4-4

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရီနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဒူစစ်မေနဖန်တို့ကို သီးခြားစီလက်ခံတွေ့ဆုံ

07/04/2025

နေပြည်တော် ဇူလိုင် ၃

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာ လျိုကျုံးရီကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင်လည်းကောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဒူစစ်မေနဖန်ကို ညနေ ၄ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ နယ်စပ် ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးအတွက် ဥပဒေရေးရာပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ နယ်စပ်ဒေသတစ်လျှောက် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုကွန်ရက်များကို တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံသက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် မြန်မာ-တရုတ်-ထိုင်း (၃) နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းမြှင့်တင်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်နှင့် တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရေး၊ နှစ်နိုင်ငံ အကျိုးစီးပွား ဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားရေးနှင့် ငလျင်ဒဏ်ကယ်ဆယ်ရေးလုပ်ငန်းများအပြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို အရှိန်အဟုန် မြှင့်တင်သွားရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရေးအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြား ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးစသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

04.07.2025
4-2

မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် အဖွင့်ဗီဒီယိုမိန့်ခွန်း

07/04/2025

(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)

အားလုံးမင်္ဂလာပါ

ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ၊ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ပထမဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ယနေ့ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ဟာ နိုင်ငံတစ်ဝန်းလုံးမှာ နေထိုင်ကြတဲ့ မြန်မာအမျိုးသမီးများအားလုံးအတွက် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ နိုင်ငံရဲ့အရေးပါတဲ့ အခန်းကဏ္ဍအသီးသီးမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ ထူးချွန်အမျိုးသမီးများကို ဂုဏ်ပြုတဲ့နေ့လည်းဖြစ်သလို အလွှာပေါင်းစုံက အမျိုးသမီးများကို စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးဖို့ ကျင်းပပြုလုပ်တာဖြစ်တဲ့အတွက် မြန်မာအမျိုးသမီးများအားလုံးကို ဂုဏ်ပြုတာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

မြန်မာအမျိုးသမီးများဟာ သနားကြင်နာတတ်သူတွေ၊ ကြံ့ကြံ့ခံနိုင်တဲ့သူတွေ၊ စွမ်းဆောင်ရည်ရှိသူတွေဖြစ်ကြပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အသိပညာ၊ အတတ်ပညာနဲ့ အနုပညာစတဲ့ နယ်ပယ်အသီးသီးမှာသာမက နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးနယ်ပယ်များအထိပါ အမျိုးသားများနဲ့ရင်ပေါင်တန်းပြီး တိုင်းကျိုး ပြည်ပြုလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြတာကိုလည်း တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ မျက်မှောက်ကာလမှာလည်း မြန်မာအမျိုးသမီးတွေဟာ ကဏ္ဍအသီးသီးရဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့အဆင့်တွေမှာတောင် ပါဝင်ဆောင်ရွက်နေကြပြီဆိုတာ သိသာထင်ရှားစွာ တွေ့မြင်နေရပြီ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကို မလွှဲမရှောင်သာဘဲ တာဝန်ယူရတဲ့အချိန်မှာ နိုင်ငံနဲ့ မိမိရဲ့တာဝန်ကို ချစ်မြတ်နိုးတန်ဖိုးထားတဲ့ အမျိုးသမီးများအနက် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးစတဲ့ နယ်ပယ်အသီးသီးမှာ သက်စွန့်တာဝန်ထမ်းဆောင်သူများလည်း ရှိခဲ့ကြပါတယ်။ အလားတူပဲ ဘာသာသာသနာ၊ စာပေ၊ အနုသုခမနယ်ပယ်များမှာလည်း ဂုဏ်ယူဖွယ်ရာ ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါကြောင့် နိုင်ငံ တော်က မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ထူးခြားလေးနက်စွာဆောင်ရွက်ခဲ့ကြတဲ့ ၎င်းတို့ကို ဘွဲ့တံဆိပ်များ ချီးမြှင့်ဂုဏ်ပြုပါကြောင်း ပြောကြားလိုပါတယ်။

