခြေခံစားကုန်ဖြစ်သည့် ဆန်၊ ဆီနှင့် အသားငါးများကို အထွက်နှုန်းများ တိုးတက်ထုတ်လုပ်နိုင်ခြင်းဖြင့် စားသောက်ကုန်များ၏ ဈေးနှုန်းမှာ သင့်တင့်သည့် ဈေးနှုန်းတစ်ခုဖြစ်ရန်လိုကြောင်း၊ မိမိအနေဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတိုးတက်စေရေး အမြဲမပြတ်တိုက်တွန်းပြောကြားလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ရှိပြီးဖြစ်သည့် အခြေခံကောင်းများကို အသုံးချ၍ ကုန်ထုတ်လုပ်မှု တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ် စသည့် သီးနှံများကို စိုက်ပျိုးလျက်ရှိသော်လည်း ပြည်တွင်းဆီဖူလုံမှုမှာ လိုအပ်ချက်များရှိနေခြင်းကြောင့် စားသုံးဆီများကို ပြည်ပမှတင်သွင်းနေရကြောင်း၊ ဆီဖူလုံရေးအမြဲ တွန်းအားပေးဆောင်ရွက်သွားရန်လိုကြောင်း။

နိုင်ငံတစ်ခု၏ စီးပွားရေးကို GDP ဖြင့်တိုင်းတာကြကြောင်း၊ ၂၀၂၄ -၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်တွင် မိမိတို့နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၄ ဘီလီယံရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၁ ဒမသ ၆ ဘီလီယံအထိ မျှော်မှန်းဆောင်ရွက်လျက်ရှိပြီး ၅ ဒသမ ၂ ဘီလီယံခန့် တိုးတက်အောင် ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့မိမိတို့အနေဖြင့် မျှော်မှန်းဆောင်ရွက်နေချိန်တွင် ကမ္ဘာ့ဘဏ်မှ မိမိတို့နိုင်ငံ၏ စီးပွားရေးကို ယခင်က ၂ ဒသမ ၅ အထိ မျှော်မှန်းထားသော်လည်း လက်ရှိအချိန်တွင် အနုတ် ၂ ဒသမ ၅ အထိကျဆင်းနိုင်သည်ဟု ခန့်မှန်းထားသည်ကိုတွေ့ရှိရကြောင်း၊ ၎င်းတို့ တွက်ချက်သည့်စာရင်းများတွင် အချက်အလက်များ မှန်ကန်မှုမရှိခြင်းနှင့် ပြည့်စုံမှုမရှိခြင်းများရှိသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံအတွက် အရေးကြီးသည်မှာ အမှန်တကယ်အလုပ်လုပ်ရန်လိုကြောင်း၊ မည်သို့ပင် နိုင်ငံ၏ GDP ကျဆင်းမည်ဟု ၎င်းတို့အနေဖြင့် မျှော်မှန်းထားသော်လည်း နိုင်ငံအတွင်းနေထိုင်သူများက ကြိုးပမ်းဆောင်ရွက်ပါက နိုင်ငံ၏ GDP မှာတိုးတက်လာမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက GDP နည်းပါးလျက်ရှိသဖြင့် GDP တိုးတက်စေရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် စွမ်းအားရှိသမျှ အားထုတ်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိအနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဘယ်လာရုစ်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (EEF 2025) သို့ တက်ရောက်ခဲ့ကြောင်း၊ ဘယ်လာရုစ်နိုင်ငံသည် Agro base industries ကို ဆောင်ရွက်သည့်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ဘယ်လာရုစ်နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၁ ဘီလီယံရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးပို့ကုန်များမှ ရရှိမှုမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံမှ ၈ ဒသမ ၂ ဘီလီယံရှိကြောင်း၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးပို့ကုန်များမှ ရရှိမှုမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံခန့်သာရှိကြောင်း၊ ဘယ်လာရုစ်နိုင်ငံ၏ထက်ဝက်ခန့်သာရှိပြီး ခေတ်မီစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် ဖိုရမ်တက်ရောက်ရန် အဓိကဖြစ်သော်လည်း နိုင်ငံအတွက်အချိန်ပေး၍ ၎င်းကဏ္ဍများကိုလေ့လာခဲ့ကြောင်း၊ မိမိတို့နိုင်ငံနှင့် နှိုင်းယှဉ်ပါက မိမိတို့နိုင်ငံထက် ဧရိယာအကျယ်အဝန်းအရ သေးငယ်ခြင်း၊ လူနေထိုင်မှုအရ နည်းပါးခြင်းရှိသော်လည်း GDP မှာပိုမိုမြင့်မားသည်ကိုတွေ့ရကြောင်း၊ ဘယ်လာရုစ်နိုင်ငံအနေဖြင့် ခေတ်မီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်၍ ထုတ်ကုန်များကိုထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်မှု ပိုမိုများပြားသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ကမ္ဘာပေါ်၌ အဆင့်မီလယ်ထွန်စက်ပစ္စည်းများ ထုတ်လုပ်တင်ပို့သည့် နိုင်ငံတစ်ခုဖြစ်သည်ဟုသိရှိခဲ့ရကြောင်း၊ အလားတူ မွေးမြူရေးနှင့်ပတ်သက်၍လည်း နို့စားနွားများမွေးမြူ၍ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး နို့ထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းများဆောင်ရွက်၍ ပြည်ပသို့တင်ပို့သည်ကို လေ့လာသိရှိခဲ့ရကြောင်း။

အလားတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Republic of Buryatia သို့ ရောက်ရှိချိန်တွင်လည်း ၎င်းတို့အနေဖြင့် ဒေသတွင်းမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ ခေတ်မီနည်းစနစ်များကို အသုံးပြု၍ မျိုးကောင်းမျိုးသန့်များဖြင့် မွေးမြူပြီး ထွက်ရှိလာသည့် အသားများကို ပြည်ပသို့တင်ပို့လျက်ရှိသည်ကို သိရှိခဲ့ရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်ရာ၌ ၎င်းနိုင်ငံများ၏ ကုန်ထုတ်လုပ်မှုနည်းလမ်းများကို အတုယူ၍ မိမိတို့နိုင်ငံတွင်ရှိပြီးဖြစ်သည့် အခြေခံကောင်းများကို အသုံးချပြီး စနစ်တကျဖြင့် ဆောင်ရွက်သွားမည်ဆိုပါက ၎င်းတို့ကဲ့သို့ အောင်မြင်သည့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် တစ်နိုင်ငံလုံးဆန်ဖူလုံမှုအနေဖြင့် ၁၇၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ဆန်ဖူလုံမှုမရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များလည်းရှိသည်ကို တွေ့ရှိရပြီး ပန်းတိုင်ရည်မှန်းချက်များပြည့်မီအောင် စနစ်တကျစိုက်ပျိုး၍ အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆန်ဖူလုံမှုများရှိလာမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဆန်ဖူလုံမှုမရှိသည်ကို တွေ့ရကြောင်း၊ အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ပန်းတိုင်ရည်မှန်းချက်အတိုင်း ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆန်ဖူလုံမှုတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် ဆန်များကို ပြည်ပနိုင်ငံများသို့ အရည်သွေးပြည့်မီစွာဖြင့် ထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် စပါးစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစေ့ချစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းများ ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး လုပ်ငန်းများ ပိုမိုတိုးတက်လာသည်ကိုတွေ့ရကြောင်း၊ စပါးစိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပင်ကြားတန်းကြားများမှန်ကန်ရန်နှင့် ကောက်ကွက်များ ပြည့်မီမှသာ စပါးပင်များရှင်သန်ဖြစ်ထွန်း၍ အထွက်နှုန်းများတိုးတက်လာမည်ဖြစ်ကြောင်း၊ အပင်ရှိမှသာ အနှံ၊ အစေ့နှင့် အသီးများရှိလာမည်ဖြစ်သဖြင့် အပင်များ စနစ်တကျရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန်လိုကြောင်း။

