
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနေ့ ၂၀၂၅ (MSME Day 2025) အခမ်းအနား ကျင်းပ
06/28/2025
သေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနေ့ ၂၀၂၅ (MSME Day 2025) အခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာနရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဒေသဆိုင်ရာ MSME အေဂျင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက Virtual ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက MSME များသည် ကမ္ဘာ့စီးပွားရေး၏ ကျောရိုးဖြစ်သကဲ့သို့ ဆင်းရဲမှုလျှော့ချရေးနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ အောင်မြင်ရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် MSME များဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုတွင် ၆၀ မှ ၇၀ ရာခိုင်နှုန်းထိရှိကြောင်း၊ ယနေ့ခေတ်ကာလတွင် MSME များအနေဖြင့် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် စီးပွားရေးပတ်ဝန်းကျင်တွင် ရှင်သန်ရပ်တည်နိုင်ရန်အတွက် ဒစ်ဂျစ်တယ်စနစ်ကို မဖြစ်မနေအသုံးပြုရန်လိုအပ်ကြောင်း၊ ဒစ်ဂျစ်တယ်စနစ်သည် လုပ်ငန်းဆောင်ရွက်မှုစွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊ ပြည်တွင်း၊ ပြည်ပဈေးကွက်ချဲ့ထွင်နိုင်ခြင်း၊ ဖောက်သည်ဝန်ဆောင်မှု ပိုမိုကောင်းမွန်လာခြင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းတိုးမြှင့်ပေးခြင်းအစရှိသည့် အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ကြောင်း။
ထို့အတူ ဘဏ္ဍာရေးအထောက်အပံ့၊ စျေးကွက်ရှာဖွေရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အစပြုလုပ်ငန်းများ ပေါ်ထွန်းလာရေးတို့သည် MSME များ ရေရှည်တည်တံ့စွာဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးသည့်ကဏ္ဍများပင်ဖြစ်ကြောင်း၊ MSME များသည် ရင်းနှီးမြှုပ်နှံမှုအတွက် အရင်းအနှီးလိုအပ်ချက်အမြဲရှိနေခြင်းကြောင့် ချေးငွေများ၊ အာမခံများ၊ အသေးစားချေးငွေစနစ်များနှင့် အခြားသောဘဏ္ဍာရေး ဝန်ဆောင်မှုများကို လွယ်ကူချောမွေ့စွာရရှိနိုင်ရေး ပံ့ပိုးကူညီပေးနိုင်ရန် အရေးကြီးကြောင်း၊ ဘဏ္ဍာရေး အထောက်အပံ့ ကောင်းမွန်မှသာ လုပ်ငန်းများတိုးချဲ့နိုင်မည်ဖြစ်ပြီး စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ခေတ်ကာလ၏ ပြိုင်ဆိုင်မှုပြင်းထန်သည့် ဈေးကွက်တွင် MSME များ အောင်မြင်နိုင်ရန်အတွက် ထိရောက်သည့်စျေးကွက်ရှာဖွေရေးနည်းဗျူဟာများလည်း လိုအပ်ကြောင်း၊ ဒစ်ဂျစ်တယ် စျေးကွက်ရှာဖွေရေး၊ လူမှုမီဒီယာစျေးကွက်ရှာဖွေရေး၊ ကုန်စည်ပြပွဲများတွင် ပါဝင်ပြသခြင်းနှင့် ကွန်ရက်တည်ဆောက်ခြင်း စသည်တို့သည်လည်း MSMEများ အတွက်အရေးကြီးသည့် စျေးကွက်ရှာဖွေရေး နည်းလမ်းများဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့်လည်း ယခုလေးနှစ်တာကာလအတွင်း MSME များ တိုးတက်အောင်မြင်စေရေး အထူးအားပေးဆောင်ရွက်ပေးလျက်ရှိသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းတစ်ခုချင်းစီအလိုက် တိုးတက်အောင်မြင်စေရေး ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ ယနေ့အထိမ်းအမှတ်အခမ်းအနားမှတစ်ဆင့် MSME များ၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုမြှင့်တင်ပေးပြီး အစိုးရ၊ ပုဂ္ဂလိက၊ အဖွဲ့အစည်းများနှင့် MSME လုပ်ငန်းရှင်များအားလုံး ပူးပေါင်းပါဝင်ခြင်းဖြင့် နိုင်ငံ၏စီးပွားရေး စဉ်ဆက်မပြတ်တိုးတက်စေပြီး သာယာဝပြောသည့် အနာဂတ်ကို တည်ဆောက်နိုင်မည်ဟုယုံကြည်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲ Video Clip ပြသပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်) မှ MSME ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် MSME ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ဥက္ကဋ္ဌ၊ MSME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌနှင့် MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌတို့က လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြပြီး တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)ရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများက MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစာတမ်းများကိုဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။



