MDD

ပိုးသတ်ဆေးဥပဒေအကြောင်းသိကောင်းစရာနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းအန္တရာယ် လျှော့ချသည့်နည်းလမ်းများ ဆွေးနွေး

07/13/2025

နေပြည်တော် ဇူလိုင် ၁၂

စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများနှင့် တောင်သူများ စဉ်ဆက်မပြတ် ထိတွေ့အဖြေရှာနိုင်ကြစေရန် အပတ်စဉ် စနေနေ့တိုင်းကျင်းပလျက်ရှိသည့် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက (၇၅)ကြိမ်မြောက်အဖြစ် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိစိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC ခန်းမ၌ကျင်းပရာ သက်ဆိုင်ရာပညာရှင်များက ပိုးသတ်ဆေးဥပဒေအကြောင်းသိကောင်းစရာနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းအန္တရာယ် လျှော့ချသည့်နည်းလမ်းများခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

အဆိုပါ တောင်သူနည်းပညာဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပိုးသတ်ဆေးသုံးစွဲသူများ ဘေးအန္တရာယ်ကင်းရှင်းရန်၊ စားသုံးသူများနှင့် သဘာဝပတ်ဝန်းကျင်ဘေးအန္တရာယ်ကင်းရှင်းရန်နှင့် တောင်သူများ ပိုးသတ်ဆေးသုံးစွဲရာတွင် အရည်အသွေးစစ်မှန်ပြီး အကျိုးအာနိသင်ထိရောက်မှုရှိစေရန် ရေးဆွဲအတည်ပြုပြဋ္ဌာန်းထားသည့် ပိုးသတ်ဆေးဥပဒေဆိုင်ရာ သိသင့်သိထိုက်သည်များ၊ ပိုးသတ်ဆေးဓာတ်ကြွင်းအန္တရာယ် လျှော့ချရေးနည်းလမ်းများကို ကျွမ်းကျင်သူပညာရှင်များက ဆွေးနွေးပို့ချသွားကြမည်ဖြစ်ရာ တက်ရောက်လာကြသည့် တောင်သူများအနေဖြင့် ဆွေးနွေးပို့ချမှုများကို နားထောင်ရုံမျှမက မိမိတို့၏ အတွေ့အကြုံဗဟုသုတများကို ပြန်လည်မျှဝေပေးကြစေလိုကြောင်း၊ မိမိတို့၏ စိုက်ပျိုးထုတ်ကုန်များ ပြည်ပဈေးကွက်ရရှိရေးအတွက် ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်ပါဝင်မှုသည် အထူးအရေးကြီးပါကြောင်း၊ တောင်သူကြီးများ၏ အသိပညာ၊ ဗဟုသုတကြွယ်ဝမှုနှင့် စနစ်တကျလိုက်နာကျင့်သုံးမှု တိုးတက်မြင့်မားလာသည်နှင့်အမျှ စီးပွားရေးအရ နစ်နာဆုံးရှံးမှုကို လျှော့ချနိုင်မည်ဖြစ်ပါ၍ ဝိုင်းဝန်းကြိုးပမ်းပေးကြရန် ဆွေးနွေးပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆိုင်းရော်က ပိုးသတ်ဆေးဥပဒေပြဋ္ဌာန်းခြင်း၊ ပိုးသတ်ဆေးဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ပိုးသတ်ဆေးဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲရသည့် အကြောင်းရင်းများနှင့် လုပ်ထုံးလုပ်နည်းများ၊ ယခင်ဥပဒေနှင့် ကွာခြားချက်များ၊ ပိုးသတ်ဆေးဥပဒေအသစ်၏ အားသာချက်၊ ရည်ရွယ်ချက်များ၊ ပိုးသတ်ဆေးနည်းပညာကော်မတီနှင့် ပိုးသတ်ဆေးမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များ၊ (၄၅)ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင် အစည်းအဝေးအထိ မှတ်ပုံတင်ခွင့်ပြုသည့် ပိုးသတ်ဆေးအမျိုးအစား များကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်ဝေနိုင်က ပိုးသတ်ဆေးသမိုင်း ကြောင်း၊ DDT ဒြပ်ပေါင်း၏ ပိုးသတ်ဆေးအာနိသင်ရှိမှုကို ရှာဖွေတွေ့ရှိခြင်း၊ DDT ပိုးသတ်ဆေးကို အသုံးပြုခြင်း(၁၉၄၀-၁၉၅၀)၊ ပိုးသတ်ဆေးကြောင့် ပတ်ဝန်းကျင်ဆိုင်ရာညစ်ညမ်းမှုများ၊ ပိုးသတ်ဆေး ဓာတ်ကြွင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ပိုးသတ်ဆေးဓာတ်ကြွင်းပြဿနာများ၊ ပိုးသတ်ဆေးဓာတ်ကြွင်း လျှော့ချသည့် နည်းလမ်းများကိုလည်းကောင်း ဆွေးနွေးပို့ချကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ ပညာရှင်များနှင့် သုတေသီများ၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ တောင်သူများတက်ရောက်ကြပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ဒေသအသီးသီးမှ ပညာရှင်နှင့် တောင်သူ ၁၉၆ ဦးတို့က zoon point ၁၀၀ မှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