သီးနှံများ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ စိုက်ဧကများကို တိုးချဲ့ဆောင်ရွက်ပြီး သီးထပ်များစိုက်ပျိုးသွားရန်လည်းလိုကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း မိုးစပါးစိုက်ပျိုးမှု စုစုပေါင်းမှာ ၁၇ သန်းရှိကြောင်း၊ အသားတင်စိုက်ပျိုးမှုမှာ ၁၅ သန်းရှိပြီး သီးထပ်စိုက်ပျိုးမှုမှာ ၂ ဒသမ ၂၄ သန်း၊ သီးညှပ်စိုက်ပျိုးမှုမှာ ၂၈၀၀၀ ရှိကြောင်း၊ တစ်နှစ်လုံးတွင် စပါးတစ်သီးတည်းသာစိုက်ပျိုးသည့် လယ်ယာမြေမှာ ၇ ဒသမ ၃၃ သန်းရှိကြောင်း၊ အဆိုပါစိုက်ပျိုးမြေများပေါ်၌ စပါး(သို့မဟုတ်) အခြားသီးနှံများကို သီးထပ်စိုက်ပျိုးသွားမည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်နှစ်တွင် တစ်သီးသာစိုက်ပျိုးသည့် စိုက်ပျိုးမြေမှာ သန်း ၂၀ ခန့်ရှိကြောင်း။

အားထည့်ဆောင်ရွက်

စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်မှုရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များက အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး အပင်အရေအတွက်ပြည့်မီအောင် စနစ်တကျ စိုက်ပျိုးခြင်းမှစ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မျိုးသန့်အသုံးပြုခြင်း၊ မြေဩဇာထည့်ခြင်း၊ မြေပြုပြင်ခြင်းများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် စိုက်ပျိုးရေ၊ အောင်ရေများ ရရှိရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို မဖြစ်မနေ အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း မိမိတို့ ဆက်လက်တာဝန်ယူရမည့်ကာလအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာခဲ့သည့် အခြေအနေမှလွဲ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် နှီးနွယ်သည့် စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင် အားထည့်၍ဆောင်ရွက်သွားရန်မှာကြားလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများအောင်မြင်မှုကို မိမိတို့အစိုးရ၏ မှတ်ကျောက်အဖြစ်ကျန်ရှိအောင် ဆောင်ရွက်ပေးရန် ပြောကြားလိုကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးကို များစွာ အထောက်အကူဖြစ်စေမည်

မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုအညွှန်းကိန်းသည် ပိုမိုမြင့်တက်လာသည်ဟု သုံးသပ်မှုများရှိခဲ့ပြီး ဆင်းရဲမွဲတေမှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းများ အောင်မြင်မှုမရှိခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် အလုပ်မလုပ်နိုင်၍ ဆင်းရဲမွဲတေခြင်းဟူ၍ ဖြစ်နိုင်ချေနှစ်ရပ်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေသူများဖြစ်ပြီး ၃၀ ရာခိုင်နှုန်းသည် မြို့ပေါ်နေသူများဖြစ်ကြောင်း၊ ယင်းတို့အနက် ၅၀ ရာခိုင်နှုန်းကျော်ခန့်သည် စိုက်ပျိုးမွေးမြူရေးနှင့် သစ်တောကဏ္ဍတို့တွင် တစ်နည်းနည်းဖြင့် လုပ်ကိုင်နေကြသူများဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကျေးလက်နေပြည်သူများ အဓိကထားလုပ်ကိုင်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ဆင်းရဲမွဲတေမှုလျှော့ချရေးတွင် များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့်ပတ်သက်၍ ကိုယ်ချင်းစာစိတ်ဖြင့် လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများသာမက မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံ၏နေရာတိုင်းတွင် ကြက်၊ ဝက်၊ ဆိတ်၊ သိုး၊ နွား၊ ငါး စသည်တို့ကို အောင်မြင်စွာမွေးမြူနိုင်သည့် အခြေအနေရှိကြောင်း၊ မိမိတို့ဒေသအလိုက် လူဦးရေအလိုက် နေ့စဉ် အသားငါး၊ ဥအမျိုးမျိုးနှင့် အသီးအနှံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မည်သည့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမဆို ကျေးလက်ကိုဗဟိုပြု၍ ဆောင်ရွက်ကြသည်ဖြစ်၍ ကျေးလက်နေပြည်သူများ ဝင်ငွေများပြားလာမည်ဖြစ်ပြီး ဆင်းရဲမွဲတေမှုညွှန်းကိန်းများလည်း ကျဆင်းလာနိုင်မည်ဖြစ်ကြောင်း။

