EV

သီလဝါဆိပ်ကမ်း (MITT) သို့ရောက်ရှိလာသောလျှပ်စစ်သုံးမော်တော်ယာဉ်များအား ထုတ်ပေးခဲ့

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် ASIA PACIFIC AUTOMAKER CORPORATION CO.,LTD မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၂၄)စီးအား ဇွန်လ ၂၅ ရက်နေ့က လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ BRAND NEW WAGON၊ BRAND NAME : DONGFENG NISSAN၊ 2024 MDL၊ C/O: CHINA – (24) U သည် ၁၇-၆-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT)သို့ ရောက်ရှိလာခဲ့သည်။ သီလဝါဆိပ်ကမ်း (MITT) ၌ ၁၉-၆-၂၀၂၅ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန် ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက် များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီးထုတ်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါတင်သွင်းမှုများအတွက် အခွန် ကင်းလွတ်ခွင့် ပြုထားကြောင်းသိရှိရသည်။

01.07.2025
Mg Mg Ohn

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆုရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များအား တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဇွန်လ ၃၀ ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ်သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန် စာမူဆု ရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏  အဆင့် အမြင့်ဆုံး စာပေဆုဖြစ်သည့် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေ ဝါသနာရှင် များ၏ အရည်အသွေးပြည့်ကောင်းမွန်သည့်စာမူများကို စာအုပ်အဖြစ်ထွက်ပေါ်လာစေရန် ပျိုးထောင်အားပေးသော စာပေဗိမာန်စာမူဆုများကို ၁၉၄၈ ခုနှစ်မှ စတင်၍ အသွင်အမျိုးမျိုးဖြင့် ချီးမြှင့်လာခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်ကြောင်း၊ ယခုနှစ်တွင်လည်း စာကောင်းပေမွန်များနှင့် ဘဝတစ်သက်တာလုံး စာပေ၌ နှစ်မြှုပ်ထားခဲ့ကြသည့် စာပေပညာရှင်ကြီးများကို ဂုဏ်ပြုချီးမြှင့်ပေး စေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စာပေဆုများ စိစစ် ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြခဲ့သည်။ ယင်းနောက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဦးစိန်လှိုင် (သူရဇော်)၊ စာပေဗိမာန်စာမူဆု စိစစ်ရွေချယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူ မောင်နိုင်မိုး)နှင့် တက်ရောက် လာကြသည့် စာပေပညာရှင်ကြီးများက အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု ရွေးချယ်ရေးနှင့် ပတ်သက်ပြီး အကြံပြုဆွေး‌နွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

01.07.2025
ဒေသခံမီဒီယာများ၏ မေးမြန်းမှုများပေါ် ပြန်လည်ဖြေကြားချက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Buryatia ပြည်နယ် ပြည်နယ်အကြီးအကဲတို့သည် Buryatia ပြည်နယ်မှ Arigus ၊ ATV ၊ Tivicom တို့ အပါအဝင် ဒေသခံမီဒီယာများ၏ မေးမြန်းမှုများပေါ် ပြန်လည်ဖြေကြား

06/30/2025

မေး။ ။ မကြာမီနှစ်အတွင်းမှာ ရုရှား-မြန်မာ ပူးပေါင်းဆက်ဆံရေးလုပ်ငန်းတွေဟာ အများကြီးလုပ်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ယဉ်ကျေးမှုအခန်းကဏ္ဍတွေရော၊ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ထားတာ ရှိပါတယ်။ ဒီအထဲမှာ Buryatia နဲ့ ပတ်သက်ပြီးတော့လည်း ပူးပေါင်းဆောင်ရွက်မှုလုပ်နေတာတွေရှိပါတယ်။ အနာဂတ်မှာ Buryatia နဲ့ ပတ်သက်ပြီးတော့ Buryatia နဲ့ မြန်မာအကြား ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေ ဘယ်လိုအပိုင်းတွေကိုလုပ်ဖို့အတွက် ရည်ရွယ်ထားတာရှိပါသလဲ။

