
ဥတ္တရသီရိမြို့နယ်၌ စိုက်ပျိုးရေးအထောက်အကူပြု AI ဉာဏ်ရည်တု နည်းပညာပြန့်ပွားရေး ဆောင်ရွက်
06/24/2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုး ထုတ်လုပ်မှု အထောက်အကူဖြစ်စေသည့် AI ဉာဏ်ရည်တု နည်းပညာ ပြန့်ပွားရေးလုပ်ငန်းကို ဇွန် ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် မောင်းရမ်းကျေးရွာ၊ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်က အမှာစကားပြောကြားပြီး တက်ရောက်လာသည့် တောင်သူများ၏ ဖုန်းထဲသို့ Software များ ထည့်သွင်းပေးခြင်း၊ အသုံးပြုသည့် နည်းလမ်းများ စမ်းသပ်ပြသခြင်း စသည့်အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။
ဥတ္တရသီရိမြို့နယ်၌ ယနေ့အထိ ကျေးရွာအုပ်စု ငါးအုပ်စု၊ ဝန်ထမ်း ၂၅ ဦးနှင့် တောင်သူစုစုပေါင်း ၅၀ ဦးတို့ကို AI ဉာဏ်ရည်တု နည်းပညာပြန့်ပွားရေး လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ၄၉ ဦးအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၀ ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့
06/24/2025
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံ ဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ၄၉ ဦးအား ဇွန် ၂၃ ရက်နေ့တွင် မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၀ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့်အဆင်ပြေချောမွေ့စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များ ကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများ၊ အီသီယိုးပီးယား ဖယ်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူ သံရုံးကိုယ်စားလှယ် Ms. Amy Kristen Miller နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံတာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။
ထို့အတူ မြဝတီမြို့-မဲ့ထော်သလေး (KK Park) နယ်မြေသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် တရုတ်နိုင်ငံသား ရှစ်ဦးနှင့် ဗီယက်နမ်နိုင်ငံသား နှစ်ဦး၊ စုစုပေါင်း ၁၀ ဦးကို ဇွန်လ(၂၃)ရက်နေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဇွန် ၂၃ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉,၁၈၀ ကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈,၉၅၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၂၅ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်း လောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးကို စုံစမ်းဖော်ထုတ်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် တက်ကြွစွာ ဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိသည့်အပြင် အဆိုပါ လုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

မြန်မာနိုင်ငံစွမ်းအင်ကဏ္ဍအတွက် MTSH နှင့် တရုတ်နိုင်ငံ GCL SI ကုမ္ပဏီတို့ MoU ရေးထိုး
06/24/2025
မြန်မာနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍအတွက် မြန်မာသီလဝါအက်(စ)အီးဇက် ဟိုးဒင်း ပတ်ဘလစ်ကုမ္ပဏီလီမိတက် (MTSH) နှင့် တရုတ်စွမ်းအင်ကုမ္ပဏီ GCL System Integration Technology Co., Ltd (GCL SI) တို့အကြား နားလည်မှုစာချွန်လွှာ (MOU) ကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
၎င်းနားလည်မှုစာချွန်လွှာ (MoU) အရ GCL SI ကုမ္ပဏီသည် MTSH နှင့်အတူ မြန်မာနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစွမ်းရည် (၁၀၀) မဂ္ဂါဝပ်အထိရှိသော နေရောင်ခြည်ဓာတ်အားစနစ်များ (Floating Photovoltaic Power Plant နှင့် Centralized Photovoltaic Power Plant အပါအဝင်) တည်ဆောက်နိုင်မှုကို အတူတကွ ဆန်းစစ်သုံးသပ်ရန်နှင့် ပူးပေါင်းလုပ်ဆောင်မှုအဖွဲ့တစ်ခုကို တည်ထောင်၍ စီမံကိန်း၏ ဖြစ်နိုင်မှုကို ထိရောက်စွာ ဆန်းစစ်သုံးသပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