မတ်လ (၈) ရက်နေ့က ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို “တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများစွမ်းရည်မြှင့်တင်စို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှာ ကျင်းပခဲ့ပါတယ်။ ဒီနှစ်ကတော့ ဘေဂျင်းကြေညာ စာတမ်းနဲ့ လုပ်ငန်းစီမံချက် နှစ် (၃၀) ပြည့်နှစ်ဖြစ်တာနဲ့အညီ ဘက်စုံ၊ ကဏ္ဍစုံက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးဖို့နဲ့ အခွင့်အလမ်းတွေ ပိုမိုလက်လှမ်းမီရရှိစေဖို့ ဆောင်ရွက်ပေးရန် အသိပေးနှိုးဆော်ထားပါတယ်။

ဒီလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာလည်း အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်းရဲ့ လုပ်ငန်းနယ်ပယ် (၁၂) ရပ်နဲ့ ချိတ်ဆက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များနဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျား မတန်းတူညီမျှ အခွင့်အရေးများရရှိစေဖို့အတွက် နိုင်ငံတကာကတိကဝတ်များမှာ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ ၁၉၉၅ ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံရဲ့လုပ်ငန်းနယ်ပယ် (၁၂) ရပ် ပါဝင်တဲ့ ဘေဂျင်းကြေညာစာတမ်း၊ ၁၉၇၉ ခုနှစ်မှာ ကုလသမဂ္ဂက အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနဲ့ ၂၀၁၅ ခုနှစ်မှာ ကုလသမဂ္ဂကချမှတ်ခဲ့တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ အာဆီယံဒေသတွင်းလုပ်ငန်းများဖြစ်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး၊ အမျိုးသမီးငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ ကျား မ ရေးရာထည့်သွင်းစဉ်းစားခြင်း မဟာဗျူဟာမူဘောင်၊ အမျိုးသမီးများနိုင်ငံရေးတွင် ပါဝင်မှုနဲ့ ခေါင်းဆောင်မှုစတဲ့လုပ်ငန်းစီမံချက်တွေမှာ ပါဝင်ဆောင်ရွက်လျက်ရှိနေပါတယ်။ အလားတူ မဲခေါင်ဒေသတွင်း နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ ကျား မရေးရာမဟာဗျူဟာ အကောင် အထည်ဖော်ရေးစီမံကိန်းတွေမှာလည်း ပါဝင်ပြီး အမျိုးသမီးများရဲ့အခွင့်အရေး မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

အမျိုးသမီးကဏ္ဍမြှင့်တင်ဆောင်ရွက်ရာမှာ အမျိုးသမီးများရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်ရှိမှုဟာ အရေးပါသလို ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့ အဆင့်တွေမှာလည်း အမျိုးသမီးများ ပိုမိုပါဝင်နိုင်ဖို့ လိုအပ်ပါတယ်။ မြန်မာစာရင်းအင်းစာစောင် (၂၀၂၄) အရ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အချက်အလက်စာရင်းဇယားတွေမှာ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ နိုင်ငံ့ဝန်ထမ်းများရဲ့ ၆၀ ဒသမ ၁၄ ရာခိုင်နှုန်းဟာ အမျိုးသမီးများဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ အမျိုးသမီးအချိုးအစားမှာလည်း ဒုတိယညွှန်ကြားရေးမှူးနဲ့ အထက်ဝန်ထမ်းဦးရေမှာ အမျိုးသမီးပါဝင်မှုရာခိုင်နှုန်းမှာ ၅၃ ဒသမ ၆၃ ရာခိုင်နှုန်း ဖြစ်တာကို တွေ့ရှိရပါတယ်။

မြန်မာစာရင်းအင်းစာစောင်(၂၀၂၄)အရ ကျန်းမာရေးကဏ္ဍမှာ မွေးဖွားမှုနဲ့ သေဆုံးမှုစာရင်းအင်းများအရ မျှော်မှန်းသက်တမ်းဟာ ၂၀၂၂ ခုနှစ်မှာ အမျိုးသားများဟာ ၆၃ နှစ်ခန့်ရှိပြီး အမျိုးသမီးများဟာ ၇၂ နှစ်ခန့်ရှိတဲ့အတွက် အမျိုးသမီးများက အမျိုးသားများထက် အသက်ပိုရှည်ကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် တစ်နှစ်အောက် ကလေးသေဆုံးမှုနှုန်း၊ ငါးနှစ်အောက် ကလေးသေဆုံးမှုနှုန်းနဲ့ စုစုပေါင်းမွေးဖွားမှုနှုန်းတို့မှာ နှစ်အလိုက်ကျဆင်းလာတဲ့အတွက် အမျိုးသမီးများအနေနဲ့ ကျန်းမာရေးဗဟုသုတနဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ ပိုမိုကောင်းမွန်လာကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။