ဝါနှင့် ဝါးကို နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အဓိကလုပ်ငန်းများအဖြစ် ထည့်သွင်းဆောင်ရွက်

စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အခြေခံသည့် MSME လုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ်ခန့်မှစ၍ အားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အတိုင်းအတာတစ်ခုအထိ လုပ်ငန်းများ လည်ပတ်ကာအောင်မြင်မှုများ ရရှိနေသည်ကိုတွေ့မြင်ရကြောင်း၊ နိုင်ငံတကာကိုကြည့်ပါကလည်း MSME လုပ်ငန်းများကို အားပေးမြှင့်တင်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံမှ MSME လုပ်ငန်းများကို ကြည့်မည်ဆိုပါက အများစုသည် စားကုန်၊ သောက်ကုန်ပစ္စည်းများဖြစ်သည်ကို တွေ့မြင်ရသဖြင့် အခြားဈေးကွက်ဝင်ထုတ်ကုန်များဖြစ်သည့် စက်မှုထုတ်ကုန်များ၊ လယ်ယာလုပ်ငန်းသုံးထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထုတ်ကုန်များထုတ်လုပ်ရာတွင် အလုပ်လုပ်ပြီးထုတ်လုပ်ရသည့် ထုတ်ကုန်များရှိသကဲ့သို့ သဘာဝမှပေးထားသည်များနှင့် ထုတ်လုပ်၍ရသည့် ထုတ်ကုန်များလည်းရှိကြောင်း၊ ဥပမာအားဖြင့် သဘာဝအတိုင်းပေါက်ရောက်လျက်ရှိသည့် ဝါးနှင့်ပတ်သက်၍ ထုတ်ကုန်ပစ္စည်းများ များစွာထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အကျိုးရှိရှိအသုံးချနိုင်မည်ဆိုပါက နိုင်ငံ့ဝင်ငွေ များစွာရရှိစေနိုင်မည်ဖြစ်သဖြင့် သတိချပ်စေလိုကြောင်း၊ စိုက်ပျိုးသီးနှံနှင့်ပတ်သက်၍ ဝါစိုက်ဧက ၅ သိန်းခန့်ရှိကြောင်း၊ ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အထောက်အကူများစွာဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ဝါသီးနှံသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းသည့် သီးနှံတစ်ခုဖြစ်သဖြင့် အားပေးတိုးချဲ့ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝါနှင့် ဝါးကို နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အဓိကလုပ်ငန်းများအဖြစ် ထည့်သွင်းဆောင်ရွက်သင့်ကြောင်း။