ဗိုလ်ချုပ်မှူးကြီး။ ။ အခု ဒီနေ့ကျွန်တော်လာကြည့်တဲ့ မီးရထားစက်ရုံလုပ်ငန်းအပါအဝင် စောစောပိုင်းက လေယာဉ်စက်ရုံလည်း ကျွန်တော်သွားကြည့်ခဲ့တယ်။ ဒါတွေကတော့ ကျွန်တော်တို့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့အတွက် အလားအလာရှိတဲ့နေရာတွေဖြစ်ပါတယ်။ ဒါပြီးလို့ရှိရင် Buryatia မှာလည်း ဒီပြည်နယ်က ဗုဒ္ဓဘာသာကိုးကွယ်တဲ့ပြည်နယ်သူ ပြည်နယ်သားတွေရှိတယ်။ မြန်မာနိုင်ငံကလည်း ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အခါကျတော့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေက အလားအလာတွေလည်းရှိတယ်။ နောက် ကျန်းမာရေးနဲ့ပတ်သက်တာတွေရှိတယ်။ နောက် ဝန်ကြီးချုပ်ကမ်းလှမ်းထားတဲ့ ပညာသင်ကြားရေးနဲ့ပတ်သက်တဲ့ ကမ်းလှမ်းချက်လည်းရှိတယ်။ ပညာရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေလည်း ကျွန်တော်တို့ ရှိပါလိမ့်မယ်။ နောက် စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေလည်း ဆွေးလည်းဆွေးနွေးပြီး ဆောင်ရွက်သွားဖို့ရှိပါလိမ့်မယ်။ နယ်ပယ်တော့ အများကြီးရှိတယ်။ လုပ်စရာနယ်ပယ်တွေ အများကြီးရှိတယ်ဆိုတဲ့အကြောင်း ကျွန်တော်ပြောချင်ပါတယ်။

မေး။ ။ အခုလက်ရှိ Buryatia ကို လာရောက်တဲ့အတွက် အဆွေတော် နိုင်ငံတော်ဝန်ကြီးချုပ်ကြီးအနေနဲ့ Buryatia နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးမြင်ပါသလဲ။ Buryatia ရဲ့ အလှအပတွေ၊ Buryatia ရဲ့ သန့်ရှင်းမှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးမြင်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး ။ ။ အင်မတန်စိတ်ချမ်းသာရပါတယ် လာရတာ။ သာယာလှပတဲ့ဒေသတစ်ခုပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ရင်းနှီးတဲ့ ပတ်ဝန်းကျင်တစ်ခုကို ကျွန်တော်လာရတယ်လို့ခံစားရပါတယ်။ ကျွန်တော်သုံးကြိမ်ရှိပြီလာတာ။ ကိုယ့်ဒေသကိုလာရသလို ကျွန်တော်ရင်းနှီးတဲ့စိတ်ရှိပါတယ်။ နောက်ထပ်လည်းလာနိုင်ဖို့ ကျွန်တော်ကြိုးစားဦးမယ်လို့ ပြောလိုပါတယ်။

မေး။ ။ Buryatia ပြည်နယ်အကြီးအကဲအနေနဲ့ ယခုကဲ့သို့ မြန်မာနိုင်ငံကနေ နိုင်ငံတော်ဝန်ကြီးချုပ် ချစ်ကြည်ရေးခရီးစဉ် လာရောက်မှုပတ်သက်ပြီး မည်သို့ခံစားရပါသလဲ။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ပြောကြားပေးစေလိုပါတယ်။

