
တရားမဝင် သစ်မျိုးစုံ၊ မီးသွေး၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် တရားမဝင် ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
06/23/2025
နေပြည်တော် ဇွန် ၂၂
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တံတားဦးမြို့နယ် ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၃၅/၅ နှင့် ၃၃၅/၆ အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်မီးသွေး ၁၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀)နှင့် အဆိုပါမီးသွေးများ တင်ဆောင်လာသည့် Isuzu Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၂၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇွန် ၂၁ ရက်တွင် ဘုရားကြီးမြို့နယ် ရွှေသံလွင်တိုးဂိတ်အနီး၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၈၀၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Amandla Mini Bus တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ဇွန် ၂၂ ရက်တွင် တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၆၉၆ တန်၊ အခြားသစ် ၀ ဒသမ ၈၈၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၉၃၆၄) ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၁၉၉၃၆၄ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇွန် ၂၁ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ်ရှစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၆၈ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ် ဇွန် ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၀ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၇၄၄၉၃၆၄)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှု၊ ငွေကြေးမတည်ငြိမ်မှုများနှင့် နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေပြီး စားသုံးသူပြည်သူများအတွက်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက် ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှသိရသည်။
သတင်းစဉ်

တာချီလိတ်မြို့နယ်၌ ငွေကျပ် ၂၁၁၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
06/23/2025
နေပြည်တော် ဇွန် ၂၂
တာချီလိတ်မြို့နယ်၌ ငွေကျပ် ၂၁၁၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်အဖွဲ့ သည် ယမန်နေ့နံနက်ပိုင်းက သတင်းအရ တာချီလိတ်မြို့နယ်ဖန်မင်ကျေးရွာအုပ်စု မယ်ယန်းကျေးရွာရှိ ဒေါ်နန်းဝိုးခမ်း၏ အိမ်ငှားတိုက်ခန်းအား ဝင်ရောက်ရှာဖွေရာ အခန်းအမှတ်(၆)တွင် စိုင်းယီ(ခ)ကျိုင်းယီ၊ အိုက်လွှ၊ စိုင်းဆိုင်နှင့်စိုင်းခေးခမ်းတို့ လေးဦးနှင့်အတူ အက်တက်စီဆေးပြား ၅၀၆၀ (တစ်ပြားလျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၀၂၄ သိန်း)၊ ကက်တမင်း ၀ ဒသမ ၅၅ ကီလို(တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုး ငွေကျပ် ၅၅ သိန်း)၊ ERIMIN 5 ဆေးပြား ၇၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၃၅ သိန်း) နှင့် စိတ်ပြောင်းဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော အပြာရောင် မွှေစက်တစ်လုံးနှင့်ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိသဖြင့် စိုင်းယီ(ခ)ကျိုင်းယီ(၂၅)နှစ်၊ အိုက်လွှ(၂၈)နှစ်၊ စိုင်းဆိုင်(၂၇)နှစ်နှင့် စိုင်းခေးခမ်း (၂၄)နှစ်တို့လေးဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။
ထို့အတူ မြောက်ဥက္ကလာပ မြို့နယ်ရွှေပေါက်ကံမြို့သစ် (၁၂)ရပ်ကွက်ခွဲ အောင်ဖြိုးဝေလမ်းနေ ပွင့်ဦး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၃၈ သိန်း) ဖမ်းဆီးရမိသဖြင့် ပွင့်ဦး(၅၇) နှစ်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသည့် ပညာရေးဝန်ကြီးများ၏ အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်
နေပြည်တော် ဇွန် ၁၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ဇွန် ၁၁ ရက်မှ ၁၂ ရက်အထိ “Shaping the Future” ကမ္ဘာကြီး၏ အနာဂတ်ကို ပညာရေးဖြင့်ပုံဖော်ခြင်းဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် ပညာရေးဝန်ကြီးများ၏ အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် ကာဇန်မြို့၌ ရောက်ရှိနေသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပညာရေးဝန်ကြီး Sergey Kravtsov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် IT Park အဆောက်အအုံရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံကာ နှစ်နိုင်ငံပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲ အပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် သတင်းထောက်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး IT Park အဆောက်အအုံ၌ ဖွင့်လှစ်ထားရှိသည့် ကလေးငယ်များအား ဒစ်ဂျစ်တယ်နည်းပညာ အသုံးချလက်တွေ့လေ့ကျင့်သင်ကြားပေးလျက်ရှိသော သင်တန်းခန်းမများသို့ သွားရောက်လေ့လာခဲ့သည်။
ဇွန် ၁၁ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါအဆောက်အအုံအတွင်း ခင်းကျင်း ပြသထားသည့် ရုရှားနိုင်ငံ၏ ပညာရေးဆိုင်ရာ လှုပ်ရှားမှုများ၊ ဒစ်ဂျစ်တယ်ပညာရေးစနစ် ဆောင် ရွက်နေမှုပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ထို့နောက် “Shaping the Future” ကမ္ဘာကြီး၏အနာဂတ်ကို ပညာရေးဖြင့် ပုံဖော်ခြင်း ဟူသော ခေါင်းစဉ်ဖြင့် ပညာရေးဝန်ကြီးများ၏ အပြည်ပြည်ဆိုင်ရာဖိုရမ်ကို ကျင်းပရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ Vladimir Putin နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Sergey Lavrov’s တို့က အွန်လိုင်း မှ အမှာစကား ပြောကြားကြသည်။
