ရန်ကုန်စတော့အိတ်ချိန်း

မေလ စတော့ ရောင်း/ဝယ်မှု ဧပြီလထက် ကျပ် (၁၅၉)သန်းကျော် ပိုရ

06/25/2025

ပြီးခဲ့သည့်မေလ၏ စတော့ရှယ်ယာအရောင်းအဝယ်တန်ဖိုးသည် ဧပြီလထက် ကျပ် (၁၅၉)သန်းကျော် ပိုခဲ့သည်ဟု ရန်ကုန်စတော့အိတ်ချိန်း၏ အချက် အလက်များအရ သိရသည်။ 

မေလထဲတွင် စတော့ရှယ်ယာအရေအတွက် (၁၇၀,၀၀၀)ကျော်နှင့် အရောင်းအဝယ်တန်ဖိုး ကျပ် သန်းပေါင်း (၆၁၉)သန်းကျော် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ ဧပြီလအတွင်း စတော့ရှယ်ယာ အရေအတွက် (၁၈၀,၀၀၀)ကျော်နှင့် အရောင်းအဝယ်တန်ဖိုး ကျပ်သန်း (၄၆၀)ကျော်သာ အရောင်းအဝယ် ရှိခဲ့ခြင်းဖြစ်ပါသည်။ ရန်ကုန်စတော့အိတ်ချိန်း Main Board အပြင် ဒုတိယဈေးကွက်ဖြစ်သည့် Pre Listing Board တွင် မေလအတွင်း စတော့ရှယ်ယာစောင်ရေ (၄၇၀)ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တန်ဖိုးအနေဖြင့် ကျပ် (၁)သန်းကျော် ရှိသည်။ 

လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း Main Board တွင် အများပိုင်ကုမ္ပဏီ (၈)ခုနှင့် Pre –Listing Board တွင် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် ကုမ္ပဏီတစ်ခုတို့က စတော့ရှယ်ယာများ နေ့စဉ် အရောင်းအဝယ်ဆောင်ရွက်နေခြင်း ဖြစ်သည်။ 

25.06.2025
ကာချုပ် ဘယ်လာရုဇ်သို့သွားရောက်တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

06/25/2025 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (EEF 2025)သို့ တက်ရောက်ရန် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ မကြာမီရက်ပိုင်း အတွင်း တရားဝင်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ 

ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (EEF 2025)သို့ တက်ရောက်ခြင်း၊ EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေး ဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် Eurasian Economic Union – EAEU အဖွဲ့ဝင် နိုင်ငံများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ မှတစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ၏ ဖိတ်ကြားချက်အရ ဘူရားတီးရားပြည်နယ်သို့ သွားရောက်မည်ဖြစ်ပြီး အထင်ကရနေရာများနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာသွားမည်ဖြစ်သည်။ အဆိုပါခရီးစဉ်များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် စစ်ဘက်၊ နယ်ဘက်မှ အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားမည်ဖြစ်ကြောင်း သိရှိရသည်။

25.06.2025
တရားမဝင်ရောက်ရှိလာသည့်ပြည်ပနိုင်ငံသားများလွှဲပြောင်းပေးအပ်

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာသည့် ပြည်ပ နိုင်ငံသား ၂၈ ဦး သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံပြည်နှင်လွှဲပြောင်းပေးအပ်

06/25/2025

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ - ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၂၁ ဦး၊ နီပေါနိုင်ငံသားခုနစ်ဦး၊ စုစုပေါင်း ၂၈ ဦးတို့အား မြန်မာ - ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။  

ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့်တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု၊ စာရင်းဇယား၊ အချက်အလက်များပြည့်စုံမှန်ကန်မှုရှိရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများ ထိုင်းနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးမှ First Secretary Mr. Kumar Bikram Regmi နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံရုံးမှ Attache and Embassy Ms. Musetar C. Moso နှင့် တာဝန် ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှတာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဇွန်လ ၂၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၉၁၈၀ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၉၈၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၉၇ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

