Sri Lanka Expo

Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်

06/26/2025

သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့်စွန့်ဦးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Export Development Bord – EDB) တို့ ပူးပေါင်း၍ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ Bandaranaike Memorial International Conference Hall (BMICH) ၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ “Sri Lanka EXPO 2026” ကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါပြပွဲသည် သီရိလင်္ကာနိုင်ငံ၏ ကျယ်ပြန့်သော ပို့ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများကို ပြသရန်၊ အထူးသဖြင့် အပြန်အလှန်ကုန်သွယ်မှုများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခွင့်အရေးများကို မြှင့်တင်ရန် ရည်ရွယ်၍ ပြပွဲကို ကျင်းပခြင်းဖြစ်သည်။ “Sri Lanka EXPO 2026” ပြပွဲနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြပွဲဆိုင်ရာအချက်အလက်အသေးစိတ်ကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၃၊ email: event.td.myantrade@gmail.com သို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း သိရှိရသည်။ 

26.06.2025
ကော့သောင်း , ကော့သောင်း

ခရီးသွားလုပ်ငန်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိစေမည့် ကော့သောင်းမြို့

06/26/2025

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၅)ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့တွင် ကျင်းပခဲ့သည်။

အစည်းအဝေး၌ ပင်လယ်ပြင်ခရီးသွားလုပ်ငန်းဖြစ်သော ကော့သောင်းမြို့တွင်နိုင်ငံခြားရွက်လှေ (၅၉)ကြိမ်၊ ခရီးသွားဦးရေ (၆၀၀)ကျော် ဝင်ရောက် လည်ပတ်ခဲ့ကြောင်း၊ နေ့ချင်းပြန်ခရီးသွားအနေဖြင့် (၃၈၄)ကြိမ်၊ နိုင်ငံခြားခရီးသွား ဧည့်သည် (၅,၆၈၆)ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း၊ ကျွန်းစခန်းများတွင် ကျားဖြန့်ဂိုဏ်းများ မဝင်ရောက်နိုင်ရေး Call Center များဖြင့် သေချာစွာစနစ်တကျ စိစစ်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် မကြာခင်ကာလအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ကော့သောင်းမြို့သည် မြန်မာနိုင်ငံ၏တောင်ဘက် အစွန်ဆုံးမြို့တစ်မြို့ဖြစ်ပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် တည်ရှိသည်။ ထိုင်းအခေါ်အဝေါ်အရ ဗောနင်းကျွန်းနှင့် ဗောင်ဝါးကျွန်းနှစ်ကျွန်းကို အစွဲပြုကာ ကော့စွန်းဟု ခေါ်တွင်ရာမှ ကော့သောင်းမြို့ဟု အမည်တွင်ခဲ့သည်။ ကော့သောင်းမြို့သည် ရန်ကုန်မြို့မှ (၈၀၀) ကီလိုမီတာတွင် တည်ရှိပြီး၊ ထိုင်းနိုင်ငံနယ်စပ် ရနောင်းမြို့အနီးတွင် တည်ရှိသည်။

ကော့သောင်းမြို့သည် နယ်စပ်မြို့ ဖြစ်သည့်အားလျော်စွာ အချို့နိုင်ငံခြားသားခရီးသည်များသည် ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လည်ပတ်ကြပြီး ကျွန်းများဆီသို့ ခရီးနှင်ကြသူ ပိုမိုများပြားလှသည်။

ကော့သောင်းမြို့မှ လှမ်းကြည့်လျှင်တစ်ဖက် ထိုင်းနိုင်ငံ ရနောင်းမြို့နှင့် နာမည်ကျော် သူဌေးကျွန်းကို တွေ့မြင်နိုင်သည်။

26.06.2025
ရုရှားနိုင်ငံတကာဖိုရမ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ

06/26/2025 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ဇွန် ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပ ပြုလုပ်သည့် (၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (28th St. Petersburg International Economic Forum - SPIEF-2025) သို့ တက်ရောက်ခဲ့သည်။ 

စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်ကို ၁၉၉၇ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ပြီး ၂၀၀၆ ခုနှစ်မှစတင်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ ကမကထပြုမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ နိုင်ငံတကာစီးပွားရေးအဖွဲ့အစည်းများအကြား ဆွေးနွေးဆက်သွယ်ဆောင်ရွက်နိုင်သည့် ကမ္ဘာလုံးဆိုင်ရာ ပလက်ဖောင်းတစ်ခုအဖြစ် ဦးဆောင်ကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ယခုနှစ်ကျင်းပသည့်ဆောင်ပုဒ်မှာ “ဗဟုဝင်ရိုးကမ္ဘာကြီးထွားရေး အခြေခံတည်ဆောက်ဖို့ ပူးပေါင်းမျှဝေကြပါစို့” (Shared Values: The Foundation of Growth in a Multipolar World) ဖြစ်ပြီး အဓိကအားဖြင့် နိုင်ငံများ၏ အချုပ်အခြာ အာဏာ၊ အပြန်အလှန်လေးစားမှု၊ လူ့အဖွဲ့အစည်း၏ စံတန်ဖိုးများနှင့်အညီ အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းမှု၊ တန်းတူညီမျှမှုကိုအခြေခံ၍ ဖိုရမ်ကိုကျင်းပဆောင်ရွက်ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်၍ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာထမ်းများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၈ ရက် နံနက်ပိုင်း တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး H.E. Mr. Maksim Reshetnikov ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ရုရှားနိုင်ငံသမ္မတ၏ အကြံပေး၊ ရုရှားရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေဥက္ကဋ္ဌ Mr. Anton Kobyakov ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း တွေ့ဆုံ၍ ရုရှား-မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်မရှင်အစည်းအဝေးဆုံးဖြတ်ချက်များအရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ မြန်မာ-ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ရုရှားနိုင်ငံက အရှေ့တောင်အာရှနိုင်ငံများသို့ ကုန်သွယ်မှုမြှင့်တင်ရန်အတွက် နိုင်ငံတကာသယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ် တိုးချဲ့ဖော်ဆောင်ရေး စားပွဲဝိုင်းဆွေးနွေးပွဲသို့ ရုရှားနိုင်ငံသမ္မတ၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆိုင်ရာ အကြံပေး Mr. Igor Levitin အပါအဝင် နိုင်ငံတကာမှဝန်ကြီးများ၊ ကျွမ်းကျင်သူများနှင့်အတူ ပါဝင်တက်ရောက်ဆွေးနွေးသည်။ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် ရုရှားနိုင်ငံ၏ မျှော်တွေးချက်သည် လက်ရှိကမ္ဘာ့ရေးရာအခြေအနေများနှင့် ညီညွတ်မှုရှိကြောင်း၊ ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ဒေသတွင်းဆိပ်ကမ်းများသို့ ရေယာဉ်လွှဲပြောင်းပို့ဆောင်ခြင်း (Transshipment) ဖြင့် ရုရှားကုန်စည်များကို ဆက်လက်သယ်ယူပို့ဆောင်နိုင်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသို့ မော်တော်ကား၊ မီးရထားများဖြင့်လည်း ပို့ဆောင်ပေးနိုင်ကြောင်း၊ ကုန်သွယ်မှုတိုးချဲ့ရန် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ် တိုးချဲ့ဖော်ဆောင်မှုသည် ရင်းနှီးမြှုပ်နှံမှု၊ ခေတ်မီနည်းပညာနှင့် ဆန်းသစ်သောထောက်ပံ့ပို့ဆောင်ရေးစနစ်များလိုအပ်သဖြင့် မြန်မာနိုင်ငံ၏ဆိပ်ကမ်းလုပ်ငန်းများ၊ ရထားပို့ဆောင်ရေးလုပ်ငန်းများအပါအဝင် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး စီမံကိန်းများတွင် ပါဝင်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း ဆွေးနွေးခဲ့သည်။