တိုင်းပြည်တိုးတက်ခြင်းရဲ့ အခြေခံဟာ ပညာတတ်များ ပေါကြွယ်ဝခြင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အသိပညာ၊ အတတ်ပညာနဲ့ ပြည့်စုံတဲ့ လူသားအရင်းအမြစ်ကောင်းတွေ များပြားတိုးတက် လာစေဖို့အတွက် မဖြစ်မနေလိုအပ်တဲ့အတွက် နိုင်ငံသားတိုင်း ပညာရည်မြင့်မားရေးနဲ့ ဗလငါးတန်ပြည့်စုံရေးကို အစိုးရအနေနဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အနာဂတ်ရဲ့မျိုးဆက်သစ်ခေါင်းဆောင်များဖြစ်တဲ့ လူငယ်တွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ဖို့အတွက် ခေတ်မီပညာရေးနဲ့ ခေတ်မီနည်းပညာများ သင်ကြားရာမှာ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိသလို စာတတ်မြောက်ရေးနဲ့ ပညာရေးပြီးဆုံးမှုတို့ မြင့်မားအောင်လည်းပဲ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါတယ်။

အာဆီယံအတွင်းရေးမှူးချုပ်ရုံးနဲ့ UN Women တို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အာဆီယံဒေသတွင်း ကျား မ ရေးရာ လေ့လာတွေ့ရှိချက်အစီရင်ခံစာ (၂၀၂၄) အရ အာဆီယံနိုင်ငံများအတွင်း အမျိုးသမီးများ နိုင်ငံရေးမှာပါဝင်မှု ၂၂ ရာခိုင်နှုန်း၊ ရင်းနှီးကျွမ်းဝင်သူလက်တွဲဖော်ရဲ့ အကြမ်းဖက်ခံရမှုမှာ နှစ်စဉ် ၉ ရာခိုင်နှုန်း၊ လုပ်ခလစာမရရှိတဲ့ ပြုစု စောင့်ရှောက်မှုနဲ့ အိမ်မှုကိစ္စများမှာ အမျိုးသမီးများရဲ့ အချိန်ကုန်ဆုံးမှုမှာ အမျိုးသားများထက် အချိန် ၂ ဆကျော်ရှိကြောင်း တွေ့ရပါတယ်။ နည်းပညာလက်လှမ်းမီမှုနဲ့ ပတ်သက်ပြီး မိုဘိုင်းဖုန်းပိုင်ဆိုင်မှုမှာ အမျိုးသား ၆၉ ရာခိုင်နှုန်းရှိပြီး အမျိုးသမီး ၆၃ ရာခိုင်နှုန်းသာရှိကြောင်းနဲ့ မြေယာပိုင်ဆိုင်မှုမှာ ကျား မ ရေးရာကွာဟမှုရှိကြောင်းလည်း တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဆယ်ကျော်သက်အရွယ် ကလေးမွေးဖွားမှုနှုန်းမှာ ၀ ဒသမ ၂ ရာခိုင်နှုန်းသာရှိပြီး အာဆီယံနိုင်ငံ များအကြား အနည်းဆုံးဖြစ်တဲ့အတွက် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာများ တိုးတက်မှုရှိတာကိုလည်း တွေ့ရှိရပါတယ်။

လေ့လာမှုစစ်တမ်းတွေအရ နယ်ပယ်အသီးသီးက အမျိုးသမီးများနဲ့ မိန်းကလေးငယ်များ စွမ်းဆောင်ရည်မြင့်မားပြီး ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ဒေသဆိုင်ရာကော်မတီအဆင့်ဆင့်တို့နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)ကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ဦးဆောင်ကော်မတီနဲ့ လုပ်ငန်းကော်မတီ (၁၂) ရပ် တို့မှာပါဝင်တဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများ အဖွဲ့အစည်းများအားလုံးက ပိုမိုကြိုးပမ်းဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

