‌‌ရေနံ , ရေနံ

ရေနံထုတ်လုပ်ရန်အတွက် နိုင်ငံသားပိုင်ကုမ္ပဏီတစ်ခုအား လုပ်ကိုင်ခွင့်ပြု

 

မြန်အောင်ဒေသရှိ ကုန်းတွင်းလုပ်ကွက် IOR-6 ဧရိယာ(၂) တွင် ရေနံတူးဖော်ထုတ်လုပ်ရန်အတွက် နိုင်ငံသားပိုင် Myanmar Kinsanar Co., Ltd. အား လုပ်ကိုင်ခွင့်ပြုထားကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

စွမ်းအင်ဝန်ကြီးဌာနရှိ ဦးစီးလုပ်ကိုင်နေသည့် ကုန်းတွင်းလုပ်ကွက်များထဲရှိ ကုန်းတွင်းလုပ်ကွက် (၁၀)ကွက်တွင် ခေတ်မီနည်းပညာများ အသုံးပြုပြီး ဆောင်ရွက်ခွင့်ရရှိရေးအတွက် တင်ပြခဲ့ပြီးနောက် ယခုကဲ့သို့ IOR-6 တွင် လုပ်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ကုန်းတွင်းလုပ်ကွက် IOR-6 မှ ရရှိလာမည့် ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် Myanmar Kinsanar တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

နိုင်ငံသားပိုင်ရေနံကုမ္ပဏီအား လုပ်ကိုင်ခွင့်ပေးနိုင်ခဲ့ခြင်းဖြင့် ရေနံတူးဖော်ရေးလုပ်ငန်းများတွင် ပြည်တွင်းရင်းနှီး မြှုပ်နှံမှု အားကောင်းလာပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်နိုင်မည် ဖြစ်သည်။

ယခု နိုင်ငံသားပိုင်ကုမ္ပဏီလုပ်ကိုင်ခွင့်ရ မြန်အောင်ရေနံမြေသည် ပြည်အနည်ကျချိုင့်ဝှမ်းတွင် ပါဝင်ပြီး ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအကြားတည်ရှိကာ အစဉ်အလာကောင်းခဲ့သည့် ရေနံမြေတစ်ခု ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် IOR-6 မှ ရေနံစိမ်းများ တိုးတက်ရရှိနိုင်ရေးအတွက် မျှော်မှန်းထားပြီး စက်သုံးဆီများ ချက်လုပ်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ 

10.06.2025
ပြည်တွင်းပြည်ပ ကုန်စည်ပြပွဲ

ပြည်တွင်း/ ပြည်ပကုန်စည်ပြပွဲ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

ပြည်တွင်း/ပြည်ပကုန်စည်ပြပွဲ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၈) ရက် ၊ နံနက် (၉:၀၀) နာရီ အချိန်တွင် ရန်ကုန်မြို့၊ UMFCCI အစည်းအဝေးခန်းမ၊တတိယထပ်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့်ဆွေးနွေးပွဲများ ဆိုင်ရာလုပ်ငန်းအသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ပြည်တွင်း/ပြည်ပကုန်စည်ပြပွဲ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မိတ်ဆက်ပွဲအခမ်းအနားတွင်  အစီအစဉ်အရ  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊  ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာထိန်လင်း၊  ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးနှင့် မြန်မာနိုင်ငံ ကုန်စည်ပြပွဲနှင့်ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်းဥက္ကဌ ဦးမင်းသိန်းတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် တရုတ်အာဆီယံ ကုန်စည်ပြပွဲအတွင်းရေးမှူးရုံး၊ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ လျှန်ရိကွမ်း က (၂၂)ကြိမ်မြောက် တရုတ်အာဆီယံကုန်စည်ပြပွဲကျင်းပမည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ဒုတိယ ဥက္ကဋ္ဌ ဦးမြဟန်မှ UMFCCI နှင့်ညီနောင်အသင်းအဖွဲ့များအနေဖြင့် (၂၂)ကြိမ်မြောက် တရုတ်အာဆီယံ ကုန်စည်ပြပွဲတွင် ပူးပေါင်းပါဝင်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။

ထို့နောက် TGT Tea Co.,Ltd မှ Managing Director ဦးမောင်လွင်မှ တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပါဝင်ပြသခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါသည်။ အဆိုပါ ကုန်စည်ပြပွဲ မိတ်ဆက်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ တရုတ် အာဆီယံကုန်စည် ပြပွဲ အတွင်းရေးမှူးရုံး၊ UMFCCI နှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသည့် ကုန်သည်လုပ်ငန်းရှင်များ စုစုပေါင်း (၄၂) ဦး ခန့် တက်ရောက်ခဲ့သည်။

(၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ကုန်စည်ပြပွဲ၏ ဂုဏ်ထူးဆောင်နိုင်ငံ Country of Honor အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့ပြခန်းဆောင် City of Charm နှင့် ကုန်စည်ပြခန်းဆောင်တို့ကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

 

09.06.2025
မျိုးစိတ်

တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း နို့တိုက်သတ္တဝါ (၆၇)မျိုးနှင့် ငှက်မျိုးစိတ် (၂၄၄)မျိုး ရှင်သန် ကျက်စားနေမှု မှတ်တမ်းတင်တွေ့ရှိ

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နှင့် ရေဖြူမြို့နယ်အတွင်း တည်ရှိသော တနင်္သာရီ သဘာဝကြိုးဝိုင်းအတွင်း နို့တိုက်သတ္တဝါ (၆၇)မျိုးနှင့် ငှက်မျိုးစိတ် (၂၄၄)မျိုး ရှင်သန်ကျက်စားနေမှုကို မှတ်တမ်းတင်တွေ့ရှိရကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။ 

တိုင်းဒေသကြီးသစ်တောဦးစီးဌာနသည် တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း ကင်မရာထောင်ချောက်များ တပ်ဆင်၍ ဇီဝမျိုးစုံမျိုးကွဲများနှင့် တောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်မှုကို သိရှိမှတ်တမ်းတင်နိုင်ရန်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ရေရှည်ရှင်သန်ဖွံ့ဖြိုးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အဆိုပါ သဘာဝကြိုးဝိုင်းအတွင်း မျိုးသုဉ်းရန် အန္တရာယ်ရှိနေသော အာရှဆင်၊ တောခွေးနှင့် မျိုးသုဉ်းလုနီးရင်ဆိုင်နေရသည့် သင်းခွေချပ်အပြင် အင်းကျား၊ ကြံ့သူတော်၊ ကျားသစ်နက်၊ ကြောင်မြင်း၊ မလေးဝက်ဝံနှင့် အင်ဒိုချိုင်းနားကျား စသည့်မျိုးစိတ်များလည်း ရှင်သန်ကျက်စားလျက်ရှိကြောင်း သိရသည်။ ထို့ပြင် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သော ငှက်မျိုးစိတ် (၃)မျိုးနှင့် မျိုးသုဉ်းရန်အန္တရာယ်ကျရောက်လုနီးပါး ရင်ဆိုင်နေရသည့် ငှက်မျိုးစိတ် (၁၀)မျိုးအပါအဝင် ငှက်မျိုးစိတ်များစွာ တည်ရှိနေသည်။ တနင်္သာရီသဘာဝကြိုးဝိုင်းကို တိုင်းဒေသကြီးမြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ အပူပိုင်းမုတ်သုံသစ်တောဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်အတွက် ၂၀၀၅ ခုနှစ်၊ မတ် ၃၀ ရက်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် ၁၈/၀၅ ထုတ်ပြန်၍ သတ်မှတ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

သစ်တာဦးစီးဌာနသည် သဘာဝကြိုးဝိုင်းအတွင်း အမာခံထိန်းသိမ်းရေးနယ်မြေ ၃၃၆,၉၁၂ ဧက၊ ကြားခံထိန်းသိမ်းရေးနယ်မြေ ၇၉,၉၅၂ ဧကနှင့် ဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းရေးနယ်မြေ ၃,၂၁၃ ဧကဟူ၍ ဇုန်နယ်မြေများသတ်မှတ်ကာ စီမံအုပ်ချုပ်လျက်ရှိကြောင်းသိရသည်။ တနင်္သာရီသဘာဝကြိုးဝိုင်းသည် သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် ဒေသခံအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် အလားအလာရှိသော သဘာဝထိန်းသိမ်းရေးနယ်မြေတစ်ခုဖြစ်ပြီး ရေချိုအရင်းအမြစ်များစွာ တည်ရှိနေသည့်အတွက် တောတွင်းခရီးသွားလာခြင်း၊ လေ့လာရေးနှင့် သုတေသနပြုလုပ်ငန်းများကိုလည်း အကျိုးပြုလျက်ရှိကြောင်း သိရသည်။

10.06.2025
ပြည်နှင်လွှဲပြောင်း

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် အီသီယိုးပီးယားနိုင်ငံသား ၄၃ ဦး သက်ဆိုင်ရာ နိုင်ငံသို့ ထပ်မံပြည်နှင် လွှဲပြောင်းပေးအပ်

 

အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိရာရှိရာ ဇွန်လ(၉)ရက်နေ့တွင် အဆိုပါ လုပ်ငန်းများ၌ ဆက်စပ်ပါဝင်ခဲ့ကြသည့် အီသီယိုးပီးယား နိုင်ငံသား ၄၃ ဦးကို မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင် လွှဲပြောင်းပေးခဲ့သည်။ 

အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှု လုပ်ငန်းစဉ်များ စနစ်တကျ ရှိစေရေးနှင့် အဆင်ပြေချောမွေ့ စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများအား လိုအပ်သည့် စာရင်း ဇယား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိရေးတို့ကို မှာကြားသည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံသံရုံးမှ သံရုံးကိုယ်စားလှယ် Mr. Tana Judah Hira နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဇွန် ၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉,၁၁၄ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈,၇၅၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၃၆၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကိုကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်းသိရှိရသည်။

 နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

10.06.2025
ပျားမွေးမြူရေး , ပျားမွေးမြူရေး , ပျားမွေးမြူရေး

မော်လီကျူလာနည်းပညာဖြင့် ပျားမျိုးစိတ်များ၏ မျိုးဗီဇကို သုတေသနပြုလေ့လာတွေ့ရှိ

 

မြန်မာနိုင်ငံ၏ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လိုအပ်ချက်များကိုသုတေသီပညာရှင်များက ဖော်ထုတ်လျက်ရှိရာ ပျား၏မျိုးရိုးဗီဇကို မော်လီကျူလာနည်းပညာကိုအသုံးပြုပြီး ပျားမျိုးစိတ်များကိုသိရှိရန်နှင့် မြန်မာနိုင်ငံရှိ ပျား၏မျိုးဗီဇကို သိရှိနိုင်ပြီး မျိုးထိန်းခြင်းနှင့် မျိုးမြှင့်တင်ခြင်းများ ပြုလုပ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာနတွင် သုတေသနပြု ခွဲခြားလေ့လာတွေ့ရှိခဲ့ကြောင်းသိရသည်။ 

ပျားမွေးမြူရေးလုပ်ငန်းသည် ပျားရည်နှင့် ပျားထွက်ပစ္စည်းကဏ္ဍမှ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်သော လုပ်ငန်းတစ်ခုဖြစ်ပြီး လက်ရှိပျားမျိုးစိတ်များကို သုတေသနပြု ဆောင်ရွက်လျက်ရှိသည်။ မွေးမြူရေးသုတေသနဦးစီးဌာနတွင် နှစ်စဉ် သုတေသနအမျိုးပေါင်း ၃၀ မှ ၅၀ အထိ သုတေသန ပြုလုပ်လျက်ရှိသည်။ စိုက်ပျိုးရေးထွက်ကုန်ကဏ္ဍတွင် ပျားရည်သည် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်ပြီး နှစ်စဉ်နိုင်ငံခြားပို့ကုန်အဖြစ် ဒေါ်လာသန်း ရာဂဏန်းရရှိသည်။

ပျားမွေးမြူခြင်းအားဖြင့် စိုက်ပျိုးတောင်သူများ သီးနှံထွက်နှုန်းပိုကောင်းပြီး အောင်မြင်သည့်အပြင် တစ်ဖက်တွင်လည်း ပျားရည်လည်းရရှိသည့်အတွက် စိုက်ပျိုးမွေးမြူရေးတွင် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ပျားသုတေသနများကို ပြုလုပ်ရခြင်းဖြစ်သည်။ သုတေသနပြုလုပ်ခြင်းမှ ရရှိလာသော ပျားမျိုးဗီဇကို မော်လီကျူလာနည်းပညာများဖြင့်ဖော်ထုတ်ပြီး ကမ္ဘာ့မျိုးဗီဇဘဏ်တွင် မြန်မာပျားများကို မှတ်ပုံတင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ရှမ်းပြည်အပါအဝင် ပျော်ဘွယ်၊ မိတ္ထီလာ စသည့်ဒေသများတွင် ပျံ့နှံ့နေသော ပျားများကို ပျားနမူနာကောင်များထံမှ DNA ရယူပြီး မျိုးရိုးဗီဇများကို တွက်ချက်၍ ဒေတာရယူကာ မြန်မာနိုင်ငံရှိ ပျားမျိုးများကို နိုင်ငံခြားမျိုးများဖြင့် မျိုးစပ်မြှင့်တင်ခြင်းလုပ်ငန်းများလည်း ဆောင်ရွက်သွားရန်ရှိကြောင်း သိရှိရသည်။ တောင်သူများကို နည်းပညာပေးရန်နှင့် နိုင်ငံအတွင်း စားရေရိက္ခာဖူလုံရေးအတွက် ယခုကဲ့သို့ သုတေသနများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

10.06.2025