Photo

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၄) သို့ တက်ရောက်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား သွားရောက်တွေ့ဆုံအားပေး

နေပြည်တော် ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၄) သို့ တက်ရောက်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်တပ်နယ်အားကစားခန်းမ၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးကျော်ထက်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအတွက် အသုံးအဆောင်ပစ္စည်းများပေးအပ်ရာ သင်တန်းသားများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

14.06.2025
Photo

ပြည်ပပို့ကုန် ငါး၊ ပုစွန် မွေးမြူထုတ်လုပ်မှု နှစ်ဆတိုးမြှင့်နိုင်ရေး၊ အဆင့်မြင့်ကုန်ချော ထုတ်လုပ်တင်ပို့ နိုင်ရေးနှင့် နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိရေးကြိုးပမ်း

နေပြည်တော် ဇွန် ၁၃

ပြည်ပပို့ကုန် ငါး၊ ပုစွန် မွေးမြူထုတ်လုပ်မှု နှစ်ဆတိုးမြှင့်နိုင်ရေး၊ အဆင့်မြင့်ကုန်ချောထုတ်လုပ်တင်ပို့နိုင်ရေး၊ ခေတ်မီနည်းပညာများကို အသုံးပြု၍ အစားအစာဘေးအန္တရာယ်ကင်းရှင်းသော အဆင့်မြင့်ကုန်ချောများ တိုးတက်ထုတ်လုပ်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် သီရိအဏ္ဏဝါခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက မြန်မာ့ပင်လယ်ပြင်အတွင်း ကမ်းနီးကမ်းဝေ ငါးဖမ်းခြင်း၊ ရေထွက်သယံဇာတများ ဖမ်းယူရောင်းချမှုများ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာလျက်ရှိရာ ငါး၊ ပုစွန်နှင့် ကင်းမွန်စသော ရေသတ္တဝါများ ရှားပါးမှု၊ မျိုးသုဉ်းပျောက်ကွယ်မှု မဖြစ်ပေါ်စေရေးအတွက် ဖမ်းယူရောင်းချခြင်းမှ မွေးမြူရောင်းချခြင်းသို့ ပြောင်းလဲကြရန်လိုကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံစေရန်နှင့် ပြည်ပတင်ပို့ရောင်းချနိုင်ရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြု၍ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ကြရန်လိုကြောင်း၊ ငါး၊ ပုစွန်မွေးမြူရန် လျှောက်ထားရယူထားကြသူများအနေဖြင့် အမှန်တကယ် ထိထိရောက်ရောက် မွေးမြူဆောင်ရွက်ကြရန်လိုကြောင်း၊ ရေသယံဇာတထွက်ကုန်ပစ္စည်းများ ခိုင်မာသော ပြည်ပစျေးကွက်ရရှိရေးအတွက် နိုင်ငံတကာက လက်ခံနိုင်သော စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ် ၍ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိနိုင်ရေး ကြိုးပမ်းရန်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ငါးလုပ်ငန်းကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မြှင့်တင်ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာနပိုင်မြေနေရာကို ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် Fresh & Green Co.,Ltd. သို့ သွားရောက်ပြီး Coldstorage (5000 MT) ရေသန့်ရေခဲ ( 90 ) MT နှင့် တန် ၂၀၀၀ ကျ ဟင်းသီးဟင်းရွက်၊ နွားနို့၊ အသား၊ ငါး အပါအဝင် ရေထွက်ကုန်သိုလှောင်ခန်း တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

14.06.2025
Photo

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း (၁၅) ကြိမ်မြောက် သုတစွယ်စုံ စာပေဆု ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဆုများပေးအပ်ချီးမြှင့်