အမှန်တကယ်အလုပ်လုပ်ရန်ဖြစ်

ပြည်ပမှသွင်းကုန်များအစားထိုးရန်၊ ပြည်တွင်းစီးပွားရေးကိုအားပေးရန်၊ အရည်အသွေးပြည့်မီသည့် ထုတ်ကုန်ပစ္စည်းများထုတ်လုပ်၍ ပြည်ပသို့တင်ပို့ကာ နိုင်ငံခြားငွေရှာဖွေနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကြမ်းများရရှိရေးသည် အဓိကအရေးကြီးသဖြင့် ဒေသမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကိုအခြေခံသည့် MSME လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးများ၊ စက်မောင်းဆီများနှင့် လျှပ်စစ်ဓာတ်အားများကိုလည်း ဖြည့်ဆည်းပေးရန်လိုကြောင်း၊ ငွေကြေးအရင်းအနှီးများလည်း ပြည့်စုံရန်လိုသကဲ့သို့ လူသားအရင်းအမြစ်ကောင်းများလည်း လုံလောက်စွာရရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် နိုင်ငံအတွင်း MSME လုပ်ငန်းများကို သွားရောက်အားပေးဆောင်ရွက်ခဲ့ရာတွင် လုပ်သားရှားပါးမှုနှင့်ပတ်သက်၍ တင်ပြမှုများရှိကြောင်း၊ သို့ဖြစ်၍ ၂၀၂၄ ခုနှစ်တွင် မိမိတို့နိုင်ငံ၌ရှိသည့် လူဦးရေအပေါ်တွင်အခြေခံသည် အလုပ်လုပ်နိုင်သည့်သူစာရင်းအား တောင်းခံခဲ့ကြောင်း၊ အချက်အလက်များအရ အလုပ်လုပ်နိုင်သည့်သူ(အသက် ၁၅ နှစ်အထက်မှ ၆၅ နှစ်အကြား)လူဦးရေခန့်မှန်းချေအနေဖြင့် ၃၄ ဒသမ ၈၀၆ သန်းရှိကြောင်း၊ တစ်နည်းမဟုတ်တစ်နည်းဖြင့် အလုပ်လုပ်နေသည့်သူ မှာ ၁၉ ဒသမ ၁၄၁ သန်းရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းအနေဖြင့် ၁ သန်းကျော်ရှိကြောင်း၊ တက္ကသိုလ်ပညာသင်ကြားနေသူ ၁ ဒသမ ၄ သိန်းရှိကြောင်း၊ ပြည်တွင်း၊ ပြည်ပ၌ အလုပ်သမားအဖြစ် မှတ်ပုံတင်၍ အလုပ်လုပ်နေသူ ၁၇ ဒသမ ၁၃၀ သန်းရှိကြောင်း၊ လုပ်အားအင်အားများရှိနေသော်လည်း အကျိုးရှိရှိအသုံးချနိုင်ရန် လိုအပ်နေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အလုပ်လုပ်ကိုင်နိုင်မည့် ရေခံမြေခံကောင်းများ၊ အခြေခံကောင်းများရှိပြီးဖြစ်သော်လည်း အမှန်တကယ်အလုပ်လုပ်ရန်လိုအပ်နေသေးကြောင်း၊ အလုပ်လုပ်နိုင်ရေးအတွက်လည်း ဖန်တီးပေးရန်လိုပြီး နိုင်ငံတော်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ပေးထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း တင်ပြနေသည်များကို ထုတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် လိုအပ်သည့်အရင်းအနှီးများ၊ နည်းပညာများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အရေးကြီးသည်မှာ အမှန်တကယ်အလုပ်လုပ်ရန်ဖြစ်ကြောင်း။