ဒါ့အပြင် သဘာဝဘေးဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာလည်း ကျား မရေးရာ အလေးထားတဲ့ လုပ်ငန်းစီမံချက်များ ဆောင်ရွက်ပေးနိုင်ဖို့၊ ကျေးလက်နဲ့ မြို့ပြမှာရှိတဲ့ အမျိုးသမီးများအားလုံး အသက်မွေးဝမ်းကျောင်း လုပ်ငန်းများမှာ ပြန်လည်လုပ်ကိုင်နိုင်ပြီး စီးပွားရေးစွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ဖို့ အားလုံးဝိုင်းဝန်း ပံ့ပိုးဆောင်ရွက်ပေးကြပါလို့ မှာကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ရာမှာ အမျိုးသမီးထုကြီးတစ်ရပ်လုံးက အမျိုးသားအားလုံးနဲ့အတူ တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အနာဂတ်နိုင်ငံတော်အတွက် အမျိုးသမီးများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်စွာနဲ့ ယခုထက်ပိုမိုပါဝင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

04.07.2025
4-1

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ -၂၀၂၅ သို့ တက်ရောက်အမှာစကားပြောကြား

07/04/2025

နေပြည်တော် ဇူလိုင် ၃

နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ - ၂၀၂၅ (International Conference on Intellectual Property – 2025) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine Naypyitaw ဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ မူပိုင်ခွင့်ပညာရှင်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပြည်တွင်းပြည်ပ စာတမ်းရှင်များ၊ ဥပဒေကျွမ်းကျင်သူပညာရှင်များ၊ မူပိုင်ခွင့်ဆိုင်ရာ ပါရဂူဘွဲ့သင်တန်းသားများ၊ အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတကာမူပိုင်ခွင့်ညီလာ ခံ - ၂၀၂၅ (International Conference on Intelle-ctual Property – 2025) ကို Digital နည်းပညာ အသုံးပြု၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

တေးသီချင်းဖြင့် ဖျော်ဖြေ

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ညီလာခံအထိမ်းအမှတ် တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

များစွာအထောက်အကူပြုစေမည်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားမှုသည် ကဏ္ဍအလိုက် ဆန်းသစ်တီထွင်ဖန်တီးနိုင်မှု၊ နိုင်ငံအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်စီးဆင်းမှုများပြားလာမှုစသည့် အချက်များအပေါ်တွင် မူတည်လျက်ရှိကြောင်း၊ အထူးသဖြင့် နိုင်ငံခြားကုန်သွယ်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များတွင် မူပိုင်ခွင့်ကိစ္စသည် ပိုမိုကျယ်ပြန့်လာပြီး မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် ခိုင်မာတောင့်တင်းသည့် မူပိုင်ခွင့်စနစ်တည်ရှိနေခြင်းသည် စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြင့်မားလာစေရေးတို့အတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။

ဦးတည်ချက်ဖြင့် ဆွေးနွေး

မူပိုင်ခွင့်ကဏ္ဍနှင့်စပ်လျဉ်းပြီး နိုင်ငံတကာ၏ မူပိုင်ခွင့်စနစ် ကျင့်သုံးနေမှုအခြေအနေ၊ အားသာချက်၊ အားနည်းချက်နှင့် ဆက်လက်ဆောင်ရွက်သင့်သည့် ရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်ရန်အတွက် ယခုကဲ့သို့ နိုင်ငံတကာမူပိုင်ခွင့်ညီလာခံကို ကျင်းပခြင်းဖြစ်ကြောင်း၊ ထို့အပြင် မူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟုသုတများ မြင့်မားတိုးတက်စေရန်၊ ဆန်းသစ်တီထွင်မှု၊ ဖန်တီးနိုင်မှုနှင့် စွန့်ဦးတီထွင်မှုတို့ကို မြှင့်တင်ပေးရန်၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်တို့သည်လည်း ညီလာခံ၏ ရည်ရွယ်ချက်များပင်ဖြစ်ကြောင်း၊ ယခုညီလာခံကြီးကို “မြန်မာနိုင်ငံတွင် ဆန်းသစ်တီထွင်မှု၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် ယဉ်ကျေးမှုထိန်းသိမ်းမှုတို့ကို အားပေးလှုံ့ဆော်သော မူပိုင်ခွင့်ဂေဟစနစ်ကို အားကောင်းစေရန်” ဆိုသည့် ဦးတည်ချက်ဖြင့် ဆွေးနွေးသွားကြရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ပုဒ်မ ၃၇(ဂ)တွင် “နိုင်ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ခွင့်ပြုရမည်” ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့အပြင် ပုဒ်မ ၃၇၂ တွင်လည်း “ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း မဆန့်ကျင်စေဘဲ စီးပွားရေးကိစ္စများကို ဆောင်ရွက်ရာတွင် ပစ္စည်းပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်နှင့် ကိုယ်ပိုင်တီထွင်ခွင့်၊ မူပိုင်ခွင့်တို့ကို နိုင်ငံတော်ကအာမခံသည်” ဟုလည်း ပြဋ္ဌာန်းထားကြောင်း။

အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

ထို့ကြောင့် ပြည်သူများ၏ အကျိုးစီးပွားနှင့် တီထွင်ဖန်တီးမှုများကို ထိရောက်စွာ အကာအကွယ်ပေးနိုင်စေရန်အတွက် မူပိုင်ခွင့်ဥပဒေ (၄) မျိုးဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေများကို ၂၀၁၉ ခုနှစ်အတွင်း၌ အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေများကို ၂၀၂၃ ခုနှစ် တွင်လည်းကောင်း၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေကို ၂၀၂၄ ခုနှစ်တွင်လည်းကောင်း အာဏာတည်ခဲ့ပြီး အထူးဥပဒေ (Special Law) များအနေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ကြောင်း။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO)တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မူပိုင်ခွင့်နှင့်ဆက်စပ်သည့် ကုန်သွယ်မှုဆိုင်ရာသဘောတူစာချုပ် (Trade Rela-ted Aspect of Intellectual Property Rights – TRIPS Agreement)ကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အလားတူ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများအကြား မူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (ASEAN Framework Agreement on Intellectual Property Co-operation) ကိုလည်း ပါဝင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း။

ထို့အပြင် အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) တွင်ပါရှိသည့် အာဆီယံဒေသတွင်းမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အခြားသောဒေသတွင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံတွေနည်းတူ မူပိုင်ခွင့်ကိစ္စများတွင် လိုက်နာကျင့်သုံး အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း။

များစွာအထောက်အကူပြု

နိုင်ငံတော်အနေဖြင့် ကုလသမဂ္ဂအဖွဲ့က သတ်မှတ်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို ဒေသတွင်းနိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ဘက်စုံရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) (Myanmar Sustainable Development Plan-MSDP) ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစီမံကိန်းများတွင် မူပိုင်ခွင့် ကအခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေသည့်အတွက် ကဏ္ဍအားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့သည့် စက်မှုလုပ်ငန်း တည်ထောင်ခြင်းအပါအဝင် ဆန်းသစ်တီထွင်မှုများကို အားပေးမြှင့်တင်ရာတွင် မူပိုင်ခွင့်စနစ်ကျင့်သုံးခြင်းက များစွာအထောက်အကူ ပြုပေးနိုင်မည်ဖြစ်ကြောင်း။

ဆန်းသစ်တီထွင်မှုများသည် လူသားအားလုံးအတွက် အစဉ်အမြဲလိုအပ်နေသည့် အရာဖြစ်ကြောင်း၊ ရှေးဦးတီထွင်ဆန်းသစ်သူများကြောင့်လည်း ဒီနေ့ဖွံ့ဖြိုးတိုးတက်မှုများကို မိမိတို့ရရှိခံစားနေကြရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဆန်းသစ်တီထွင်မှုနှင့် ဖန်တီးမှုများ မြင့်မားတိုးတက်လာစေရန်အတွက် တက္ကသိုလ်များ၊ သုတေသနဌာနများနှင့် MSME လုပ်ငန်းရှင်များအကြား ချိတ်ဆက်ပေးမည့် ဂေဟစနစ်တစ်ရပ်ကိုလည်း ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းရှင်များ အသုံးပြုလျက်ရှိကြသည့် အမှတ်တံဆိပ်များ၊ ထုတ်လုပ်သည့် ဖန်တီးမှုဒီဇိုင်းများ၊ တီထွင်ဖန်တီးမှုများနှင့် စာပေနှင့်အနုပညာလက်ရာများသည် မူပိုင် ခွင့်အကာအကွယ်ပေးသည့်စနစ်ဖြင့် အကာအကွယ်ရယူနိုင်မည်ဖြစ်ကြောင်း။

