‌မန္တလေးရွှေချည်ထိုး

မန္တလေးမြို့ရှိ မြန်မာ့လက်မှုပညာ ရွှေခြည်ထိုးလုပ်ငန်းတွင် ပြည်တွင်းပြည်ပမှ အော်ဒါမှာယူလျက်ရှိ

 

ရွှေခြည်ထိုးပညာရပ်သည် မြန်မာ့လက်မှုအနုပညာရပ်တွေထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး မန္တလေးမြို့တွင် ဆက်လက်လုပ်ကိုင်နေကြသော ပညာရပ်များပျောက်ကွယ်သွားခြင်းမရှိစေရန် ထိန်းသိမ်းကာ စီးပွားဖြစ်လုပ်ကိုင်ကြသော လုပ်ငန်းတစ်ခုဖြစ်သည်။

ရွှေခြည်ထိုးပညာရပ်သည် အသုံးအဆောင် အဝတ်အထည်တို့ကို ရွှေခြည်ငွေခြည် ရွှေကြယ် ငွေကြယ်တို့ဖြင့် ပုံဖော်ပြီးထိုးသည့်လုပ်ငန်းကို ရွှေခြည်ထိုးလုပ်ငန်းဟု ခေါ်ဆိုခြင်းဖြစ်သည်။ ရှေးအစဉ်အဆက် ဘုရင်ခေတ်က ရွှေခြည်ငွေခြည်အစစ်များဖြင့် ထိုးကြပြီး ယခုအခါတွင် ရွှေခြည်ငွေခြည်အရောင်အစုံကိုရောပြီး အပ်နှင့်အပေါ်အောက် ထိုးကြခြင်းဖြစ်သည်။ ရွှေခြည်ထိုးလုပ်ငန်းကို အခြားအနယ်နယ် အရပ်ရပ်တွင်လည်း လုပ်ကိုင်လျက်ရှိပြီး မန္တလေးမြို့ တွင်သာ ဖွံ့ဖြိုးတိုးတက်စေရန် အဓိက လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။

ပြည်ပအနေဖြင့် ထိုင်းနိုင်ငံသို့ အဓိကပို့ဆောင်ပြီး ပြည်တွင်းအနေဖြင့် ရန်ကုန်မြို့နှင့် ပုဂံမြို့တို့သို့ ပို့ဆောင်လျက်ရှိသည်။ ဈေးနှုန်းများအနေဖြင့် နံရံချိတ်ရွှေချည်ထိုးတစ်ခုကို အနည်းဆုံး ငွေကျပ် တစ်သောင်းခွဲမှစပြီး အရွယ်အစားနှင့်အရည်အသွေးပေါ်မူတည်ကာ  ဆယ်သိန်းကျော်အထိရှိကြောင်း သိရသည်။   ရွှေခြည်ထိုးလုပ်ငန်းသည် စိတ်ရှည်လက်ရှည် ပြုလုပ်ရသော ပညာရပ်ဖြစ်ပြီး မြင်ရသူအတွက်လည်း သိမ်မွေ့ထည်ဝါခန့်ညားမှုများကို ရရှိစေကာ အော်ဒါမှာယူမှုအများဆုံးအနေဖြင့် ရွှေတိဂုံဘုရားပုံတော်၊ ကိန္ဒရီကိန္ဒရာပုံ၊ ရှင်လောင်းလှည့်ပုံ စသည်တို့အပြင် ရွှေကြည်ထိုး ဖုန်းထည့်အိတ်၊ လွယ်အိတ်၊ လက်ကိုင်ပိုက်ဆံအိတ် စသည့် ဒီဇိုင်းအမျိုးမျိုးကိုလည်း မှာယူမှုရှိကြောင်း သိရသည်။

10.06.2025
တောင်ငူ

ကေတုမတီမြို့ဟောင်းကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်

 

မြန်မာနိုင်ငံ၊ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်းရှိ မြို့ရိုးနဲ့ကျုံးတည်ရှိရာ ဒေသကို ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် သတ်မှတ်လိုက်သည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။ 

ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရန် ယခုကဲ့သို့ သတ်မှတ်လိုက်ခြင်းဖြစ်ပြီး သတ်မှတ်လိုက်သည့် အတိုင်းအတာသည် တောင်ငူမြို့ရိုးမှစ၍ မြို့ရိုးအတွင်းနှင့် မြိုရိုးအပြင်ဘက် နေရာများကို သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ သတ်မှတ်လိုက်သည့်အတွက် ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့လာပြီး ဒေသခံများအနေဖြင့်လည်း ရှေးဟောင်းယဉ်ကျေးမှုများကို ထိန်းသိမ်းတတ်လာစေမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းလင်းမှ ပြောကြားသည်။ 

မြို့ရိုးကို အုတ်ပေါင်း (၃၈၇) သိန်းကျော်ဖြင့် တည်ဆောက်ထားပြီး အုတ်မြို့ရိုး၏ အတွင်းဘက်တွင် မြို့ရိုး ပိုမိုကြံ့ခိုင်စေရန်အတွက် မြေသားများဖြင့် ထောက်ပိုးထားပြီး မြို့ရိုး၏အပြင်ဘက်တွင် ရေကျုံး၊ နွံကျုံးတို့ဖြင့် ဝန်းရံထားခြင်းဖြစ်သည်ဟု သိရသည်။ 

ကေတုမတီမြို့ဟောင်းရှိ မြို့ရိုးနဲ့ကျုံးတို့ တည်ရှိရာဒေသကို ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခြင်းကို သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၂/ ၂၀၂၅ ဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သတ်မှတ်ထားသည့် ဇုန် (၄၉) ဇုန် ရှိပြီးဖြစ်သည်။

10.06.2025
MDD

နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားမှုများကို စိစစ်ခွင့်ပြုပေးလျက်ရှိခြင်းနှင့် တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဆက်လက်လျှောက်ထားလျက်ရှိ

နိုင်ငံရေးပါတီတည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသောပါတီအမည်ကိုဖော်ပြ၍          ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၂၇ ဖွဲ့ရှိပြီး ယင်းသို့ လျှောက်ထားသည့်အဖွဲ့များအနက် ရခိုင်တိုင်းရင်းသားများပါတီ(Rakhine Nationalities Party)သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း သိရသည်။

ပါတီတည်ထောင်ခွင့်ရရှိသော ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party) သည် ခွင့်ပြုချက်ရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည်ဖြစ်သည်။ ယနေ့အထိ နိုင်ငံရေးပါတီ ၁၇ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်သည်။

အဆိုပါ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၇ ပါတီအနက် ဦးဘွာလ်ဆိုင်လို ခေါင်းဆောင်သည့် ချင်းပြည်သစ်ကွန်ဂရက်ပါတီ [New Chinland Congress(NCC)]က ပါတီ တည်ထောင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ ယနေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာသည်။

ယင်းသို့ မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၆ ပါတီအနက် ပါတီ ၁၄ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်

10.06.2025
မီးသတ်

စင်ကာပူ၌ကျင်းပမည့် နိုင်ငံတကာ မီးသတ်စွမ်းရည်ပြိုင်ပွဲတွင် မြန်မာ ပါဝင်ယှဉ်ပြိုင်မည်

 

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် စင်ကာပူနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပမည့် နိုင်ငံတကာမီးသတ်စွမ်းရည်ပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြုအနေဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ထူးချွန်သည့် မီးသတ်တပ်ဖွဲ့ဝင်(၁၀) ဦးကို စိစစ်ရွေးချယ်ကာ စခန်းသွင်း လေ့ကျင့်သွားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲနှင့် အဖွဲ့အလိုက်စွမ်းရည်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်က စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် နိုင်ငံတကာ မီးသတ်စွမ်းရည်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ တစ်ဦးချင်း စွမ်းရည်ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သည်။

ထို့ပြင် ၂၀၂၄ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Best Team Leader ဆုကို ရရှိခဲ့ကြောင်း  သိရသည်။

09.06.2025