မြေတောင်မြှောက်ပေးရမည်

ကမ္ဘာ့ဘဏ်အနေဖြင့် မိမိတို့နိုင်ငံတွင် ပဋိပက္ခများကြောင့် ကုန်ထုတ်လုပ်မှုများထိခိုက်၍ အလုပ်မလုပ်နိုင်ခြင်း၊ မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် စီးပွားရေးလုပ်ငန်းများထိခိုက်ရခြင်း စသည်တို့ကြောင့် GDP လျော့နည်းနိုင်သည်ဟု သုံးသပ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ငလျင်သဘာဝဘေး အလွန်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၌ စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည်ဦးမော့လာစေရေး အတိုးနှုန်းသက်သာစွာဖြင့် ရင်းနှီးမြှုပ်နှံငွေများ ထုတ်ပေးရေးသည်လည်း ပါဝင်ကြောင်း၊ မိမိတို့အနေဖြင့် ထိခိုက်ခဲ့ရသည့် နိုင်ငံ့စီးပွားပြန်လည်ကောင်းမွန်စေရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ရေးကို အားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံ့စီးပွားတိုးတက်ရေးတွင် ဆောင်ရွက်လိုသူများကို မြေတောင်မြှောက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ့စီးပွားသည်လည်း တိုးတက်လာနိုင်မည်ဖြစ်သည်ဟု ယုံကြည်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေရေးနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းအခြေအနေများ၊ သဘာဝဘေးဒဏ်ကြောင့် အရေးပေါ်ရံပုံငွေသုံးစွဲခဲ့ရမှုအခြေအနေများနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့မှု၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲထားရှိမှု၊ စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းများ၊ MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေမှသုံးစွဲငွေနှင့် လက်ကျန်ငွေအခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်ခဲ့မှုနှင့် ထပ်မံထည့်ဝင်ခဲ့မှုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ထုတ်ပေးခဲ့မှုများကိုလည်းကောင်း၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်၍ ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်လျက်ရှိမှု၊ ၂၀၂၀-၂၀၂၁ မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ ပို့ကုန်သွင်းကုန်ပမာဏများနှင့် ဝင်ငွေထွက်ငွေများအား လေ့လာတွေ့ရှိရမှု၊ အိမ်နီးချင်းနိုင်ငံများ၏ထုတ်လုပ်မှုနှင့် ပို့ကုန်ပမာဏများအား လေ့လာတွေ့ရှိရမှုများကိုလည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍတွင် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊ ရေနံထွက်ပစ္စည်းများ တင်သွင်းမှုလျှော့ချနိုင်ရန် စီမံဆောင်ရွက်လျက်ရှိမှု၊ အဆင့်မြင့်လောင်စာဆီများ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရန် ဆောင်ရွက်လျက်ရှိမှုနှင့် ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ခြင်း၏ အကျိုးကျေးဇူးများ၊ ဓာတ်မြေဩဇာများတင်သွင်းမှုလျှော့ချနိုင်ရန် စီမံဆောင်ရွက်လျက်ရှိမှု၊ စွမ်းအင်ကဏ္ဍတိုးတက်စေရန်အတွက် အခြေခံအချက်ကြီးများကိုလည်းကောင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စက်မှုကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့် MSME ကုန်ထုတ်လုပ်မှု လုပ်ငန်းများတိုးတက်ရေးအတွက် ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိမှု၊ MSME ထုတ်ကုန်ပြပွဲများ ကျင်းပဆောင်ရွက်ခဲ့မှု၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနှင့်သံမဏိများ အရည်အသွေးပြည့်မီစွာထုတ်လုပ်နိုင်ရေး၊ ဘိလပ်မြေထုတ်လုပ်သည့် စက်ရုံများစွမ်းအား ပြည့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ခဲ့မှု၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊ မြန်မာ့ဆေးဝါးများတိုးတက်ထုတ်လုပ်လျက်ရှိမှု၊ နိုင်ငံပိုင်စက်ရုံများ၏ ဘဏ္ဍာရေးနှစ်အလိုက် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက နိုင်ငံတော်၏စီးပွားရေး တိုးတက်ရေးနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးတင်ပြကြသည်။

လုံလောက်စွာထုတ်လုပ်

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆေးဝါးထုတ်လုပ်မှုနှင့်ပတ်သက်၍ ပြည်တွင်းအဓိကလိုအပ်ချက် အများဆုံးရှိသည့် ဆေးများကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် MSME လုပ်ငန်းများ အားပေးဆောင်ရွက်ရာတွင် ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို အဓိကထား၍ ထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ်ပြီး ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် ဈေးကွက်လိုအပ်ချက်ရှိသည့် ထုတ်ကုန်များကို အဓိကထား၍ ပမာဏများများဖြင့် အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်ရောင်းချနိုင်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