တက္ကသိုလ်များနှင့် သုတေသနဌာနများက တီထွင်ဖန်တီးမှုများကို ဈေးကွက်တွင် ဖြန့်ဖြူးနိုင်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းသည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်သော ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင့်သုံးနေသည့်စနစ်တစ်ရပ် ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME ကဏ္ဍတွင် မူပိုင်ခွင့်အသုံးချမှုမြှင့်တင်နိုင်ရေးကိုလည်း တွန်းအားပေးဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။

ယနေ့ကစပြီး ကျင်းပပြုလုပ်မည့် နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ - ၂၀၂၅ တွင် အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ မူပိုင်ခွင့်စနစ်ဖွံ့ဖြိုးတိုးတက်စေရန် ကဏ္ဍအစုံက ဆောင်ရွက်နေမှုများ၊ နည်းပညာတိုးတက်မှုများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူပိုင်ခွင့်အကာအကွယ်ယူခြင်းကဏ္ဍ၊ ဒစ်ဂျစ်တယ်မီဒီယာနှင့် မူပိုင်ခွင့်၊ ဒေသထွက်ကုန်နှင့် ရိုးရာအသိပညာများကို မူပိုင်ခွင့်နှင့် အကာအကွယ်ပေးခြင်းစသည့် ကဏ္ဍများကို ဆွေးနွေးသိရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်တွင်း၊ ပြည်ပက ပညာရှင်များ၏ သုတေသနစာတမ်းများကတစ်ဆင့် မူပိုင်ခွင့်၏ အရေးပါပုံနှင့် မူပိုင်ခွင့်ဆိုင်ရာအသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေမည်လည်းဖြစ်ကြောင်း။

ထို့အပြင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် အနာဂတ်လူငယ်များအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာနယ်ပယ်တွင် အောင်မြင်သည့်နည်းလမ်းများ၊ အကောင်းဆုံးအလေ့အကျင့်များနှင့် သင်ခန်းစာများကို လေ့လာဆည်းပူးအသုံးပြုနိုင်ကြမည်လည်းဖြစ်ကြောင်း၊ ညီလာခံကို တက်ရောက်လာကြသူများအနေဖြင့်လည်း ပညာရှင်များဖတ်ကြားမည့် မူပိုင်ခွင့်ဆိုင်ရာ သုတေသနစာတမ်းများမှ ဗဟုသုတများနှင့် တွေ့ရှိချက်များကို လေ့လာသုံးသပ်ပြီး မူပိုင်ခွင့်ဆိုင်ရာ စိန်ခေါ်မှုများ၊ ပြဿနာများကို ဖြေရှင်းပေးနိုင်မည့် မူပိုင်ခွင့်ဆိုင်ရာအသိအမြင်များကို ပိုမိုတိုးတက်မြင့်မားလာပြီး ရရှိသည့်အသိပညာများကို လက်ဆင့်ကမ်းမျှဝေအကျိုးပြုနိုင်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း။

နိုင်ငံတကာမူပိုင်ခွင့်ညီလာခံမှတစ်ဆင့် ရရှိလာမည့် ဆွေးနွေးသုံးသပ်ချက်ရလဒ်ကောင်းများနှင့် လေ့လာတွေ့ရှိချက်များကို စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန်သည့် မူပိုင်ခွင့်စနစ်တစ်ရပ် ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားတစ်ရပ်အဖြစ် အသုံးချသွားကြရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပညာရှင်များအနေဖြင့် မိမိတို့၏ ကဏ္ဍအလိုက် တာဝန်ခံဝန်ကြီးဌာနနှင့် ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် နိုင်ငံတကာမူပိုင်ခွင့် ညီလာခံ - ၂၀၂၅ (International Conference on Intellectual Property – 2025) Documenteary ကို ကြည့်ရှုကြသည်။

စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ - ၂၀၂၅ (International Conference on Intellectual Property – 2025) အထိမ်းအမှတ်ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ - ၂၀၂၅ (International Conference on Intellectual Property – 2025) အား ဇူလိုင် ၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပမှ စာတမ်းရှင်များက သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

04.07.2025
03 , 04

ပိုလန်နိုင်ငံ၊ Krakow မြို့၌ ကျင်းပခဲ့သည့် (၄၆) ကြိမ်မြောက် အာရှ-ဥရောပဖောင်ဒေးရှင်း (ASEF) အုပ်ချုပ်ရေးမှူးများ ဘုတ်အဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်

“(၄၆) ကြိမ်မြောက် အာရှ-ဥရောပဖောင်ဒေးရှင်း (ASEF) အုပ်ချုပ်ရေးမှူးများ ဘုတ်အဖွဲ့အစည်း အဝေး” ကို ပိုလန်နိုင်ငံ၊ Krakow မြို့၊ အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှုစင်တာ၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ရာ၊ မြန်မာကိုယ်စားလှယ် သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဟန်သိန်းကျော် ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။ 

အဆိုပါအစည်းအဝေး၏ သဘာပတိအဖြစ် ဥရောပသမဂ္ဂမှ သံအမတ်ကြီး H.E. Mr. Ioannis Argyropoulos က ဆောင်ရွက်ခဲ့ပြီး၊ အစည်းအဝေးသို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ASEF အမှုဆောင်ညွှန်ကြားရေးမှူး ပိုလန်နိုင်ငံမှ သံအမတ်ကြီး H.E. Beata Stoczynska ၊ ASEF ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး တရုတ်နိုင်ငံမှ Mr. Zhang Lei ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ် H.E. Mr. Nararya S. Soeprapto အပါအဝင် ASEF အုပ်ချုပ်ရေးမှူးများ၊ ကိုယ်စားလှယ်များနှင့် ASEF အမှုဆောင်ရုံးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

အစည်းအဝေး တက်ရောက်လာကြသူများက ASEF ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ၊ နှစ်စဉ်ထည့်ဝင်ကြေး (သဒ္ဓါကြေး) ထည့်ဝင်နေမှုများနှင့် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တို့တွင် ASEF က အကောင်အထည်ဖော်ရန်ရှိသည့် စီမံကိန်း (Project) များအပေါ် ခြုံငုံသုံးသပ်ကာ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ 

မြန်မာနိုင်ငံသည် အာရှ-ဥရောပ ပူးပေါင်းဆောင်ရွက်မှုအပေါ် အလေးထားသည့် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ၂၀၀၅-၂၀၀၆ ခုနှစ်မှစတင်၍ ASEF သို့ နှစ်စဉ် ထည့်ဝင်ကြေး (သဒ္ဓါကြေး) များ ပုံမှန်ထည့်ဝင်လျက်ရှိသည်။ 

ASEF အုပ်ချုပ်ရေးမှူးများ အားလုံးတက်ရောက်သည့် ဘုတ်အဖွဲ့ စုံညီအစည်းအဝေး (Full Board Meeting) ၌ မြန်မာကိုယ်စားလှယ်က ယခုအစည်းအဝေးကို အိမ်ရှင်အဖြစ် Krakow မြို့၌ လက်ခံကျင်းပပေးသည့် ပိုလန်နိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း၊ ASEF က အကောင်အထည် ဖော်လျက်ရှိသည့် စီမံကိန်းများ တိုးတက်များပြားလာသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် ASEF ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများအောင်မြင်စေရေးအတွက် ASEF အမှုဆောင် ညွှန်ကြားရေးမှူးနှင့် အမှုဆောင်ရုံးအဖွဲ့မှ ဝန်ထမ်းများအားလုံး၏ ကြိုးပမ်းအားထုတ်မှုများ အပေါ် အသိအမှတ်ပြုပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ 

အစည်းအဝေး၌ အာရှဒေသအုပ်စုမှ အဆိုပြုသည့် ထိုင်းနှင့် ကိုရီးယားအုပ်ချုပ်ရေးမှူးတို့အား အာရှဒေသအုပ်စု၏ အမှုဆောင်ကော်မတီဝင်အဖြစ်လည်းကောင်း၊ ဥရောပဒေသအုပ်စုမှ အဆိုပြုသည့် စပိန်အုပ်ချုပ်ရေးမှူးအား ဥရောပဒေသအုပ်စု၏ အမှုဆောင်ကော်မတီဝင်အဖြစ် လည်းကောင်း ရွေးကောက်တင်မြှောက်ခဲ့သည်။