စားပွဲဝိုင်းဆွေးနွေးပွဲအပြီး၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ၏ ပို့ဆောင်ရေးနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Igor Levitin ခေါင်းဆောင်သောအဖွဲ့နှင့် ဆက်လက် တွေ့ဆုံ၍ ရုရှားနိုင်ငံ၏ ကုန်သွယ်ရေးလမ်းကြောင်းသစ် တိုးချဲ့ရေး၊ မြန်မာနိုင်ငံ၏ ပို့ဆောင်ရေး အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားအလားအလာရှိသောကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် Mr.Shatriov Sergey Vladimirovich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပြီး ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့သည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၀ ရက် နံနက်ပိုင်းတွင် စိန့်ပီတာစဘတ်မြို့၊ ExpoForum Convention and Exhibition Center ၌ကျင်းပသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Maksim Reshetnikov တို့ လက်မှတ်ရေးထိုးသည့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ ပါဝင်တက်ရောက်သည်။ အဆိုပါ သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုအခြေအနေကောင်းများကို ဖန်တီးပေးနိုင်ပြီး အပြန်အလှန်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မြှင့်တင်နိုင်မည်ဖြစ်ကာ ဥပဒေအရလည်း အကာအကွယ်ပေးသွားနိုင်မည်ဖြစ်သည်။

ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ Mr.Ivan Viktorovich Polyakov နှင့်တွေ့ဆုံ၍ ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအပါအဝင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများသည် (၂၈) ကြိမ် မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ပင်မအခမ်အနားဖြစ်သည့် မျက်နှာစုံညီအစည်းအဝေး (Main Forum- Plenary Session) သို့ ပါဝင် တက်ရောက်သည်။ အဆိုပါအစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်မှ မိန့်ခွန်းပြောကြားကာ နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ပင်မဆွေးနွေးမှုများကိုဦးဆောင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသမ္မတ H.E. Mr.Prabowo Subianto၊ တောင်အာဖရိကနိုင်ငံ ဒုတိယသမ္မတ H.E. Mr.Paul Mashatile၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Ding Xuexiang၊ ဘာရိန်းစစ်ဦးစီးချုပ် H.E. Mr.Nasser Bin Hamad Al Khalifa တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း ဇွန် ၁၈ ရက် နံနက်ပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် အာဆီယံနှင့် ဥရောပအာရှ စီးပွားရေးသမဂ္ဂတို့အကြား စီးပွားရေးဆိုင်ရာဆွေးနွေးမှုအစီအစဉ်သို့ ပါဝင်တက်ရောက် ဆွေးနွေးခဲ့သည်။ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့သည် မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင်တို့အကြားကျင်းပသည့် ဒုတိယအကြိမ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးသို့တက်ရောက်ပြီး ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ထို့အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေတို့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ တာတာစတန်ဒေသ (Republic of Tataistan) ကာဇန်မြို့ရှိ Alabuga Special Economic Zone မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရေး၊ စက်မှုလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် မြန်မာလုပ်သားများကို ခေါ်ယူရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

ဇွန် ၁၉ ရက်ကလည်း အဖွဲ့ဝင်အဖြစ်ပါရှိသည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ရုရှားနိုင်ငံမှ ရုပ်သံမီဒီယာများနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံ၏ စိတ်ဝင်စားဖွယ် ယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝအလှအပများ၊ ခရီးသွားဆွဲဆောင်မှုများ၊ ရိုးရာဒေသအစားအစာများနှင့် ရုရှားခရီးသွားများအတွက် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ယခုနှစ်ကျင်းပသည့် (၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၄၄ နိုင်ငံမှအကြီးအကဲများ၊ အစိုးရအရာထမ်းများ၊ နိုင်ငံတကာစီးပွားရေးအဖွဲ့အစည်း ၃၈၀ မှ ဆွေးနွေးပြောကြားသူ ၁၀၀၀ ကျော်အပါအဝင် စုစုပေါင်း ၂၁၈၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ဖိုရမ်ကာလအတွင်း စီးပွားရေးစာချုပ်ပေါင်း ၁၀၇၃ ခု ချုပ်ဆိုခဲ့ကြကြောင်းနှင့် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သိရှိရသည်။

26.06.2025
ရွေးကောက်ပွဲကော်မရှင်နှင့်သတင်းမီဒီယာအစည်းအဝေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ တွေ့ဆုံဆွေးနွေး