Golden Concord Holdings Limited (GCL Group) သည် တရုတ်နိုင်ငံ၏ ထင်ရှားသော စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ကာ ဟောင်ကောင်တွင် ဌာနချုပ် တည်ရှိသည်။
GCL ၏ အဓိကလုပ်ငန်းများမှာ သန့်ရှင်း၍ ပြန်လည်သုံးစွဲနိုင်သော စွမ်းအင်နည်းပညာများကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ နေရောင်ခြည်စွမ်းအင်ဆိုင်ရာပစ္စည်းများ (PV Materials) ထုတ်လုပ်ခြင်း၊ ရေနံနှင့် ဓာတ်ငွေ့ထုတ်လုပ်ခြင်း၊ Green Smart City များတည်ဆောက်ခြင်းနှင့် ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း စသည်တို့ဖြစ်ကြသည်။
လက်ရှိအချိန်တွင် GCL SI အနေဖြင့် ကမ္ဘာတစ်ဝန်း၌ ဆိုလာစွမ်းအင်ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး တရုတ်ပြည်မကြီးတွင် မော်ဂျူးထုတ်လုပ်မှုစက်ရုံ (၃) ခုနှင့် ဗီယက်နမ်တွင် (၁) ခုတည်ထောင်ထားကာ ကြီးမားသော ထုတ်လုပ်မှုစွမ်းရည် 30 GW အပြင် စွမ်းဆောင်ရည်မြင့် ဆဲလ်စွမ်းရည် 10 GW ကိုလည်း ဖြည့်ဆည်းထားပြီးဖြစ်သည်။
ယခုကဲ့သို့ MTSH ကုမ္ပဏီလီမိတက်နှင့် GCL SI ကုမ္ပဏီလီမိတက်တို့အကြား ပူးပေါင်းလုပ်ဆောင်ခြင်း မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီးထုတ်လုပ်မှုစီမံကိန်းများ၏ စီမံကိန်းဖြစ်နိုင်ချေလေ့လာမှုများ (Feasibility Study) ကို အတူတကွ ထိရောက်စွာ ဆန်းစစ်သုံးသပ်နိုင်မည်ဖြစ်သည့်အပြင် နည်းပညာ အထောက်အပံ့များစွာကို သင်ယူရရှိနိုင်မည်ဖြစ်ကာ MTSH အပါအဝင် ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီများ၊ တွဲဖက်ကုမ္ပဏီများ၏ လျှပ်စစ်လိုအပ်ချက်များကို ရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာသီလဝါ အက်(စ)အီးဇက် ဟိုးဒင်း ပတ်ဘလစ်ကုမ္ပဏီလီမိတက် (MTSH) မှ သိရသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
06/24/2025
နေပြည်တော် ဇွန် ၂၃
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီ၊ မေတ္တာကန်နှင့် ဆွမ်းဦးပုညရှင်စေတီတော်တို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိက အဆောက်အအုံများအား အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အပြီးသတ်ဖယ်ရှားရှင်းလင်းမှု၊ စေတီတော်ရင်ပြင်တိုးချဲ့ရန် မြေသားခိုင်မာမှု စမ်းသပ်စစ်ဆေးခြင်းနှင့် စေတီတော်လုံးပတ် ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်နေမှု၊ စေတီတော် ပရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဘက်စုံပြန်လည်ပြုပြင်တည်ဆောက်နေမှု၊ စစ်ကိုင်းမြို့အတွင်းရှိ သကျဓီတာ သီလရှင်စာသင်တိုက်နှင့် တောလေးထပ်ကျောင်းတိုက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို အပြီးသတ် ဖယ်ရှားရှင်းလင်းပြီး ပြန်လည်တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လုပ်ငန်းဆောင်ရွက်နေသူများအား အားဖြည့်အချိုရည်များ ပေးအပ်သည်။