ရန်ကုန် ဇွန် ၁၃

(၁၅ )ကြိမ်မြောက် သုတစွယ်စုံ စာပေဆုချီးမြှင့်ပွဲအခမ်းအနားကို ယ​နေ့မွန်းလွဲပိုင်းတွင် Park Royal ဟိုတယ်၌ ကျင်းပရာ ပြန်ကြား​ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်​မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်း​ဒေသကြီးဝန်ကြီးများ၊ သုတစွယ်စုံ စာပေအလှူရှင်နှင့် ဆုရွေးချယ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း နာယကများ၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာရေးဆရာ၊ ဆရာမကြီးများ၊ သုတစွယ်စုံစာပေဆုရပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာ၌ ယနေ့ကျင်းပသည့် သုတစွယ်စုံစာပေ ဆုချီးမြှင့်ပွဲတွင် ဆုရရှိသော ပုဂ္ဂိုလ်များအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ကောင်းတာကို စဉ်းစား၍ ကောင်းတာကို လုပ်ဆောင်နိုင်ရန် စာပေဖတ်ရှုမှုများ လိုအပ်ပြီး ကြားလူနှောက်ပါက သွေးကွဲနိုင်၍ ယနေ့လိုကာလတွင် တစ်ဦးနှင့် တစ်ဦး ယုံကြည်မှုလျော့နည်းမှု မရှိစေရန် ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိသည့် စာကောင်းပေမွန်များကို ဖတ်ရှုခြင်းဖြင့် အလင်းဆောင်သော အကျိုးကျေးဇူးကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် ဂါရဝေါစ နိဝါတောစ မင်္ဂလာတရားများ သိရှိနိုင်ရန်နှင့် အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်ရန် စာပေဖတ်ရှုရန် လိုအပ်ပါကြောင်း။

နိုင်ငံတော်ဝန်ကြီးချုပ်သည် စာပေဗိမာန်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စာပေဖတ်ရှုမှုကို အလေးထားကာ စာပေကို တန်ဖိုးထားမြတ်နိုးသူတစ်ဦးဖြစ်ပါကြောင်း၊ စာပေသည် နိုင်ငံနှင့် လူမျိုးအတွက် အသက် ဖြစ်၍ နိုင်ငံတော်ဝန်ကြီးချုပ်က လူငယ်များစာပေဖတ်ရှုရန် အစဉ်တိုက်တွန်းလျက်ရှိပါကြောင်း။

နိုင်ငံနှင့်ပြည်သူကို အကျိုးပြုသည့် စာပေပညာရှင်များ၏ ကလောင်စွမ်းအားကို လေးစား ဂုဏ်ပြုသောအားဖြင့် ယခုလို ဆုချီးမြှင့်ခြင်းဖြစ်ပါကြောင်းနှင့် ကလောင်စွမ်းအားဖြင့် တိုင်းပြည် ငြိမ်းချမ်းပြီး အမြန်ဆုံးဖွံ့ဖြိုး တိုးတက်ပါစေကြောင်း ပြောကြားသည်။