13.07.2025
photo

ပြည်တွင်း၌ တည်ထောင်ပြီးစက်မှုဇုန်များတွင် စက်မှုလုပ်ငန်းပေါင်း ၈၀၃၅ ခုရှိပြီး လုပ်သားပေါင်း ၅၅၆၀၀၉ ဦးခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိ

07/13/2025

နေပြည်တော် ဇူလိုင် ၁၂

စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီမှ ကျင်းပသည့် စက်မှုဇုန် ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်တောင်ကြီး(အေးသာယာ) စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ရှမ်းပြည်နယ် စက်မှုဇုန်များဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တောင်ကြီး (အေးသာယာ)စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက ပြည်တွင်း၌တည်ထောင်ပြီး စက်မှုဇုန် ၂၈ ဇုန်၊ စက်မှုရပ်ကွက် ငါးခုနှင့် ဆောင်ရွက်ဆဲ စက်မှုဇုန်စီမံကိန်းနှစ်ခုရှိကြောင်း၊ တည်ထောင်ပြီး စက်မှုဇုန်များတွင် အငယ်စား၊ အလတ်စားနှင့် အကြီးစားစက်မှုလုပ်ငန်းပေါင်း ၈၀၃၅ ခုရှိပြီး လုပ်သားပေါင်း ၅၅၆၀၀၉ဦးခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိကြောင်း၊ တည်ထောင်ပြီးဖြစ်သည့် စက်မှုဇုန်များနှင့် စက်မှုဇုန်အသစ်များကို စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စက်မှုဇုန်ဥပဒေကို ၂၀၂၀ ပြည့်နှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း။

စက်မှုဇုန် နည်းဥပဒေများကိုလည်း ၂၀၂၄ ခုနှစ်တွင် အတည်ပြုထုတ်ပြန်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်၏ ပြည်ပပို့ကုန်မြှင့်တင်ရေးနှင့် သွင်းကုန်အစားထိုးစက်မှုထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပြည်တွင်းစက်မှုဇုန်များသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသဖြင့် တည်ထောင်ပြီး စက်မှုဇုန်များကို စနစ်တကျဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဝိုင်းဝန်းအားပေးမြှင့်တင်ခြင်းနှင့် ကြပ်မတ်ထိန်းကျောင်းခြင်းတို့ကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

လှည့်လည်အားပေး

ဆက်လက်၍ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီးက ပြည်နယ်အတွင်းရှိ စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းဆွေးနွေးပြီး ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက ခင်းကျင်းပြထားသည့် MSME ထုတ်ကုန်ပစ္စည်းများကို လှည့်လည်အားပေးကြည့်ရှုသည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍လည်းကောင်း၊ တောင်ကြီး(အေးသာယာ) စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်က စက်မှုဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

13.07.2025
photo

မြန်မာ - ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား မကြာမီကာလအတွင်း တည်ဆောက်ပြီးစီးမည် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် တံတားတည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