ငလျင်ဘေးအန္တရာယ်အသိပညာပေး ဟောပြောခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ
06/27/2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို (၂၅-၆-၂၀၂၅)ရက်နေ့၌ အ.ထ.က ကျွန်းလှခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ငလျင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအသိပညာပေး ဟောပြောခြင်း၊ ကျွန်းလှမြို့နယ် မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးအန္တရာယ်အသိပညာပေး ဟောပြောဆောင်ရွက်ခြင်း၊ စာသင်ကြားနေစဉ်အတွင်း ရုတ်တရက် ငလျင်ဘေးအန္တရာယ်ကြုံတွေ့ပါက ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများမှ ဘေးအန္တရာယ်မှ လွတ်ကင်းအောင် ဘေးကင်းရာနေရာ သို့ ပြောင်းရွှေ့ခြင်းအား သရုပ်ပြသခြင်း၊ ငလျင်လှုပ်ပြီး အဆောက်ဦးတွင်း ပိတ်မိနေသောလူများအား မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းဖွဲ့ဝင်များမှ ကူညီကယ်ဆယ် သရုပ်ပြသခြင်း၊ ငလျင်လှုပ်ခြင်းကြောင့် အဆောက်အဦးမီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များမှ သရုပ်ပြမီးငြိမ်းသတ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ အခမ်းအနားသို့ မြို့နယ် စီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများနှင့်အထက ကျွန်းလှမှ ကျောင်းဆရာ၊ ဆရာမများ ဇာတ်တိုက်လေ့ကျင့်ရာတွင် ပါဝင်ဆောင်ရွက်ပေးသည့် Grade-10 မှ ကျောင်းသား/ ကျောင်းသူများစသည်ဖြင့် အင်အား(၂၀၀) တက်ရောက်ခဲ့ကြောင်း သိရသည်။


First Aid Focal Person Review Meeting & Risk Awareness and safer Behaviors Training ပြုလုပ်လျက်ရှိ
06/27/2025
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်း၍ First Aid Focal Person Review Meeting & Risk Awareness and safer Behaviors Training ကို ဇွန်လ(၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ ရန်ကုန်မြို့ရှိ Rose Garden Hotel တွင်ပြုလုပ်လျက်ရှိသည်။
ဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၂၅)ရက်နေ့က ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌနှင့်အတူ အလုပ်အမှုဆောင်များ၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့မှ တာဝန်ရှိ သူများ၊ အစည်းအဝေးနှင့် သင်တန်းတက်ရောက်မည့်သူများ တက်ရောက်ခဲ့ကြသည်။
(၃)ရက်တာပြုလုပ်သည့် အဆိုပါ အစည်းအဝေးနှင့် သင်တန်းသို့ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကြက်ခြေနီ တပ်ဖွဲ့မှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ First Aid Focal Person များ စုစုပေါင်း(၃၁)ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။

TTTC (ဘယ်လင်း)တွင် အိန္ဒိယQuick Impact Projectဖြင့် Tar-Free and Dry Type Gasifierသုတေသနနှင့်EV နည်းပညာရှင်များ မွေးထုတ်ဆောင်ရွက်
06/27/2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇွန် ၂၂ ရက် မွန်းလွဲပိုင်းက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင် ကောလိပ် (TTTC ဘယ်လင်း) EV အလုပ်ရုံကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်သူများ EV သုံးစွဲမှုများ သိသာစွာမြင့်တက်လာသဖြင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် နည်းပညာရှင်များ လိုအပ်ချက်ရှိလာသဖြင့် ယင်းကို EV သင်တန်းများဖြင့် ဖြည့်ဆည်းပေးနိုင်ရန်ဆောင်ရွက်လျက်ရှိပြီး EV သုံးစွဲသည့် ပြည်သူများ အမှန်တကယ် အားထားရသော နည်းပညာရှင်များ ဖြစ်စေရေးအတွက် အာရုံစူးစိုက်မှုအပြည့်ဖြင့် ကြိုးပမ်းလေ့ကျင့်ကြရန်လိုအပ်ကြောင်း မှာကြားခဲ့သည်။ ထို့နောက် စက်မှုအင်ဂျင်နီယာဌာန အလုပ်ရုံသို့သွားရောက်၍ အိန္ဒိယသမ္မတနိုင်ငံ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် Quick Impact Project အထောက်အပံ့ဖြင့် ဆောင်ရွက်သော Tar-Free and Dry Type Gasifier သုတေသနလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စပါးခွံလောင်စာနှင့် စွန့်ပစ်ပလတ်စတစ်လောင်စာများမှ လျှပ်စစ်ဓာတ်အား ထုတ်ယူသောစနစ်များ အသုံးပြုဆောင်ရွက်ရန်ရှိရာ စပါးခွံများနှင့် ပလတ်စတစ်များ စွန့်ပစ်မှုကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကို လျှော့ချနိုင်ကြောင်း၊ Gasifier သုံးစွဲသည့်ပြည်သူများ၏ ကျန်းမာရေးနှင့်သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုး သက်ရောက်မှုဖြစ်စေသည့် အက်စစ်ဓာတ်၊ အဆိပ်ရှိသောရေနှင့် ကတ္တရာစေး စသော Gasification ဖြစ်စဉ်မှ ဘေးထွက်ပစ္စည်းများကို ဖယ်ရှားနိုင်သောစနစ်ဖြစ်သဖြင့် ရရှိသည့် ဓာတ်ငွေ့၊ စက်သုံးဆီ တို့ကို စနစ်တကျဓာတ်ခွဲစမ်းသပ်ရန်နှင့် မျှော်မှန်းသုတေသနရလဒ်များ ရရှိသည်အထိ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန်၊ ပြည်သူ့ဝန်ဆောင်မှုများပေးနေသည့် ဆန်စက်များနှင့် MSMEs များတွင်ပါ ဤစနစ်ကို အကျိုးရှိရှိ အသုံးချနိုင်ရေးလိုအပ်သည့် ဒီဇိုင်းတွက်ချက်မှုများကို ဆောင်ရွက်ရန်၊ သုတေသနရလဒ်များမှ နည်းပညာများကို ပြင်ပပုဂ္ဂလိက လုပ်ငန်းရှင်များက အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် နည်းပညာလွှဲပြောင်းမှုများ စနစ်တကျဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရှိရသည်။