ယင်းနောက် သုတစွယ်စုံစာပေ အလှူရှင်နှင့် ဆုရွေးချယ်ရေးအဖွဲ့ဝင် စွယ်စုံမီဒီယာဂရု၏ ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက ဆုချီးမြှင့်ရခြင်းအကြောင်းရင်း၊ ဆုရွေးချယ်ပုံအဆင့်ဆင့်၊ ဆုရွေးချယ်ရေးအဖွဲ့၏ အကဲဖြတ်သုံးသပ်ချက်များနှင့် သုတစွယ်စုံ စာပေဆုရရှိကြသည့် စာပေပညာ ရှင် ၁၂ ဦး၏ စာအုပ်သမိုင်းအကျဉ်း တို့ကို Video Clip ဖြင့် ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက သုတစွယ်စုံ တစ်သက်တာ စာပေဆုရရှိသော ဒေါက်တာခင်မောင်ညို၊ သုတစွယ်စုံစာပေဆု ရရှိသော ဆရာနိုင်ဇော် (ရည်ညွှန်း စာပေ)နှင့် ဗိုလ်အေးမြင့်ကြူ (အတ္ထုပ္ပတ္တိစာပေ) တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက သိန်းထွန်း (မြဝတီ) (သုတ-ဝိဇ္ဇာ)နှင့် ဒေါက်တာသိန်းဆွေ (ပြည်သူ့ကျန်းမာရေး) (အသုံးချသိပ္ပံ) တို့အားလည်းကောင်း၊ တိုင်း​ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ကျော်ကျော်လှိုင်(သုတ-ဝိဇ္ဇာ)အားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးများက နေဇင်လတ် (ဘာသာပြန်စာပေ)၊ မောင်ခေတ် ထွန်း(စာပဒေသာ)၊ ဟိန်းလတ် (အတ္ထုပ္ပတ္တိစာပေ)၊ ဒေါက်ထွေး (ဆေး/မန်း) (စာပဒေသာ)၊ ကျော်ညွန့်ရည်(သုတ - ဝိဇ္ဇာ)နှင့် ပါမောက္ခဒေါက်တာမြသိန်းဟန် (အသုံးချသိပ္ပံ)တို့အား လည်း ကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ သုတစွယ်စုံစာပေ အလှူရှင်နှင့် ဆုရွေးချယ်ရေးအဖွဲ့ဝင် စွယ်စုံမီဒီယာဂရု၏ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာခင်မိုးမိုးတို့က ပြန်ကြားရေးဝန်ကြီးဌာန၏ ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် အလှူငွေကျပ် သိန်း ၅၀ အား ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်လှူဒါန်းပြီး ဦးဖိုးကျားအထိမ်းအမှတ် သုတစွယ်စုံစာကြည့်တိုက်အတွက် ငွေကျပ်သိန်း ၂၀ အား စာကြည့်တိုက်မှ တာဝန်ရှိသူတို့ထံ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် သုတစွယ်စုံစာပေ ဆုရရှိသော ဆရာမောင်ခေတ်ထွန်း၊ ဆရာဟိန်းလတ်နှင့် ဒေါက်တာ ခင်မောင်ညိုတို့က ကျေးဇူးတင်စကား ပြောကြားကြသည်။

(၁၅)ကြိမ်မြောက် သုတစွယ်စုံ စာပေဆုချီးမြှင့်ပွဲအခမ်းအနားအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ငွေကျပ် ၆၂ သိန်းကို ပေးအပ်ထောက်ပံ့သည်။ ယနေ့အခမ်းအနားတွင် သုတစွယ်စုံ တစ်သက်တာစာပေဆုအတွက် ငွေကျပ် ၃၇ သိန်းနှင့် သုတစွယ်စုံ စာပေဆုအတွက် တစ်ဦးလျှင် ငွေကျပ်သိန်း ၂၀ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ပုဂ္ဂလိကရုပ်သံလုပ်ငန်းဖြစ်သော Skynet DTH ရုပ်သံလုပ်ငန်းသို့ ရောက်ရှိရာ ရွှေသံလွင်မီဒီယာ ကုမ္ပဏီမှ Senior Chair Women ဒေါ်နန်းမောက်လောင်စိုင်းက Skynet DTH စတင်တည်ထောင် ခဲ့မှုနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ဦးစွာရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက “ပြည်သူ့အတွက် စကိုင်းနက်” ဆောင်ပုဒ်နှင့်အညီ ပရိသတ်အခိုင် အမာရရှိထားပြီးဖြစ်သော မီဒီယာလုပ်ငန်းကြီးဖြစ်၍ သက်ဆိုင်ရာမီဒီယာဥပဒေများ၊ Update ညွှန်ကြားချက်များ၊ မီဒီယာကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ကုမ္ပဏီမှ Managing Director ဦးမင်းမင်းတို့က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စတူဒီယိုများအတွင်း ရိုက်ကူးရေးလုပ်ငန်း ဆောင်ရွက်မှုများကို လိုက်လံကြည့်ရှုအားပေးသည်။

ယင်းနောက် တာမွေမြို့နယ် ရွှေထွဋ်တင်ဝင်းအတွင်းရှိ စတူဒီယိုများသို့ သွားရောက်ကြရာ ဒေါ်နန်းမောက်လောင်စိုင်းနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဦးစွာရှင်းလင်းတင်ပြကြပြီး ရိုက်ကူးရေးလုပ်ငန်းခွင်အတွင်း လိုက်လံရှင်းလင်းပြသကြသည်။

