MDD

တရားမဝင် ခဲမဖြူသတ္တုများ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ၊ တရားမဝင်ကုန်ပစ္စည်းတင်ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

06/24/2025

နေပြည်တော် ဇွန် ၂၃ 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဇွန် ၂၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း လေးမျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၈၉၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ၁၅ ပီပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၂၀၀၀၀) ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၂၁၀၀၀၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးမြို့ ရှင်စောပုရပ်ကွက်၊ ဆိုရှယ်လစ် (၁၈)လမ်း၊ အမှတ် (၁၆၅၉) ရှိ ဂိုဒေါင်တစ်လုံးအတွင်း၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းရှစ်မျိုး စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၃၈၁၈၀၈၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇွန် ၂၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့ မသေကျေးရွာအုပ်စု ကံမော်ကြီးကျေးရွာအနီး၌ ရေယာဉ်တစ်စင်းပေါ်မှ တရားမဝင် ခဲမဖြူသတ္တု ၄၄ ဒသမ ၄၂၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၇၈၄၀၀၀၀၀)နှင့် အဆိုပါသတ္တုများ တင်ဆောင်လာသည့် ရွှေရည်-၇ သစ်သားကိုယ်ထည် စက်လှေတစ်စင်းနှင့် ဆက်စပ်ပစ္စည်း ၁၅ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၅၂၅၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၉၈၉၂၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သိန်းဦးဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၄၈၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. Yadanar Win-3 ရေယာဉ်တစ်စင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀၀၀) ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၆၈၆၈၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇွန် ၂၂ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ် ၁၃ စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၆၁ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇွန် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၃၆၀၀၀၈၀၀) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းလာမှုများကြောင့် တရားဝင် တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်မှု စွမ်းအားကျဆင်းခြင်းတို့ ဖြစ်ပေါ်စေပြီး နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာခြင်းများဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ ဆိပ်ကမ်းများနှင့် နယ်စပ်ဒေသများမှ တရားမဝင် ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

24.06.2025
MDD

ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၉ ဦးတွေ့ရှိ

06/24/2025

(၂၃-၆-၂၀၂၅) ရက်နေ့၊ ည (၈:၀၀)နာရီ

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၁၅-၆-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၆-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၁၉၉)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၁.၃၂)ရာခိုင်နှုန်းဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာ မရှိပါ။

လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့်စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ (အသက် ၆၀ နှစ်နှင့်အထက်)၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (ကိုယ်ဝန်ဆောင်ကာလ ၃ လ နှင့်အထက်) ကို ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပါ၍ ကာကွယ်ဆေးထိုးနှံမှု ခံယူကြရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသေးစိတ်သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန

24.06.2025
 တရုတ်နိုင်ငံမှ ကနဦးစစ်ဆေး

တရုတ်နိုင်ငံမှ ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့၏ မန္တလေးမြေငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များအား စစ်ဆေးအကဲဖြတ်မှု ကနဦးအစီအစဉ် အောင်မြင်စွာ ဆောင်ရွက်ပြီးစီး

06/23/2025

ဇွန်လ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံ၏ မန္တလေးမြေငလျင်ကြီးအလွန်ကာလတွင် တရုတ်နိုင်ငံမှ လာရောက်ကူညီသော ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မတ်လ ၂၈ ရက်နေ့ မန္တလေးမြေငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များအား စစ်ဆေးအကဲဖြတ်ခဲ့ကြောင်း သိရသည်။

ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့သည် မန္တလေးနန်းတော်၊ မဟာမြတ်မုနိဘုရား၊ အမရပူရမြို့ဟောင်းနှင့် အင်းဝမြို့ဟောင်းစသည့် ထင်ရှားကျော်ကြားသော ရှေးဟောင်းအဆောက်အအုံများကို သွားရောက်စစ်ဆေး၍ ပျက်စီးမှုအခြေအနေများအား အကဲဖြတ်ခဲ့ပြီး မြန်မာနိုင်ငံ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာရှိများနှင့် နီးကပ်စွာဆွေးနွေးခဲ့ကြကာ ပျက်စီးနေသော အမွေအနှစ်များအား အရေးပေါ်မွမ်းမံထိန်းသိမ်းရေး၊ ပြုပြင်ရေး လုပ်ငန်းစဉ်များနှင့် ရေရှည်စီမံချက်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ 

မြန်မာနိုင်ငံ၏ မန္တလေးမြေငလျင်ကြီး အလွန်ကာလ၌ တရုတ်နိုင်ငံမှ လာရောက်ကူညီသော ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့သည်(1)National Cultural Heritage Administration၊ (2)Shaanxi Provincial Cultural Heritage Administration၊ (3)Chinese Academy of Cultural Heritage၊ (4)Shaanxi Provincial Institute of Cultural Relics Protection နှင့်(5)Shaanxi Provincial Cultural Relics Protection Engineering Company တို့မှ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဖွဲ့ဝင်အများစုသည် ယခင်က ပုဂံမြို့ရှိ သဗ္ဗညုဘုရားအပါအဝင် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်မွမ်းမံရေး လုပ်ငန်းစဉ်၌ ပါဝင်ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြောင်းသိရသည်။ 