Buryatia ပြည်နယ်

ပြည်နယ်အကြီးအကဲ။ ။ မြန်မာနိုင်ငံကနေသုံးကြိမ်လာတယ်ဆိုတော့ ကျွန်တော်အရမ်းကို ဂုဏ်ယူဝမ်းမြောက်မှုဖြစ်ပါတယ်။ သုံးကြိမ်လာတယ်ဆိုတာက ကျွန်တော်တို့ပြည်နယ်ကို ဘယ်လောက်အထိ ချစ်တယ်ဆိုတာကို ပြယုဂ်ဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်နယ်နဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေလည်း အများကြီးအကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့မကြာမီနှစ်အတွင်းက ကျွန်တော်တို့ Rapid Bio ဆေးဝါးကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ဆေးဝါးနည်းပညာနဲ့ပတ်သက်ပြီး ပစ္စည်းတင်သွင်းဖို့အတွက် Register တွေ လုပ်နေတာလည်းရှိပါတယ်။ ကျွန်တော်တို့ Ulan-Ude က ထုတ်ထားတဲ့၊ ရဟတ်ယာဉ်စက်ရုံကနေပြီးတော့ ထုတ်ထားတဲ့ရဟတ်ယာဉ်တွေကလည်း မြန်မာနိုင်ငံမှာ အခုဆို နှစ်အကြာကြီးအထိ အသုံးပြုနေတာတွေရှိပါတယ်။ လက်ရှိအချိန်မှာလည်း အသုံးပြုနေသလို အနာဂတ်မှာလည်း ရဟတ်ယာဉ်နဲ့ပတ်သက်ပြီးတော့ ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေ အများကြီးလုပ်ဖို့အတွက် စီစဉ်ထားတာရှိပါတယ်။ ဒီနေ့မှာဆိုရင်လည်း TMH Holding ကုမ္ပဏီကနေပြီးတော့ သူတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေကို သူတို့လုပ်ဆောင်တဲ့ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြသွားတာရှိပါတယ်။ လာမယ့်အနာဂတ်မှာလည်း မြန်မာနိုင်ငံနဲ့ပူးပေါင်းပြီးတော့ ဒီနယ်ပယ်နဲ့ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့အတွက်လည်း ဆွေးနွေးဖို့အတွက် စီစဉ်ထားတာတွေလည်းရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီပညာရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ရှိရင်တော့ မြန်မာနိုင်ငံကနေပြီးတော့ ရုရှားဘာသာစကားပညာသင်ကြားတဲ့ ဆရာတွေအနေနဲ့ ထပ်ဆင့်သင်တန်းတွေပေးဖို့၊ အဆင့်မြင့်သင်တန်းတွေပေးဖို့အတွက်ကို Buryatia မှာ သင်ပေးနိုင်သလို၊ ကျွန်တော်တို့ Buryatia မှာရှိတဲ့ တက္ကသိုလ်မှာလည်း မြန်မာဘာသာစကားကို သင်ကြားဖို့အတွက် မြန်မာဘာသာစကားဌာနဖွင့်ဖို့အထိလည်း ရည်ရွယ်ပြီးတော့ ဆောင်ရွက်နေတာရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့ မြန်မာနိုင်ငံကလာတဲ့ အထူးဧည့်သည်တော်တွေကို ရေကန်ကိုလိုက်လံပြသပေးပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကလည်း ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံကို Delegation သွားရောက်ခဲ့တာရှိပါတယ်။ သွားရောက်ခဲ့တဲ့အချိန်မှာလည်း မြန်မာနိုင်ငံကနေပြီးတော့ ကျွန်တော်တို့ကို လှိုက်လှဲစွာကြိုဆိုခဲ့တာတွေလည်းရှိပါတယ်။ ကျွန်တော်အနေနဲ့ ဒီကနေ ပြောကြားလိုတာကတော့ မြန်မာနိုင်ငံက သာယာလှပတဲ့ အလှတရားတွေ၊ ယဉ်ကျေးမှုတွေကို ကျွန်တော်တင်မကဘဲနဲ့ Delegation အဖွဲ့ဝင် အားလုံးက ခံစားခဲ့ရတာတွေရှိပါတယ်။ ဒါကြောင့်မို့လို့ နှစ်နိုင်ငံအပြန်အလှန် ကျွန်တော်တို့ Tourism အခန်းကဏ္ဍကို မြှင့်တင်ဖို့အတွက်လည်း ကျွန်တော်တို့ လျာထားစီစဉ်ထားတာရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ။ ခင်ဗျားတို့ မီဒီယာအဖွဲ့တွေလည်း မြန်မာနိုင်ငံမှာလာပြီး လေ့လာဖို့အတွက် ကျွန်တော်ဖိတ်ပါတယ်။ မြန်မာပြည်ရဲ့ အခြေအနေတွေအားလုံးကို ခင်ဗျားတို့ ပြည်နယ်အကြီးအကဲကတော့ အကြမ်းဖျင်းရှင်းပြတာပေါ့။ ခင်ဗျားတို့လာတဲ့အခါကျရင် ဒီထက်ပိုပြီးထိတွေ့မှုခံစားမှုပိုပြီး ကောင်းပါလိမ့်မယ်။ ကျွန်တော်မကြာခင်မှာ ခင်ဗျားတို့မျက်နှာလေးတွေ မြန်မာနိုင်ငံမှာတွေ့ရမယ်လို့ ယုံကြည်ပါတယ်။

