MDD

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

06/26/2025  

နေပြည်တော် ဇွန် ၂၅ 

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ် ဇွန် ၂၃ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “Love Knot” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး တောင်ပေါ် တောင်ကျေးရွာနေ သိန်းထိုက်အောင်အား ည ၁၀ နာရီ မိနစ် ၂၀ တွင်လည်းကောင်း၊ ဇွန် ၂၄ ရက် တွင် “Tinhtut Win”  Facebook  အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်  အမှတ်(၂) ရပ်ကွက်နေ တင်ထွဋ်ဝင်း(ခ)အွမ်မယ်နှင့် ၎င်း၏ဇနီး စန္ဒာဝင်း(ခ)ဆိုင်နဘီ တို့နှစ်ဦးအား နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် လည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

26.06.2025
Myanmar Central Bank

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်

06/25/2025

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက်၂၀၂၅ ခုနှစ် ဇွန် ၆ ရက်တွင် ဒေါ်လာ သန်း ၃၀၊ ၁၀ ရက်တွင် ဒေါ်လာ ၃၂ သန်း၊ ၁၇ ရက်တွင် ဒေါ်လာ ၃၃ သန်း၊ ၂၃ ရက်တွင် ဒေါ်လာ သန်း ၃၀ ဖြင့် ဇွန်လအတွင်း လက်ရှိအချိန်အထိ ဒေါ်လာ ၁၂၅ သန်း ထုတ်ရောင်းထားသည်။ ဗဟိုဘဏ်က FX Trading တွင် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် ဒေါ်လာ ၁ ဒသမ ၅ သန်းကျော် (၁၅၂၄ဝဝဝ) အား စားသုံးဆီ တင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့သည်။ FX Trading တွင် ဗဟိုဘဏ်မှ ရောင်းချပေးမည်ဟု ကြေညာထားသော ဒေါ်လာ ၁၀ သန်းအနက် ဒေါ်လာ ၅ ဒသမ ၇၇ သိန်းကျော် (၅၇၇၀၄၄ ဒသမ ၂၅) အား အခြားကုန်စည်များ တင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။

25.06.2025
Replantation Surgery

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြတ်တောက်သွားသော လက်ဖဝါးအား ပြန်ဆက်ပေးသည့် ခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက်

06/25/2025 

ဘားအံမြို့နေ အသက် (၂၇)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့၊ နံနက်(၁၁)နာရီခန့်တွင် ဓားဖြင့် ခုတ်ခံရခြင်းကြောင့် ဘယ်ဖက်လက်ဖဝါး ပြတ်တောက်သွားရာ ပြည်သူ့ဆေးရုံကြီး-ဘားအံမြို့၌ အရေးပေါ်ကုသမှုပေးကာ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့  ယင်းနေ့ ညနေ(၆း၁၅)နာရီအချိန်တွင် ရောက်ရှိခဲ့ကြောင်းသိရသည်။ 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်လူနာဌာန၌ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်၍ ပြတ်တောက်သွားသော လက်ဖဝါးအား ပြန်ဆက်သည့်ခွဲစိတ်ကုသမှု (Replantation Surgery) ကို အဆိုပါနေ့ရက် ည (၁၀း၃၀)နာရီမှ စတင်၍ ဆောင်ရွက်ခဲ့ရာ မေလ ၂၅ ရက်နေ့၊ နံနက် (၅း၃၀)နာရီအချိန်တွင် အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့သည်။ အဆိုပါလူနာမှာ ကျန်းမာရေးကောင်းမွန်ပြီး ခွဲစိတ်ကုသထားသည့် လက်၏သွေးလည်ပတ်မှုကောင်းမွန်သဖြင့် ဇွန်လ ၁၁ ရက် နေ့တွင် ဆေးရုံဆင်းခွင့်ရရှိပြီး ဇွန်လ ၁၆ ရက်နေ့ ရက်ချိန်း ပြန်လည်ပြသရာ၌လည်း လက်အခြေအနေကောင်းမွန်လျက်ရှိသည်။