ထို့နောက် စစ်ကိုင်းမြို့အတွင်းရှိ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ကျောင်းဆောင်များကို အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှု၊ စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်သင့် နေအိမ်အဆောက်အအုံများကို စက်ယန္တရားကြီး အသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုနှင့် မဟာစည်းခုံကြီးစေတီတော်ပရိဝုဏ်အတွင်း၌ ငလျင်ဘေးဒဏ်သင့်ပြည်သူများ နေထိုင်နိုင်ရန်အတွက် Modular House ဆောက်လုပ်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ အမှတ် (၁၆) အခြေခံ ပညာအထက်တန်းကျောင်း၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနအသီးသီး၏ အဖြေလွှာများကို စနစ်တကျ သိမ်းဆည်းဆောင်ရွက်ထားရှိမှုနှင့် သက်ဆိုင်ရာစာစစ်ဌာနသို့ အချိန်မီပေးပို့နိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် အောင်မြေသာစံမြို့နယ် ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်ရှိ အန္တရာယ်ရှိ အဆောက်အအုံအား စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းမှု၊ ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ ရှမ်းစုဆီးဘန်နီတိုက်အတွင်းရှိ အလယ်တိုက်ကြီးအုတ်ကျောင်းနှင့် ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်ရှိ မြင်းတန်းကျောင်းတိုက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အပျက်အစီးများအား တပ်မတော်သားများကလည်းကောင်း၊ စက်ယန္တရားကြီးများကို အသုံးပြု၍လည်းကောင်း အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားပြီး လုပ်ငန်းဆောင်ရွက်နေသူများအား အားဖြည့်အချိုရည်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

တာချီလိတ်မြို့၌ ငွေကျပ် ၆၀၄ ဒသမ ၉ သိန်းကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
06/24/2025
နေပြည်တော် ဇွန် ၂၃
တာချီလိတ်မြို့၌ ငွေကျပ် ၆၀၄ ဒသမ ၉ သိန်းကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်၂၁ ရက် ညနေပိုင်းက သတင်းအရ တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက် မြို့ပတ်လမ်းပေါ်တွင် အောင်မျိုးလင်း (ခ) အားဖာ မောင်းနှင်ပြီး အိုက်ဆမ် (ခ) အားဟုန် လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့နှစ်ဦးထံမှ အိုက်စ် (မက်သ်အဖက်တမင်း) ၆ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၆၀၀) ဖမ်းဆီးရမိသည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် လားဟူဈေးအနီး၌ အိုက်စ် (မက်သ်အဖက်တမင်း) များ ရောင်းချပေးသူ စိုင်းလုံ (ခ) ဝမ်ဒင်အား ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိပြီး တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ ၎င်း၏နေအိမ်အား ဆက်လက်သွားရောက်ရှာဖွေရာ အိုက်စ် (မက်သ်အဖက်တမင်း) ၀ ဒသမ ၀၀၅ ကီလို (တစ်ကီလို လျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၅၀၀၀၀)၊ အက်တက်စီဆေးပြား ၁၁ ပြား (တစ်ပြားလျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၄ ဒသမ ၄ သိန်း) နှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ကိုးပြား (တစ်ပြားလျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၆၃၀၀)တို့အား ထပ်မံဖမ်းဆီးရမိသဖြင့် အောင်မျိုးလင်း(ခ)အားဖာ (၂၂)နှစ်၊ အိုက်ဆမ်(ခ) အားဟုန် (၂၂)နှစ်နှင့် စိုင်းလုံ (ခ) ဝမ်ဒင်(၃၂)နှစ်တို့ သုံးဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။
အလားတူ မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု နန့်စီးအောင်ကျေးရွာအနီးတွင် ရွှေကူမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ရွှေကူစတားယာဉ်လိုင်းမှ HIACE အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် ဇော်မင်းနှင့် ခင်စန်းတင့်တို့ နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၇၂ သိန်း)၊ ဘိန်းဖြူ ၀ ဒသမ ၀၉၉ ကီလို(တစ်ကီလိုလျှင် ငွေကျပ်သိန်း ၄၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၃၉ ဒသမ ၆ သိန်း) ဖမ်းဆီးရမိသဖြင့် ဇော်မင်း (၅၀)နှစ်၊ ခင်စန်းတင့် (၄၉) နှစ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်