23.06.2025
MDD

တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့ခွင့် မှတ်ပုံတင်လျှောက်ထားလိုသည့်ကုမ္ပဏီများအား စိတ်ဝင်စားမှု (Expression of Interest – EOI) အဆိုပြုလွှာတင်ပြရန် ဖိတ်ခေါ်ခြင်း

06/23/2025

တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့လိုသည့် ကုမ္ပဏီများအနေဖြင့် အဆိုပြုလွှာများ လျှောက်ထားနိုင်ကြောင်းသိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှစ်နိုင်ငံချုပ်ဆိုထားသော အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်သဘောတူစာချုပ်အရ Sanitary and Phytosanitary(SPS) Protocol သတ်မှတ် စည်းကမ်းချက်များနှင့်အညီ နှစ်စဉ် ပုံမှန်စိစစ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆန်/ ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင်လျှောက်ထားလိုသည့် ကုမ္ပဏီအသစ်များ (ယခင်ခွင့်ပြုထားပြီးသော ကုမ္ပဏီများမပါ) အနေဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင်လည်းကောင်း၊ တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့နိုင်ရေး နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ (Technical Working Group) (မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်) တွင်လည်းကောင်း၊ https://www.doa.gov.mm, https://ppd.doa.gov.mm နှင့် www.umfcci. com.mm တွင် Download ဒေါင်းလုပ်ရယူပြီး Hard Copy  နှင့် Soft Copy (Wordfile) များဖြင့် (၃၀-၆-၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ အဆိုပြုတင်ပြလျှောက်ထားနိုင်ကြောင်း သိရသည်။

 

 

23.06.2025
MDD

လှူဒါန်းနိုင်ရန် နှိုးဆော်ချက်

06/23/2025

၂၈.၃.၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရားနှင့် ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံ (၁၇၈၁)ဆူနှင့် ဘုရားစေတီ၊ သာသနိကအဆောက်အအုံ(၄၉၉၈)ခု၊ စုစုပေါင်း(၆၇၇၉)ဆူ ထိခိုက်ပျက်စီးခဲ့ပါသည်။ ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ဘုရား၊ စေတီတစ်ဆူလုံးကိုဖြစ်စေ သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်းနှင့် စေတီ၊ ဘုရားများပြုပြင်ရန် လှူဒါန်းလိုပါက နေပြည်တော်တွင် ဦးထွန်းမြင့်အောင်၊ ညွှန်ကြားရေးမှူး၊ နေပြည်တော်သာသနာရေးမှူးရုံး၊ ဖုန်း- ၀၆၇ ၃၅၅၀၁၈၃၊ ၀၉၄၂၀၇၀၁၄၆၉နှင့် ဒေါ်နီလာအေး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဖုန်း - ၀၉၄၂၀၇၁၄၇၆၀ တို့သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ဦးဖြိုးဇော်ဇော်၊ ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီးသာသနာရေးမှူးရုံး၊ ဖုန်း- ၀၉၄၂၁၂၂၂၂၅၁ နှင့် ဒေါ်မျိုးပပကျော်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဖုန်း- ၀၉၄၂၀၇၀၀၇၉၀ တို့သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဦးဇော်ဦး၊ ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ ဖုန်း-၀၉၂၀၃၈၅၆၃နှင့် ဒေါက်တာဝတ်ရည်ဝင်းသန့်၊ ဒုတိယညွှန်ကြားရေးမှူး၊ ဖုန်း-၀၉၅၁၉၄၀၈၂ တို့သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဦးလှမင်းနိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဖုန်း- ၀၉၄၀၂၆၁၀၁၃၄၊ ၀၉၆၆၄၆၉၀၆၇၅ နှင့် ဦးဖြိုးနောင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီးသာသနာရေးမှူးရုံး၊ ၊ ဖုန်း-၀၉၄၂၀၇၂၆၄၉၀၊ ၀၉၇၈၈၉၁၁၂၁၁ တို့သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ဦးစိုးမိုးကျော်၊ ညွှန်ကြားရေးမှူး၊ ပဲခူးတိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ ဖုန်း - ၀၉ ၂၅၉၂၀၉၄၄၈ နှင့် ဦးထွန်းထွန်းလွင်၊ ဒုတိယညွှန်ကြားရေးမှူး၊ ဖုန်း - ၀၉၄၃၀၁၉၁၆၈ တို့သို့ လည်းကောင်း၊ ရှမ်းပြည်နယ်တွင် ဦးသိန်းဌေး၊ ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်သာသနာရေးမှူးရုံး၊ ဖုန်း - ၀၉၄၂၀၇၃၀၈၃၉ နှင့် ဒေါ်ခက်ခက်လှ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဖုန်း - ၀၉၄၃၀၄၁၃၀၇ တို့သို့ လည်းကောင်းဆက်သွယ်၍ လှူဒါန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

23.06.2025