
မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် (၇၀) ပြည့်အထိမ်းအမှတ် အခါသမယတွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန်အလှန်ပေးပို့
07/12/2025
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၂ ရက်တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် (၇၀) ပြည့်အထိမ်းအမှတ် အခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက်ပရယ်ဘိုရိုနစ်နိုရိုဒွန် သီဟာမိုနီ၊ ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒက်အာခါ မိုဟာဆီနာပါတိုင်းတဲ့ချို ဟွန်ဆင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်မဟာပဝရဓိပတိ ဟွန်မာနိုက်တို့သည်လည်းကောင်း၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရက်ဆုတ်ခ်ခွန်းတို့သည်လည်းကောင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးအပြန်အလှန်ပေးပို့ခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။

ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
07/12/2025
နေပြည်တော် ဇူလိုင် ၁၁
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ပြည်နယ် ခြောက်ခုတို့တွင် ယနေ့အထိ သေဆုံးသူ ၃၇၇၀၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၃၈ ဦး ရှိသည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေဖြင့် ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေ ကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၄၈ ဦးအား ရှာဖွေပေးနိုင်ခဲ့သည်။
ဘေးသင့်ပြည်သူများသို့ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင် အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းမှုများအတွက် ဆက်လက်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
သတင်းစဉ်

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေး လုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပ
07/11/2025
နေပြည်တော် ဇူလိုင် ၁၀
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။
အစည်းအဝေးသို့လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ချေးငွေ အတိုး၊ အရင်းမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်းများမှ ငလျင်ဘေးဒဏ် အမှန်တကယ်ထိခိုက်ခံစားခဲ့ရသည့် ကုမ္ပဏီ/လုပ်ငန်းများကို ချန်လှပ်၍ ကျန်လုပ်ငန်းများကို စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူရန်ကိစ္စ၊ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးကဏ္ဍနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍတို့သည် ချေးငွေသက်တမ်းကာလ ပြည့်မြောက်နေပြီဖြစ်သည့်အတွက် ချေးငွေများပြန်လည်ကောက်ခံရန်ကိစ္စ၊ နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေနှင့် အထွေထွေပိုလျှံရန်ပုံငွေသို့ ပြန်လည်ကောက်ခံရရှိမှုနှင့် ပေးသွင်းပြီးစီးမှုအခြေအနေ၊ ပေးဆပ်ရန်ကျန်ရှိမှုကိစ္စတို့ကို ဆွေးနွေးသည်။
ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ချေးငွေစိစစ်ကြပ်မတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်နယ်/တိုင်းဒေသကြီးအလိုက် ကိုဗစ်-၁၉ ရန်ပုံငွ မှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/လုပ်ငန်းများမှ အတိုး၊ အရင်းကောက်ခံရရှိမှုနှင့် သက်ဆိုင်ရာဌာနများ၊ ချေးငွေကြီးကြပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုအခြေအနေများနှင့် ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်သူများကို စီမံခန့်ခွဲမှုနည်းလမ်းဖြင့် အရေးယူဆောင်ရွက်နိုင်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ချေးငွေပြန်လည်ပေးဆပ်မှုမရှိသည့် ကုမ္ပဏီ/ လုပ်ငန်းများနှင့်စပ်လျဉ်း၍ကော်မတီက စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ သက်တမ်းစေ့ပြီး ချေးငွေပြန်လည်ကောက်ခံရေးအစီအစဉ်နှင့် လုပ်ထုံးလုပ်နည်းများ၊ ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်များကို နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုရန် တောင်းဆို
07/11/2025
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၅၉ ကြိမ်မြောက် အစည်းအဝေးအတွင်း မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာများ၊ အပြန်အလှန်ဆွေးနွေးမှုနှင့် ပကတိမြေပြင်အခြေအနေမှန်များနှင့် လုံးဝကိုက်ညီ ခြင်းမရှိဘဲ နိုင်ငံရေးအရလိုရာဆွဲပုံဖော်ထားသည့် ဆုံးဖြတ်ချက် အဆိုတို့ကို မြန်မာအစိုးရ၏ ကိုယ်စားလှယ်ပါဝင်ခြင်းမရှိဘဲ တစ်ဖက်သတ် ဆွေးနွေးအတည်ပြုခဲ့ကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံ၌ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်နေချိန်တွင် တစ်ဖက်တွင်လည်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီလုပ်ငန်းစဉ်ဟုဆိုရာတွင် ရွေးကောက်ပွဲသည် မရှိမဖြစ် လုပ်ငန်းစဉ်တစ်ခုဖြစ်၍ လွတ်လပ်၍ တရားမျှတပွင့်လင်းမြင်သာ သော ရွေးကောက်ပွဲကို အလေးထားဆောင်ရွက်ရန် ကတိကဝတ်လည်း ထားရှိပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် လက်နက်ကိုင်အဖွဲ့များကို နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရေးအတွက် ၎င်းတို့အား တရားဥပဒေဘောင်အတွင်းသို့ဝင်ရောက်ရန် ကမ်းလှမ်းထားပြီးဖြစ်သည်။
ယခုအခါ နိုင်ငံတွင်း၌ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် သက်ဆိုင်သူများပါဝင်သော စီးပွားရေးဖိုရမ်များ၊ ငြိမ်းချမ်းရေးဖိုရမ်များကျင်းပ၍ အကောင်းဆုံးသောနည်းလမ်းများကို ဖော်ထုတ်ဆောင်ရွက်လျက်ရှိနေသည်မှာ ပကတိဖြစ်ရပ်များပင်ဖြစ်ပါသည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ဖော်ပြပါအပြုသဘောလုပ်ငန်းစဉ်များကို ကုလသမဂ္ဂအနေဖြင့် တစ်စုံတစ်ရာ အသိအမှတ်ပြုခြင်းမရှိသည်မှာ အထူးစိတ်ပျက် ဖွယ်ရာပင်ဖြစ်သည်။ ဤလုပ်ရပ်များသည် ကုလသမဂ္ဂ၏ မျှတမှု၊ ဘက်မလိုက်မှု၊ အဖွဲ့ဝင်နိုင်ငံများ၏ အခွင့်အရေးကို လေးစားမှုနှင့် ပွင့်လင်းမြင်သာမှု စသည့်စံနှုန်းများကို သွေဖည်ဆန့်ကျင်လျက်ရှိသည်။
ကုလသမဂ္ဂအနေဖြင့် ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များ၊ ကပ်ရောဂါဘေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးဖွံ့ဖြိုးတက်ရေး အရေးကြီးကိစ္စရပ်များ ဦးစားပေးဖြေရှင်းရမည့်အစား နိုင်ငံ တစ်နိုင်ငံအပေါ် ပစ်မှတ်ထားဆောင်ရွက်မှုများသည် ကုလသမဂ္ဂအပေါ် အဖွဲ့ဝင်နိုင်ငံများ၏ ယုံကြည်မှုကို လျော့ကျစေမည်ဖြစ် သည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကုလသမဂ္ဂ၏ ပဋိညာဉ်စာတမ်းပါအခြေခံမူများကို ဆက်လက်လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့မှုနှင့် နိုင်ငံ့အရေးကိစ္စတို့ကို မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ် ဆောင်ရွက်မှုများအား အသိအမှတ်ပြု၍ ပူးပေါင်းပါဝင်ရန် တိုက်တွန်းသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်