ရွှေသံလွင်မီဒီယာကုမ္ပဏီသည် Skynet DTH အပြင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ DVB-T2 Free To Air ထုတ်လွှင့်မှုတွင်လည်း MNTV Channel နှင့် Channel 9 ထုတ်လွှင့်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ MITV Channel တို့အပြင် ရွှေ FM နှင့် MIR ရေဒီယိုလုပ်ငန်းကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

14.06.2025
photo

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော် ဇွန် ၁၁

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

၁၄ - ၆ - ၂၀၂၅ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၄) တွင် အဘိုးအိုသည် သူ၏ ဖြတ်ထိုးဉာဏ်ဖြင့် သားသုံးယောက်ကို ပညာပေးဆုံးမထားသည်ကို သရုပ်ဖော်ထားသော “ဖန်ကွဲစသေတ္တာကြီး” မျက်နှာဖုံးကာတွန်း၊ ကမ္ဘာမြေကြီးအကြောင်း၊ ဗဟုသုတရဖွယ်ရေးသားထားသည့် “ကမ္ဘာမြေကြီး၏ အတွင်းပိုင်းတည်ဆောက်ပုံ” သုတဆောင်းပါးကဏ္ဍ၊ ရန်ပိုင်စိုးသိချင်သော “ကောင်းမှုတစ်ခု၊ နေ့စဉ်ပြု” ဆိုသည့် အကြောင်းကို ဦးအောမှ ရှင်းပြထားသည်ကို သရုပ်ဖော်ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ သူ့အမှားကို သိသွားသော သန်းထိုက်မှာ သူငယ်ချင်းခင်ဇော်အပေါ် တောင်းပန်ထားသည့် အကြောင်းကို ရေးသားထားသည့် “ဖန်ဂေါ်လီလေးတစ်လုံး” ဝတ္ထုကဏ္ဍ၊ ကျောင်းတက်ပျင်းသော ကျော်ကြီးမှာ အောင်ဘုကျောင်းမတက်ရသည့် အကြောင်းကို စဉ်းစားမိ၍ သူ့အမှားကို သိရှိကာ နောင်တရသွားသည့်အကြောင်း သရုပ်ဖော်ထားသည့် “ကျော်ကြီး” တစ်မျက်နှာကာတွန်း၊ မောင်ကျော်ဟိုး၏ ရိုးသားမှုကြောင့် အလုပ်ရှင် ဇနီးမောင်နှံက “အမွေစားအမွေခံသား” အဖြစ် မွေးစားလိုက်သည့်အကြောင်း ရေးသားထားသည့် “ရိုးသားခြင်းရဲ့ရလဒ်” ပုံပြင်ကဏ္ဍ၊ ယုန်ကလေး၏ ဉာဏ်ပညာထက်မြက်ရဲရင့်မှုကြောင့် ဆင်အန္တရာယ်မှ ကင်းဝေးသွားသည့် သတ္တဝါလေးများ အကြောင်းကို သရုပ်ဖော်ထားသည့် “ယုံအောင်ပြောတဲ့ယုန်ကလေး” နှစ်မျက်နှာကာတွန်း၊ မွှေးရနံ့တို့တွင် မေတ္တာမွှေးရနံ့သည်သာ အမွှေးဆုံးဖြစ်သည်ဆိုသော ပန်ပန်အကြောင်း သရုပ်ဖော်ထားသည့် “ပန်းခရေလိုမွှေးပါစေ”နှစ်မျက်နှာကာတွန်း၊ ကျေးလက်ဒေသတွင် ပန်းများ ဝေဝေဆာဆာပွင့်ပုံ၊ ငှက်ကလေး၏ အသံမှာ ချိုသာပုံနှင့်အရုဏ်ဦးမှာ ဆွမ်းလောင်းလှူပုံအကြောင်းတို့ကို ရေးဖွဲ့ထားသည့် “ကျေးလက်နံနက်” ကဗျာ ကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်

12.06.2025