25.06.2025
လူကုန်ကူးမှုတားဆီးကာကွယ်ရေး

လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

06/25/2025 

လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့်လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ဇွန် ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ရုံးအမှတ်(၈) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ကျင်းပရာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော လုပ်ငန်းအဖွဲ့မှအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ဦးစွာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်က မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများအား နိုင်ငံအတွင်းသို့ လာရောက်စည်းရုံးကာ အယောင်ပြလက်ထပ်ပြီး ပြည်ပနိုင်ငံများသို့ ခေါ်ထုတ်သည်အထိ အတင့်ရဲလာသော လူကုန်ကူးမှုများကို ဖော်ထုတ်ရရှိနေကြောင်း၊ မြန်မာနိုင်ငံထဲအထိ လက်ထပ်ရန် လာရောက်စည်းရုံးခဲ့သည့် ဖြစ်စဉ်များမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ယနေ့အထိ ၁၄ မှု ရှိပြီဖြစ်ကြောင်း၊ ယခုနှစ်အတွင်း အွန်လိုင်းမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာထုတ်လွှင့်ပြသရန် စည်းရုံးသိမ်းသွင်းခဲ့သည့် ဖြစ်စဉ်များကို ဖော်ထုတ်အရေးယူဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ကျူးလွန်သူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် မက်လုံးပေးလိမ်လည်မှုများအပေါ် ယုံကြည်မှု လွန်ကဲခြင်းကြောင့် လူကုန်ကူးမှု ကျူးလွန်ခြင်းခံနေရသည်ကိုတွေ့ရှိရကြောင်း၊ ကျူးလွန်သူများသည် တိုးတက်လာသည့် နည်းပညာများကိုအခြေခံပြီး ကျူးလွန်ပုံများမှာ စနစ်တကျဂိုဏ်းဖွဲ့ပြီး လမ်းကြောင်းပုံစံသစ်များဖြင့် ပြောင်းလဲကျူးလွန်လာသည့်အတွက် ထိရောက်စွာတားဆီးထိန်းချုပ်သွားရန် နည်းလမ်းများကို ဖော်ထုတ်သွားကြရန်လိုကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ်အတွင်း လူကုန်ကူးမှုဖြင့် ၅၃ မှု အရေးယူဆောင်ရွက်ခဲ့ပြီး ဖြစ်ပွားခဲ့သည့် ဦးတည်နိုင်ငံများမှာ တရုတ်သို့ ၃၄ မှု၊ လာအိုသို့ တစ်မှု၊ ကမ္ဘောဒီးယားသို့ တစ်မှုနှင့် ပြည်တွင်း ၁၇ မှု ဖြစ်ပွားခဲ့ကြောင်း၊ အမှုအမျိုးအစားများမှာ အဓမ္မလက်ထပ်စေခြင်း ၃၅ မှု၊ ပြည့်တန်ဆာအဖြစ် အဓမ္မပြုလုပ်စေခြင်း ကိုးမှု၊ အဓမ္မအလုပ်ခိုင်းစေခြင်း တစ်မှု၊ ကိုယ်ဝန်အငှားဆောင်စေခြင်း တစ်မှုနှင့် အခြားနည်းလမ်းများဖြင့် ကာမဆိုင်ရာကိစ္စ အဓမ္မပြုလုပ်စေခြင်း တစ်မှုတို့ ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန် ၂၀ ရက်အထိ လူကုန်ကူးမှု ၈၀ အရေးယူနိုင်ခဲ့သောကြောင့် ယခင်နှစ်ထက် လူကုန်ကူးမှုများကို တိုးမြှင့်ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်အတွင်း ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြင့် ၂၁၈ မှုနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ မှ ဇွန် ၂၀ ရက်အထိ ၄၂ မှုတို့ အရေးယူဆောင်ရွက်ခဲ့ရာ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နယ်စပ်ဝင်ပေါက်ထွက်ပေါက်များမှ တရားမဝင်သွားမည့်သူများအား တားဆီးအသိပညာပေးဆောင်ရွက်ပြီး နေရပ်ဒေသသို့ ပြန်လည်စေလွှတ်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်တွင် ၄၃၃၇ ဦး နှင့် ၂၀၂၅ ခုနှစ် ဇွန် ၂၀ ရက်အထိ ၄၇၇ ဦးတို့အား အသိပညာပေး တားဆီးပြန်လွှတ်နိုင်ခဲ့ကြောင်း သိရသည်။

ကြိုတင်ကာကွယ်ခြင်းသည် ထိရောက်သောဟန့်တားမှုဖြစ်သည့်အတွက် လူစည်ကားရာနေရာများတွင် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Billboard နှင့် ပိုစတာများ စိုက်ထူခြင်း၊ Talk Show များ ပြုလုပ်ခြင်း၊ ရုပ်မြင်သံကြားမှတစ်ဆင့် အသိပညာပေးဇာတ်လမ်းများ ထုတ်လွှင့်ပြသခြင်း၊ အော်ပရေတာများမှတစ်ဆင့် SMS များ ပေးပို့ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်သွားကြရန်နှင့် အရေးပေါ်တိုင်ကြားနိုင်သည့် Hot Line ဖုန်းများ ထူထောင်ပြီး သတင်းများလက်ခံကာ အချိန်နှင့်တစ်ပြေးညီ စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသည့် လုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များက ၂၀၂၅ ခုနှစ် လုပ်ငန်းစီမံချက်တွင်ပါရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများ၊ စိန်ခေါ်မှုများနှင့် လုပ်ငန်းအခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးခဲ့ကြပြီး အကြံပြုဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ဇော်ဆန်းက ခြုံငုံသုံးသပ်ဆွေးနွေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးက ၂၀၂၅ ခုနှစ် လုပ်ငန်းစီမံချက်တွင်ပါရှိသည့် လုပ်ငန်းဆောင်ရွက်ချက် များနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများ၊ စိန်ခေါ်မှုများနှင့် လုပ်ငန်း အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် အကောင်းဆုံးနည်းလမ်းများကို ဆွေးနွေးချပြခဲ့ကြောင်း သိရသည်။

25.06.2025
MDD

နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားမှုများကို စိစစ်ခွင့်ပြုပေးလျက်ရှိခြင်းနှင့် တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဆက်လက်လျှောက်ထားလျက်ရှိ

06/25/2025 

နေပြည်တော် ဇွန် ၂၄ 

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၂၇ ဖွဲ့ရှိပြီး ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် ဇိုမီးအမျိုးသားပါတီ (Zomi National Party) နှင့် ပအိုဝ်းအမျိုးသားညီညွတ်ရေး ပါတီတို့သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်များကို ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

ပါတီတည်ထောင်ခွင့်ရရှိသော ဇိုမီးအမျိုးသားပါတီ (Zomi National Party) နှင့် ပအိုဝ်း အမျိုးသားညီညွတ်ရေးပါတီတို့သည် ခွင့်ပြုချက်ရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည်ဖြစ်သည်။ ယနေ့အထိ နိုင်ငံရေးပါတီ ၁၉ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်သည်။

အဆိုပါ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၉ ပါတီအနက် ဦးဘရှိန်ခေါင်းဆောင်သည့် ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party) က ပါတီတည်ထောင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ ယနေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာသည်။

ယင်းသို့ မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၇ ပါတီအနက် ပါတီ ၁၄ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

25.06.2025