30.06.2025
Ulan-Udeမြို့သို့ ရောက်ရှိ , Ulan-Udeမြို့သို့ ရောက်ရှိ , Ulan-Udeမြို့သို့ ရောက်ရှိ , Ulan-Udeမြို့သို့ ရောက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်၊ Ulan-Udeမြို့သို့ ရောက်ရှိ

06/30/2025 

ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (EEF 2025)သို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ် ပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ၏ ဖိတ်ကြားချက်အရ  ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်၊ Ulan-Ude မြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်းသိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား မင့်စ်မြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko နှင့် နိုင်ငံခြားရေးဝန်ကြီး ဘယ်လာရုစ် သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဌာန (၁)  Mr. Lukashevich Sergey Vladimirovichı ဘယ်လာရုစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ဦးဆောင်သည့် မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် Buryatia ပြည်နယ်၊ Ulan-Ude မြို့၊ Baikal အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich နှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ရိုးရာဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ 

30.06.2025
ညစာစားပွဲ , ညစာစားပွဲ , ညစာစားပွဲ , ညစာစားပွဲ , ညစာစားပွဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

  06/30/2025 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov က ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ညစာစားပွဲနေရာသို့ ရောက်ရှိကြရာ Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ညစာစားပွဲကို စတင်ကျင်းပပြုလုပ်ရာ Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲက နှုတ်ခွန်းဆက်စကားပြောကြားရာ၌ အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား Buryatia ပြည်နယ်မှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် နေရာဒေသချင်း အလှမ်းကွာဝေးသော်လည်း ရင်ဘတ်ချင်းနီးကြပါကြောင်း၊ ကိုးကွယ်ရာ ဘာသာတရားချင်းလည်း တူညီမှုရှိကြပြီး အခြေခံဘာသာတရား တူညီနီးစပ်မှုမှ အစပြု၍ လူမှုရေး၊ စီးပွားရေးဆိုင်ရာတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မိမိတို့ Buryatia ပြည်နယ်သို့ လာရောက်မှုအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြန်လည်ပြောကြားရာတွင် မိမိအနေဖြင့် Buryatia ပြည်နယ်သို့ တတိယအကြိမ်မြောက် ရောက်ရှိခြင်းဖြစ်ပြီး သာယာလှပသည့် Buryatia ပြည်နယ်သို့ ရောက်ရှိသည့်အချိန်တိုင်း စိတ်ချမ်းသာမိပါကြောင်း၊ ဗုဒ္ဓဘာသာကို အများစုကိုးကွယ်သည့် ပြည်နယ်ဖြစ်ပြီး မိမိတို့နိုင်ငံနှင့် စိတ်သဘောထားချင်း ပိုမိုတိုက်ဆိုင်မှုရှိကြောင်း၊ ဘာသာရေးဆိုင်ရာ ကူးလူးဆက်ဆံဆောင်ရွက်မှုအနေဖြင့် ၂၀၁၅ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါးရှိပြီဖြစ်ကြောင်း။

ဘာသာရေးဆိုင်ရာဆက်ဆံဆောင်ရွက်မှုများအပြင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ၊ စက်မှုနည်းပညာဆိုင်ရာနှင့် အခြားနယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိပြီး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဆွေတော်တို့ Buryatia ပြည်နယ်အပါအဝင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်အတူ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေးအစရှိသည့် နယ်ပယ်ကဏ္ဍအသီးသီးတွင် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆွေတော် Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး ကျန်းမာချမ်းသာ၍ အဆင်ပြေချောမွေ့ပါစေကြောင်းကို ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲနှင့် တာဝန်ရှိသူများနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း Buryatiaပြည်နယ်၊ အမျိုးသားကဇာတ်ရုံမှ ရိုးရာအကအလှအဖွဲ့များက တေးသံသာများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

30.06.2025