နိုင်ငံ့စီးပွားတိုးတက်ရေး ဦးစားပေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့ဆွေးနွေးခဲ့သည့်အကြောင်းအရာများမှာ ကောင်းမွန်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံစီးပွားတိုးတက်ရေးနှင့် ကုန်ဈေးနှုန်းများကျဆင်းရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရေရှည်အတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များရှိသကဲ့သို့ လက်တလောဖြေရှင်းရန်လိုအပ်သည့် ကိစ္စရပ်များကိုလည်း ဖြေရှင်းဆောင်ရွက်သွားရန်လိုကြောင်း၊ အချိန်တိုကာလအတွင်း နိုင်ငံ့စီးပွားတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

သုတေသနပြုဆောင်ရွက်

စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လက်ရှိအခြေအနေနှင့်ကိုက်ညီသည့် အထွက်ကောင်းမျိုးများနှင့် အရည်အသွေးကောင်းမွန်သည့် မျိုးများကို စိုက်ပျိုးထုတ်လုပ်နိုင်ရေး သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်းဂျုံဖူလုံမှုရှိအောင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုသည်လည်း နိုင်ငံအတွက်လိုအပ်ချက်တစ်ခုဖြစ်သဖြင့် အရည်အသွေးပြည့်မီသည့် ပြောင်းကုန်ကြမ်းများထုတ်လုပ်၍ ပြည်တွင်း၌ ပြောင်းထွက်ကုန်ကုန်ချောများကို ထုတ်လုပ်တင်ပို့နိုင်ရန်လိုကြောင်း၊ ဆီထွက်သီးနှံဖြစ်သည့် နေကြာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းဆီဖူလုံမှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသည့် မြန်မာဒူးရင်းနှင့် စိန်တလုံးသရက်ကဲ့သို့သော သီးနှံများကို အရည်အသွေးကောင်းမွန်စွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး သုတေသနပြုဆောင်ရွက်ရန်လိုကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံများကို ဇုံများအလိုက်ခွဲ၍ စိုက်ပျိုးဆောင်ရွက်သွားမည်ဆိုပါက သီးနှံများအား တစ်နေရာတည်း၌ အရည်အသွေးကောင်းမွန်စွာဖြင့် အရေအတွက်များများ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ မီးဖိုချောင်သုံးသီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးနှင့် အခြားသီးနှံများကိုလည်း တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည်ဆိုပါက တောင်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

တရားမဝင်ကုန်သွယ်မှုများ ကြပ်မတ်ဆောင်ရွက်

သုတေသနလုပ်ငန်းသည် နိုင်ငံအတွက်အဓိကလိုအပ်သည့် သီးနှံများထုတ်လုပ်ရေးတွင် တိုးတက်မှုများကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး နိုင်ငံ့စီးပွားတိုးတက်မှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ အလားတူမွေးမြူရေးနှင့်ပတ်သက်၍လည်း ဒေသကြက်မွေးမြူခြင်းလုပ်ငန်းသည်လည်း ပြည်တွင်း၊ ပြည်ပဈေးကွက်ရှိပြီးဖြစ်သကဲ့သို့ လိုအပ်သည့် တိရစ္ဆာန်အစာများကိုလည်း ပြည်တွင်း၌ လုံလောက်စွာရရှိနိုင်ကြောင်း၊ ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ နွား၊ ငါး၊ ပုစွန် စသည့် မွေးမြူရေးနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်၍ ပြည်တွင်း၌ မွေးမြူရေးလုပ်ငန်များ တိုးတက်အောင် ဆောင်ရွက်သွားရန်လိုသကဲ့သို့ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူများကိုလည်း အားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပိုမိုတိုးတက်အောင်ဆောင်ရွက်၍ ပြည်တွင်းဖူလုံမှုရှိပြီး ပြည်ပပို့ကုန်များ ပိုမိုရရှိအောင် ဆောင်ရွက်သွားကြမည်ဆိုပါက နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများ၌ တရားမဝင်ကုန်သွယ်မှုများပြုလုပ်ခြင်း၊ ဒေသအလိုက် တရားမဝင်သယံဇာတများထုတ်ယူခြင်းများကြောင့် နိုင်ငံတော်အနေဖြင့် များစွာထိခိုက်စေလျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

03.07.2025