 အဆိုပါခွဲစိတ်ကုသမှုကို လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုပါရဂူဘွဲ့(ဒုတိယနှစ်) သင်တန်းသား အထူးကုဆရာဝန်များဖြစ်သော ဒေါက်တာရဲနိုင်ဦးနှင့် ဒေါက်တာအောင်လှိုင်ဖုန်း၊ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုပါရဂူဘွဲ့(တတိယနှစ်) သင်တန်းသူ ဒေါက်တာခိုင်မေဦး၊ လက်ထောက်ဆရာဝန် (အရိုး) ဒေါက်တာ ရာဇာအောင်စောဝင်း၊ ဆေးပညာမဟာသိပ္ပံ(ဒုတိယနှစ်) ဘွဲ့လွန် သင်တန်းသား ဒေါက်တာ စိုင်းသီဟ တို့ပါဝင်သော လက်ပိုင်းဆိုင်ရာခွဲစိတ်မှု ဆရာဝန်များအဖွဲ့၊ လက်ထောက်ဆရာဝန် (မေ့ဆေး) ဒေါက်တာဒေလီယာစိုးဝင်းနှင့် မေ့ဆေးဆရာဝန်များအဖွဲ့၊ သူနာပြုဆရာမကြီး ဒေါ်မို့မို့အောင် ဦးဆောင်သည့် သူနာပြုများအဖွဲ့နှင့် ဆက်စပ်ဌာနများဖြစ်သည့် ဓာတ်ခွဲ၊ ဓာတ်မှန် ကျွမ်းကျင်ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ၂၀၂၂ ခုနှစ်တွင် လက်ဖျံပြန်ဆက်သည့်ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သူတစ်ဦး၊ ၂၀၂၃ ခုနှစ်တွင် လက်မောင်းပြန်ဆက်သည့် ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သူ တစ်ဦ:၊ ၂၀၂၄ ခုနှစ်တွင် လက်မ ပြန်ဆက်သည့် ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သူ  တစ်ဦး ၊ ၂၀၂၅ ခုနှစ် ယခုအချိန်အထိ လက်ဖဝါးပြန်ဆက်သည့် ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သူ တစ်ဦးတို့အား  အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထိုသို့ လက်ပြတ်တောက်သွားသည့် လူနာကဲ့သို့ ပြတ်တောက်သွားသောလက်ကို ခွဲစိတ်ကုသမှုဆောင်ရွက်ရန်အတွက် ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းပေးပို့မည်ဆိုပါက ပြတ်တောက်သွားသောလက်အား ရေသန့်သန့် သို့မဟုတ် အကြောဆေးရည် (Normal Saline or Ringer Lactate) ဖြင့် ဆေးပြီးနောက် အကြောဆေးရည်ဖြင့် စိုစွတ်အောင် စိမ်ထားသော ခွဲစိတ်ခန်းသုံး အဝတ်စ (Gauze)ဖြင့်ပတ်၍ သန့်ရှင်းသော ပလတ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍လည်းကောင်း၊ အကြောဆေးရည်ထည့်ထားသော သန့်ရှင်းသည့် ပလတ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍လည်းကောင်း လုံခြုံစွာပိတ်ပြီး ရေခဲထည့်ထားသော ရေခဲပုံးအတွင်းထည့်၍ အမြန်ဆုံးလွှဲပြောင်း ပေးပို့နိုင်ကြောင်းသိရသည်။

25.06.2025
TBEA , TBEA , TBEA

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးသည် တီရန်ကျင်းမြို့ရှိ TBEA လျှပ်စစ်ကုမ္ပဏီရုံးချုပ်သို့ သွားရောက်လေ့လာ တွေ့ဆုံဆွေးနွေး

06/25/2025

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် လျှပ်စစ် transformer များ၊ ဓာတ်ကြိုးများနှင့် လျှပ်စစ်နည်းပညာဆိုင်ရာပစ္စည်းများထုတ်လုပ်သည့် TBEA ကုမ္ပဏီမှ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ ၂၃-၆-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် တီရန်ကျင်းမြို့ရှိ TBEA ရုံးချုပ်သို့ သွားရောက်လေ့လာပြီး အလုပ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။  

ထိုသို့သွားရောက်လေ့လာစဉ် TBEA ကုမ္ပဏီသည် မြန်မာနိုင်ငံအပါအဝင် ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တာဂျစ်ကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ကာဂျစ်စတန်၊ အန်ဂိုလာ၊ ဇမ်ဘီးယား စသည့် နိုင်ငံများ၌ လျှပ်စစ်စီမံကိန်းများ ဆောင်ရွက်ခဲ့ဖူးကြောင်း၊ ၎င်းတို့ကုမ္ပဏီသည် transformer ပုံစံမျိုးစုံ၊ လျှပ်စစ်ကေဘယ်လ်ဝါယာမျိုးစုံနှင့် လျှပ်စစ် power grid လိုင်းများ၊ နည်းပညာများကို အောင်မြင်စွာလုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

ထို့နောက် TBEA ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာရှိ Taishan Hall ၌ တွေ့ဆုံဆွေးနွေးစဉ် TBEA ၏ International Operations Department မှ ညွှန်ကြားရေးမှူး Mr. Liu Zhiyong က ၎င်းတို့ကုမ္ပဏီသည် သက်တမ်းရင့် လျှပ်စစ်ပိုင်းဆိုင်ရာ စီမံကိန်းမျိုးစုံကို ဆောင်ရွက်နိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် လျှပ်စစ် စီမံကိန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆက်လက်ပြီးလည်း ပိုမိုကောင်းမွန်ပြည့်စုံအောင် လိုအပ်သည်များကို အကောင်းဆုံးထောက်ပံ့ပေးလိုပါကြောင်းဖြင့် ဆွေးနွေးခဲ့သည်။

မြန်မာသံအမတ်ကြီးက ပြန်လည်ဆွေးနွေးရာတွင် TBEA တီရန်ကျင်းရုံးချုပ်သို့  လာရောက်လေ့လာခွင့်ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လျှပ်စစ်စွမ်းအင် လိုအပ်ချက်ရှိသည်ဖြစ်ရာ TBEA ၏ ကျွမ်းကျင်မှုဖြင့် မြန်မာလျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထင်ရှားသည့် အကျိုးရလဒ်များ ဖော်ဆောင်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာ၌ မျှမျှတတဖြင့် နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ရရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေးခဲ့သည်။

ထို့ပြင် လျှပ်စစ်စီမံကိန်းများနှင့်စပ်လျဉ်း၍ နည်းပညာနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်မှု မှတစ်ဆင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး တူညီသည့်ရည်မှန်းချက်အတိုင်း နှစ်ဖက်အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရသည်။

25.06.2025