ဇွန်လ ၂၅ ရက်၊ ညနေပိုင်းတွင် Krakow မြို့တော်ဝန် H.E. Aleksander Miszalski က အစည်းအဝေးတက်ရောက်လာကြသည့် ကိုယ်စားလှယ်များအား Krakow မြို့၊ Wielopolski Palace ၌ ဂုဏ်ပြုကြိုဆိုဧည့်ခံပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ အလားတူ ဇွန်လ ၂၇ ရက် ညနေပိုင်းတွင် အစည်းအဝေးတက်ရောက်လာကြသည့် ကိုယ်စားလှယ်များအတွက် ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ASEF ယဉ်ကျေးမှုပွဲတော်နှင့် ဂုဏ်ပြုညစာစားပွဲတစ်ရပ်ကို Krakow မြို့ရှိ Manggha Museum ၌ ကျင်းပပြုလုပ်ခဲ့သည်။

အာရှ-ဥရောပဖောင်ဒေးရှင်း (ASEF) သည် အာရှနှင့် ဥရောပရှိ ပြည်သူလူထုနှင့် အဖွဲ့ အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုလွယ်ကူစေရေး၊ ဆက်ဆံရေးခိုင်မြဲစေရေးနှင့် နားလည်မှုမြှင့်တင်ရေးတို့တွင် အထောက်အကူပြုပါသည်။ ASEF ကို အာရှ-ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး (ASEM) က ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ယေဘုယျအားဖြင့် ASEF ၌ အာရှနှင့်ဥရောပမှ မိတ်ဖက်အဖွဲ့ဝင်နိုင်ငံပေါင်း ၅၁ နိုင်ငံ (ဥရောပနိုင်ငံ ၃၀ နှင့် အာရှနိုင်ငံ ၂၁ နိုင်ငံ) နှင့် အဖွဲ့အစည်း (၂) ခု (ဥရောပသမဂ္ဂ နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး) တို့ ပါဝင် သည်။ ၁၉၉၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်တည်ထောင်ခဲ့သည့် ASEF သည် ASEM ၏ အမြဲတမ်းအဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး၊ စင်ကာပူနိုင်ငံ၌ အခြေစိုက်ကြောင်း သိရသည်။ 

03.07.2025
MDD

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ နေပြည်တော်တွင်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အထောက်အပံ့ဖြင့် အလုပ်ရုံဆွေးနွေးပွဲ(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားကျင်းပ

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ နေပြည်တော်တွင်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အထောက်အပံ့ဖြင့် Workshop on “Organizational Culture Development for Newly Appointed Officers and Staff from Department of Human Resources for Health” အလုပ်ရုံဆွေးနွေးပွဲ(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ခုနှစ်၊ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာတင်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာ တင်တင်လေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အရာရှိ၊ အမှုထမ်းကြီး၊ အမှုထမ်းငယ် (ရုံးအကူများအပါအဝင်) သင်တန်းသူ/သင်တန်းသား (၅၃)ဦးတို့ တက်ရောက်ခဲ့သည်။

     အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတွင် တာဝန် ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများ၏စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့်အဖွဲ့အစည်းအောင်မြင် တိုးတက်စေရန်၊ ဝန်ထမ်းကျင့်ဝတ်/ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းခွင်ဆိုင်ရာကျင့်ဝတ်နှင့် လုပ်ငန်းခွင်ပြဿနာများဖြေရှင်းခြင်း၊ အသင်းအဖွဲ့နှင့်လုပ်ဆောင်တတ်စေခြင်း၊ ရုံးလုပ်ငန်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ဝန်ထမ်းများအကြား ပူးပေါင်းဆက်သွယ်ဆောင်ရွက်နိုင်စေ ခြင်းများအတွက်ရည်ရွယ်၍ ဒုတိယအကြိမ်အဖြစ် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ (၃)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

 

 

 

Image removed.
03.07.2025