
လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ
နေပြည်တော် ဇွန် ၁၁
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Fara Myanmar EV Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota BZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြု ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာဂီမီရေးကို လက်ခံတွေ့ဆုံ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေး အား ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မန္တလေးငလျင် လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးအတွက် မြန်မာအစိုးရ၏ကြိုးပမ်းမှုများအပေါ် နီပေါနိုင်ငံကပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံအကြား ဘုံအကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုခိုင်မာရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။


ဆန်နှင့် ပဲမျိုးစုံ အပါအဝင် ပို့ကုန်အချို့ကို အလိုအလျောက်လိုင်စင်စနစ်ဖြင့် ခွင့်ပြုမည်
စိုက်ပျိုးရေးထွက်ကုန် ပို့ကုန်အချို့ ပြည်ပတင်ပို့မှုအတွက် အလိုအလျောက်လိုင်စင် (Automatic Licensing) စနစ်ဖြင့် ခွင့်ပြုပေးမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ငလျင်ဘေးအလွန် ပို့ကုန်လုပ်ငန်းများအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် ပို့ကုန်လိုင်စင် ဦးစွာလျှောက်ထားပြီးမှ စိစစ်ခွင့်ပြုသည့်စနစ် (Non- Automatic Licensing) မှ အလိုအလျောက် လိုင်စင်စနစ်သို့ ပြောင်းလဲခွင့်ပြုလိုက်ခြင်းဖြစ်သည်။
Automatic Licensing စနစ်သည် ပို့ကုန်/ သွင်းကုန် လိုင်စင်များကို ကုန်သွယ်ရေးဦးစီးဌာနမှ စိစစ်ရန် မလိုဘဲ အလိုအလျောက်စနစ်ဖြင့် လိုင်စင်ထုတ်ပေးခြင်းဖြစ်ပြီး Non-Automatic Licensing စနစ်သည် လိုင်စင်ဦးစွာ လျှောက်ထားပြီးမှ စိစစ်ခွင့်ပြုသည့်စနစ် ဖြစ်သည်။
Non- Automatic Licensing စနစ်မှ Automatic Licensing စနစ်ဖြင့် ပြောင်းလဲခွင့်ပြုမည့် ကုန်များထဲတွင် ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ပဲမျိုးစုံ စသည်ဖြင့် ကုန်စည် (၅၈) လိုင်း၊ ဆန်၊ ပြောင်း၊ နှံစားပြောင်းနှင့် ပန်းဂျုံ စသည်ဖြင့် ကုန်စည် (၂၅) လိုင်းနှင့် ဆီထွက်သီးနှံ ကုန်စည် (၁၄) လိုင်း ခွင့်ပြုသွားမည်ဖြစ်သည်။
အဆိုပါ HS Code 10 Digit ဖြင့် ကုန်စည် (၉၇) လိုင်းကို Myanmar Trade net 2.0 တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့မှ စတင်၍ Automatic Licensing စနစ်ဖြင့် သြဂုတ်လ (၃၁) ရက်နေ့အထိ ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မေလအတွင်း ပြည်ပသို့ ဆန်တန်ချိန် နှစ်သိန်းခွဲကျော် တင်ပို့ခဲ့
၂၀၂၅ခုနှစ် မေလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂၅၉၅၀၁ ဒသမ ၃ တန် တင်ပို့ခဲ့သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရှိရသည်။ ပြည်ပသို့ ဆန်တန်ချိန် ၁၄၇၈၈၂ ဒသမ ၃ တန်နှင့် ဆန်ကွဲတန်ချိန် ၁၁၁၆၁၉ တန်ကို ကုမ္ပဏီ ၆၀ က ပင်လယ်ရေကြောင်းဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။
ဆန်တင်ပို့ရာတွင် ဖိလစ်ပိုင် ၊ တရုတ် ၊ စပိန် ၊ နယ်သာလန် နိုင်ငံများသို့ ဆန်တန်ချိန် အများဆုံးတင်ပို့ခဲ့ပြီး စုစုပေါင်း နိုင်ငံ ၃၀ သို့ တင်ပို့ခဲ့သည်။ အလားတူ ဆန်ကွဲကိုလည်း ဘယ်လ်ဂျီယံ၊ တရုတ် ၊ အင်ဒိုနီးရှား ၊ နယ်သာလန် ၊ UK နိုင်ငံများကို အများဆုံး တင်ပို့ခဲ့ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံသို့ တင်ပို့ခဲ့သည်ဟုသိရသည်။
ယခုဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၄ သိန်းကျော် တင်ပို့ထားပြီး ဖြစ်သည်ဟု MRF က ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၄၈ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၉ ဘီလီယံ ရရှိခဲ့သည်ဟု သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပြည်တွင်းဘိလပ်မြေစက်ရုံများနှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ကြည့်ရှုစစ်ဆေး
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇွန်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ပြည်တွင်းဘိလပ်မြေစက်ရုံများနှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ရုမ်းရိုးမဘိလပ်မြေစက်ရုံ၌ ဘိလပ်မြေထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ စက်ရုံမှထုတ်လုပ်လျက်ရှိသည့် ဘိလပ်မြေများ စမ်းသပ်စစ်ဆေးနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ လိုအပ်သော စက်အရန်ပစ္စည်းများနှင့် သွင်းအားစုများကို ကြိုတင်စုဆောင်းထားရန်နှင့် စက်ရုံအတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သာစည်မြို့နယ် ပြည်ညောင်ရှိ အပါချီ ဘိလပ်မြေစက်ရုံ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး စက်ရုံအနေဖြင့် စက်ရုံအတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နေပြီး ပိုလျှံလျှပ်စစ်ဓာတ်အားများကို နိုင်ငံတော် ဓာတ်အားပေးစနစ်သို့ ပို့လွှတ်နေသည့် အတွက် နိုင်ငံတော်အတွက် များစွာအကျိုးရှိသဖြင့် အလေးထားဆောင်ရွက်ရန်မှာကြားပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စက်ပစ္စည်းများ စစ်ဆေးပြုပြင်နေမှု၊ စက်ရုံအတွက် လိုအပ်သောလျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးခွန်သိန်းမောင်နှင့်အတူ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) ၌ စက်ရုံတည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူများနှင့်လည်းကောင်း၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) နှင့် ရှမ်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်လည်းကောင်း၊ စက်ရုံမှူး၊ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနမှူး၊ အလုပ်ရုံတာဝန်ခံများနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် လူနေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ လမ်း၊ တံတား၊ သာသနိကအဆောက်အအုံများ များစွာပျက်စီးဆုံးရှုံးခဲ့သည့်အတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ အရည်အသွေးပြည့်မီသည့် သံ၊ သံမဏိများ ထုတ်လုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် သံစိမ်းကုန်ကြမ်းများ အရေးကြီးလိုအပ် လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် အရည်အသွေးပြည့်ဝသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနှင့်သံမဏိများ အသုံးပြုနိုင်ရေးအတွက် သံစိမ်းထုတ်လုပ်ခြင်းလုပ်ငန်းများ အမြန်ဆုံးစတင် ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်မှာကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Air Separation plant တွင် တပ်ဆင် ထားသည့် စက်ပစ္စည်းကိရိယာများအား ပြည်ပကျွမ်းကျင်ပညာရှင်များနှင့် စက်ရုံမှကျွမ်းကျင် ပညာရှင်များ ပူးပေါင်း၍ စစ်ဆေးပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။