07/13/2025

နေပြည်တော် ဇူလိုင် ၁၂

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့သည် ယနေ့တွင် မြန်မာ - ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဖြင့် တည်ဆောက်နေသော မြန်မာ - ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားတည်ဆောက်ရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံတားတည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်၏ ရန်ကုန်ဘက်ခြမ်းသို့သွားရောက်၍ ဘုန်းကြီးလမ်းတစ်လျှောက် ချဉ်းကပ်တံတား တစ်ဖက်တစ်ချက်တွင် ပတ်ဝန်းကျင်လူနေအိမ်ရာများအတွက် မော်တော်ယာဉ်များ၏ ဆူညံသံများ အနှောင့်အယှက်မဖြစ်စေရေး အသံထိန်းနံရံများ (Noise Barrier) တပ်ဆင်ပြီးစီးမှုအခြေအနေ၊ ပင်မတံတားနှင့်ဆုံသည့်နေရာ၌ ပင်မတံတားတွဲဆက်နိုင်ရန် ကြိုးဆိုင်းများတပ်ဆင်ပြီးစီးမှု၊ နောက်ဆုံးအဆင့် တံတားတွဲဆက်ခြင်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်နေမှုနှင့် ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေတို့ကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လုပ်ငန်းလိုအပ်ချက်များမှာကြားပြီး လုပ်ငန်းခွင်အတွင်း အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ကမ်းနားလမ်း ဆင်ခြေလျှောတံတားနှစ်စင်းအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့က လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တံတားတည်ဆောက်ရေး စီမံကိန်းသည် ပြည်သူများသွားလာရေးအဆင်ပြေစေရန် အကျိုးပြုသည့် လုပ်ငန်းဖြစ်၍ သတ်မှတ်ချိန်အတွင်း ပြီးစီးစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ ရေလယ်တာဝါတိုင် လုပ်ငန်းများနှင့် ရေလယ်ပင်မတံတားချိတ်ဆက်ခြင်း Segment များ တပ်ဆင်ဆောင်ရွက်ရာတွင် ရေလမ်းကြောင်းမှ သွားလာနေသော ရေယာဉ်များအန္တရာယ်မရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်၊ တံတားနှင့် ချဉ်းကပ်လမ်းများ၌ လမ်းညွှန်နှင့် လမ်းအမှတ်အသားများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်ထားသည့် သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ရေရှည်တည်တံ့ခိုင်မြဲရေး

ယင်းနောက် ဒလဘက်ခြမ်းရှိ ပင်မတံတားရေလယ်တာဝါတိုင် (Pylon – 1) သို့ ရေယာဉ်များ ဖြင့်သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ဒလဘက်ကမ်း ချဉ်းကပ်တံတားဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ တံတားအသုံးပြုခကောက်ခံရေးစခန်း (Toll Plaza) တည်ဆောက်နေမှုအခြေအနေ၊ တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းရေး အဆောက်အအုံဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

မြန်မာ - ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားကိုတန်ချိန် ၁၅၀၀၀ ရှိသည့် ပင်လယ်ကူးသင်္ဘောကြီးများနှင့် ပြည်တွင်းရေကြောင်းသွား သင်္ဘောကြီးများ ဖြတ်သန်းအသုံးပြုနိုင်ရန် တံတားကင်းလွတ်အမြင့် ပေ ၁၆၀ နှင့် အကျယ် ၉၉၈ ပေထားရှိပြီး ချဉ်းကပ်တံတားနှင့် ဆင်ခြေလျှောတံတားများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ တွက်ချက်တည်ဆောက်ထားကြောင်း သိရသည်။

မြန်မာ - ကိုရီးယားချစ်ကြည် ရေး(ဒလ) တံတားသည် မကြာမီကာလအတွင်း တည်ဆောက်ပြီးစီးမည်ဖြစ်၍ တံတားကြီးပြီးစီးပါက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များသို့ လည်းကောင်း၊ ဒေးဒရဲမှတစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေဒေသများအပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့များသို့ လွယ်ကူအဆင်ပြေစွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည်။

သတင်းစဉ်

13.07.2025
photo

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ

07/11/2025

နေပြည်တော် ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဝတ်အထည်များ ပေးအပ်ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီးမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက မြိတ်မြို့ရှိနယ်မြေခံတပ်နယ်ခန်းမ၌ တွေ့ဆုံ၍ အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

12.07.2025