06/26/2025 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနားကို ဇွန်လ ၂၄ ရက်၊ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ပူးပေါင်းပြီး ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲနှောင်းပိုင်းကာလ ကာလသုံးပိုင်းလုံး၌ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက်များ၊ ပြည်သူလူထုကို အသိပေးရမည့်အကြောင်းအရာများကို အသိပေးနိုင်ရန်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် မည်သည့်ပါတီကိုမှဘက်မလိုက်ဘဲ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ၊ မှတ်ကျောက်တင်ရသည့် ရွေးကောက်ပွဲဖြစ်အောင် မှန်မှန်ကန်ကန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် သတင်းမီဒီယာများမှတစ်ဆင့် ကော်မရှင်၏ ဆောင်ရွက်ချက်များကို မှန်မှန်ကန်ကန်သိရှိနိုင်အောင် ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ လမ်းညွှန်စာအုပ်နှင့်စပ်လျဉ်း၍ ပြင်ဆင်၊ ဖြည့်စွက်ဆောင်ရွက်လိုသည့်အချက်များကို ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လမ်းညွှန်စာအုပ်ပါ ပြင်ဆင်ရန်လိုအပ်မည့်အချက်များ၊ သတင်းမီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

26.06.2025
ငလျင်ကူညီ , ငလျင်ကူညီ , ငလျင်ကူညီ , ငလျင်ကူညီ

နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ

06/26/2025

နေပြည်တော် ဇွန် ၂၅ 

၂၈-၃-၂၀၂၅ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ငလျင်ဘေးသင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း/ ပြည်ပစေတနာရှင်၊  အလှူရှင်များ၏  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများလှူဒါန်းထောက်ပံ့မှုနှင့်    ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို အပတ်စဉ် သတင်းထုတ်ပြန်ပေးလျက်ရှိရာ ဇွန်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ အခြေအနေကို ၁၀-၆-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ယခုအခါ ဇွန်လ ၁၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရက်သတ္တပတ်နှစ်ပတ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ Singapore Lotus Light Charity Society ၊ Singapore Buddha Dhamma Mandala Society နှင့် Love and Care Charity Group ၊ ထိုင်းနိုင်ငံရောက် စေတနာရှင်များတို့မှ ထပ်မံပေးပို့လှူဒါန်းလာသော မိုးကာတဲ၊ Sleeping Bags ၊ စားသောက်ကုန်၊ လူသုံးကုန်နှင့် အိမ်သုံးပစ္စည်းများကို ဘေးသင့်လူဦးရေအချိုးအစားအပေါ် မူတည်၍ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သို့ ဖြန့်ခွဲပေးပို့ပြီး ဖြစ်ပါသည်။

ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈- ၃-၂၀၂၅ ရက်နေ့မှ ယနေ့အထိ လှူဒါန်းပစ္စည်းများ ဖြန့်ခွဲပေးပို့မှု စုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၆၆ စီး၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၃၃ စီး၊ ရှမ်းပြည်နယ်တောင်ပိုင်းသို့ မော်တော်ယာဉ် ၁၃ စီး၊ မော်တော်ယာဉ် ၁၁၂ စီးဖြင့် စုစုပေါင်းတန်ချိန် ၂၄၃၅ ခန့်ဖြစ်ပါသည်။

နိုင်ငံတကာအလှူရှင်များက ၁၁-၆-၂၀၂၅ ရက်နေ့မှ ၂၃-၆-၂၀၂၅ ရက်နေ့အထိ ရက်သတ္တပတ် နှစ်ပတ်အတွင်း ပေးပို့လှူဒါန်းသည့် ပစ္စည်းများအား ဘေးသင့်ပြည်သူများအတွက် ဖြန့်ခွဲပေးပို့ နိုင်ရေး ဆောင်ရွက်ထားရှိမှုကို ပူးတွဲပါဇယားများဖြင့် ဖော်ပြအပ်ပါသည်။

ထပ်မံလှူဒါန်းလာသည့် ပစ္စည်းများရောက်ရှိမှုနှင့် ငလျင်ဘေးသင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို နှစ်ပတ်လျှင် တစ်ကြိမ်ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းစဉ် 

 

26.06.2025