ယင်းနောက် တာတာစတန်အုပ်ချုပ်ရေးမှူးက ရုရှားနိုင်ငံ သမိုင်းကြောင်းနှင့် သင်ရိုးညွှန်းတမ်းများတွင် သမိုင်းသင်ကြားရေး အရေးပါပုံများကိုလည်းကောင်း၊ ပညာရေးဝန်ကြီး Sergey Kravtsov က ရုရှားနိုင်ငံ၏ ပညာရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းပြောကြားကြပြီး တက် ရောက်လာသော နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက နိုင်ငံအလိုက် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားကြသည်။
ဖိုရမ်အပြီးတွင် ပြည်ထောင်စု ဝန်ကြီးသည် Buryatia သမ္မတနိုင်ငံ ပညာရေးနှင့် သိပ္ပံဝန်ကြီး Pozdnyakov Valery Anatolyevich နှင့် ပညာရေး ပူးပေါင်းဆောင်ရွက်ရေး အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး Altai State Pedagogical တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံရှိ နိုင်ငံခြားဘာသာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ အချိန်မီအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ် Road Map ကို လက်မှတ်ရေးထိုးခဲ့သည်။
ညပိုင်းတွင် ခေတ္တတည်းခိုရာ Kazan Palace ဟိုတယ် Topaz (Crystal) Hall ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပညာရေးဝန်ကြီးက တည်ခင်းဧည့်ခံသော ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ဖိုရမ်သို့ တက်ရောက်လာကြသော ပညာရေးဝန်ကြီးများ၏ အလုပ်သဘော နံနက်စာသုံးဆောင်ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မွန်းလွဲပိုင်းတွင် ကာဇန်မြို့ရှိ Adymnar Secondary School သို့ သွားရောက်လေ့လာရာ ကျောင်း၏တာဝန်ရှိသူများက ကျောင်းအဆောက်အအုံအတွင်း စာသင်ခန်းများ၊ စာကြည့်တိုက်၊ အားကစားခန်းများ၊ စုဝေးခန်းမများနှင့် ဒစ်ဂျစ်တယ်နည်းပညာ အသုံးချသင်ကြားသင်ယူမှု ဆောင်ရွက်ခြင်းများကို ရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
နေပြည်တော် ဇွန် ၁၃
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ရာဇမဏိစူဠာကောင်းမှုတော်စေတီ၊ ရတနာစေတီဆင်များရှင်ဘုရားနှင့် ဆွမ်းဦးပုညရှင်စေတီများ၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို ပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်နေမှု အခြေအနေများနှင့် စေတီတော်ပုရိဝုဏ်အတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းရေးဆောင်ရွက်နေသူများအား အားဖြည့်အချိုရည်များ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် စစ်ကိုင်းမြို့ ဆွမ်းချက်ရပ် ရွှေစေတီ ပရိယတ္တိစာသင်တိုက်နှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ရန်အောင်မြင်ဆုတောင်းပြည့်မြတ်စွာဘုရား၊ သကျဓီတာသီလရှင်စာသင်တိုက်၊ မိုးညှင်းတောရကျောင်းတိုက်တို့ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများနှင့် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော လူနေအဆောက်အအုံများကို စက်ယန္တရားကြီးအသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ဓမ္မသီလကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကြပြီး ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော သာသနိကအဆောက်အအုံများအတွက် ဘိလပ်မြေအိတ် ၁၀၀ အား လှူဒါန်းခဲ့ကြသည်။
အလားတူ မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ပြန်လည်စစ်ဆေးကျင်းပမည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံ၍ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအတွက် မေးခွန်း/အဖြေလွှာများ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ လုံခြုံရေးဆောင်ရွက်ထားရှိမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုစဉ်ကာလအတွင်း အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးတို့အတွက် ဌာနအလိုက် ဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ညှိနှိုင်းဆောင်ရွက်ပေး
ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်သည် မန္တလေးတိုင်း ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မဟာအောင်မြေ ခရိုင်ပညာရေးမှူး၊ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်တို့မှ မြို့နယ်ပညာရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်များသို့သွားရောက်၍ ပြန်လည်ကျင်းပမည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ဘေးကင်းလုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ အမရပူရမြို့နယ်သို့ သွားရောက်၍ ပြန်လည်ကျင်းပမည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းမှု စနစ်တကျစီစဉ်ဆောင်ရွက်ထားရေး၊ ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်စေရေး၊ မေးခွန်း/အဖြေလွှာစသည့် စာရွက်စာတမ်းများကို စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများ စီစဉ်ဆောင်ရွက်ထားရှိပေးနိုင်ရေး၊ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ကျောင်းသား ကျောင်းသူများ အချိန်မီသွားလာနိုင်ရန် တာဝန်ရှိသူများက တတ်နိုင်သည့်နည်းလမ်းများဖြင့် ကူညီဆောင်ရွက်ပေးသွားရေးတို့ကို မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဦးပွားစေတီတော်မြတ်ကြီးနှင့် အာနန္ဒာမြတ်စွာဘုရားများသို့ သွားရောက်၍ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျောင်းတိုက်အတွင်းရှိ သာသနိကအဆောက်အအုံများနှင့် ဘုရားစေတီအပျက်အစီးများကို တပ်မတော်သားစစ်သည်များက အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှားနေမှုများ၊ သံဃာတော်များ ခေတ္တသီတင်းသုံးရန် ယာယီကျောင်းဆောင်များ ဆောက်လုပ်ထားရှိမှုအခြေအနေများ၊ ဘုရားဝင်းအတွင်း ငလျင်ဒဏ်သင့်ပြည်သူများအတွက် အခမဲ့ဆေးပေးခန်းဖွင့်လှစ်ထားရှိမှု အခြေအနေများနှင့် စက်ယန္တရားကြီးများ အသုံးပြု၍ အပျက်အစီးများ ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်